ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဗိုလ်ချုပ် အောင်ဆန်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လမ်းညွှန်ချက်....

ဗိုလ်ချုပ် အောင်ဆန်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လမ်းညွှန်ချက်


ဒီမိုကရေစီ ဝါဒ၊ ဒီမိုကရေစီ စနစ်၊ ဒီမိုကရေစီ တရားတွေ ခေတ်စား နေတဲ့ ဒီကမ္ဘာကြီးမှာ ဒီမိုကရေစီ သဘောထား မထား နိုင်တဲ့ နယ်ဟာ အနှေးနှင့် အမြန် အဲသည် နယ်မှာ ရှိတဲ့ လူတွေ နိုးကြား လာပြီး သည်လို ကမ္ဘာကြီးရဲ့ သဘောတရား တွေနှင့် ဖြစ်ပျက် နေတဲ့ခေတ် သဘော တရားတွေနှင့် ဆန့်ကျင်ဘက် သဘောတရား တွေကို တွန်းလှန် ပစ်ကြ မှာပဲ ဆိုတာ ကျွန်တော် နိမိတ် ဖတ်ထား ချင်တယ်။

ကျွန်တော်တို့ အဖို့ မှာတော့ မင်းဆိုလို့ ရှိလျှင် တိုင်းသူ ပြည်သား လုပ်တဲ့ လူတွေက အရမ်း လွှတ်ထား အပ်တဲ့ လူတွေ မဟုတ်ဘူး။ အချုပ်အချယ် ရှိတန် သလောက် ရှိသင့်တယ်။

[Gen_Aung_San3.jpg]

(မင်း) အစိုးရ တို့ဟာ အချုပ်အချာ အာဏာကို၊ ပိုင်ထားတဲ့ နိုင်ငံသူ နိုင်ငံသား တွေက မလိုချင်တဲ့ အခါမှာ မလိုတဲ့ အလျောက် တားဆီး နိုင်တဲ့ အခြေအနေမျိုး ရှိရမယ်။

နိုင်ငံရေးမှာ ဆိုလို့ ရှိရင် ဘယ်သူ ကတော့ဖြင့် မဲမရထိုက်ဘူး၊ ဘယ်သူ ကတော့ဖြင့် မဲ ရထိုက်တယ် စသည်ဖြင့် နိုင်ငံရေး ညှင်းဆဲမှုတွေ ချုပ်ချယ်မှုတွေ မရှိစေ ရဘူး။ နောက်ပြီးတော့ ဘယ်သူဟာ ဘယ်လို ရာထူး မျိုးကို မရစေ ရဘူး၊ ဘယ်သူက သာလျှင် ရရမယ် ဆိုတဲ့ အဲဒီလို ချုပ်ချယ်မှု တွေဟာ နိုင်ငံရေး တရား မျှတမှုကို ထိခိုက်တယ်။

[bojyoke+aungsan+(6).jpg]

ကျွန်တော်တို့ လိုချင်တာ ကတော့ နိုင်ငံကြီး နှစ်နိုင်ငံ အကြားမှာ နယ်နိမိတ် ခြားပေးရုံလောက် ဖြစ်တဲ့ (Buffer State) မျိုးလို နယ်ခြား နိုင်ငံ ကလေးမျိုးလည်း မဖြစ်ချင်ဘူး။ နောက်ပြီးတော့ နိုင်ငံကြီး တနိုင်ငံရဲ့ သြဇ လွှမ်းမိုးမှု အထူးတလည် ခံရတဲ့ (Vassal State) မျိုးလည်း မဖြစ်ချင်ဘူး။ ကျွန်တော်တို့ ဖြစ်ချင်တာ ကတော့ ဆန်မရှိ စောက်စားကြီးဘဲ ခေါ်ခေါ် (ရယ်သံများ) ကျွန်တော်တို့ ဖြစ်ချင်တဲ့ နိုင်ငံတော့ လွတ်လပ်ပြီး အချုပ်အချာ အာဏာပိုင်တဲ့ နိုင်ငံတော် ဖြစ်ချင်တယ်။

ကျွန်တော်တို့ ကတော့ ကျွန်တော် ကတော့ ကျွန်တော်တို့ သဘော အရ ပြဋ္ဌာန်း ထားတဲ့ အတိုင်း သွားမှာပဲ။ အဲသည်လို သွားတဲ့ အခါ မှာလည်း ဘယ်လို အခက်အခဲ တွေနှင့် တွေ့နေ တွေ့နေ အခက်အခဲ တွေကို ကျော်နင်းပြီး သွားမယ်။ ချောက်လျှင်လည်းကျွန်တော်တို့ မကြောက်ဘူး။ မြှောက်လျှင်လည်း မမြှောက်ဘူး။ ချော့လျှင်လည်း မပျော့ဘူး။ လမ်းမှန် အတိုင်း မှန်မှန် သွားမယ်။ ကျွန်တော်တို့ လိုလားတဲ့ ပန်းတိုင် ထိအောင် ကျွန်တော်တို့ သွားမယ်။

၁၉၄၇ ခု၊ ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသည် တိုင်းပြုပြည်ပြု လွတ်တော် အစည်းအဝေး စတုတ္ထနေ့တွင် အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း တင်သွင်းခဲ့တဲ့ "လွတ်လပ်သည့် အချုပ်အချာ အာဏာပိုင် မြန်မာ နိုင်ငံတော် အတွက် ရေးဆွဲရမည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန် ပြဋ္ဌာန်းချက် ၇ ချက်"မှကောက်နုတ်ချက်

စုဆောင်းထုတ်နုတ်သူ... ဘလော့ခ်ဂါ အလင်းဆက်

၁.ဇူလိုင်လ. ၂၀၁၀

အကျယ်လေ့လာလိုလျှင် PDF ဖိုင်တွင်ဖတ်ပါ။
ဗိုလ်ချုပ် အောင်ဆန်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လမ်းညွှန်ချက်

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည် သူရဲကောင်း များကို လေးစား ကြည်ညိုသော အားဖြင့် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။