ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်ပြည်က လာတဲ့စာ.....


ဦးဒီမိုရေ

မြန်မာပြည်ကလာတဲ့စာတွေ ဖတ်ရလို့ ကျွန်တော်လည်း အခုလက်ရှိနေတဲ့ နေရာက အခြေအနေလေးကို ရေးသားပေးပို့လိုက်ပါတယ်။ ဦးဒီမိုတို့နေတဲ့ တိုကျို မှာတော့မိုးသိပ်မရွာပဲ မိုးရာသီ ကုန်တော့မယ်လို့ မိုးလေ၀သက ကြော်ငြာပေမယ့် ကျွန်တော်တို့နေတဲ့ ကျွန်းမှာတော့ မိုးကကောင်းလိုက်တာ ဗျာ… မနှစ်က လည်း ဒီအချိန်ပေါ့ ကျွန်တော်တို့ နေတဲ့ကျွန်းမှာ ရှင်ကန်စင်(ကျည်ဆန်ရထား) တွေတောင်ရပ်ပီး Honshuu ကျွန်းပေါ်က ရာမဂုချိ ပြည်နယ်မှာ မိုးတွေကောင်းပြီးမြေတွေပြို နောက်ပီး ဘိုးဘွားရိပ်သာ တစ်ခု လုံးနီးပါး မြေပြိုတဲ့ ဆီ ပါသွားတာ ဒီနှစ်လည်း မိုးတွေ များလိုက်တာ ဗျာ…။

ကျွန်တော်တို့ကျွန်းက ၂ နှစ်ဆက်တိုက်ရှိပြီ .... မိုးကောင်းနေတာ ဒီနေ့ ဆို ၁နာရီ 100mm ဆိုပီး ရွာလိုက်တာ နာရီဝက်လောက်နဲ့ ကျွန်တော်တို့နေတဲ့နားကမြို့Shoutengai (ဈေးဆိုင်များ) ရေတွေ ဖုံးသွားပါရော.. ကျွန်တော်တို့ နေတဲ့ မြို့ ကိုလည်း ရဲတွေ မီးသတ်တွေ ကားနဲ့ ပတ်လှည့် နေကြပြီးပြည်သူတွေ ကို လိုက်လံကြည့့် ရှုနေကြလေရဲ့.... Rescue အဖွဲ့တွေ ကလည်း ဟယ်လီကော်ပတာ တွေနဲ့ပတ်နေလိုက်ကြပြီး ရေထဲ မှာမျောသွားတဲ့ တောင်စောင်းမှာနေတဲ့ သူတွေ ကို ရွှေ့ ပြောင်းပေးဖို့ လုပ်နေလိုက်ကြတာ... တီဗီတွေထဲ မှာလည်း Chuui jouhou (သတိပေး လွှင့်ထုတ်ချက်) တွေနဲ့တောက်လျှောက် ပြပေးနေလိုက်တာ မနှစ်က ဆို ကျွန်တော်တို့ မြို့နယ်ဘေးက မြို့ခံလူတွေ ကို မိုးရေချိန် များမှာမို့လို့သက်ဆိုင်ရာ မူလတန်းကျောင်းတွေ ကို ရွှေ့နေပေးဖို့ သတိတွေပေးလို့ ကျွန်တော့် သူငယ်ချင်းတောင် ရွှေ့ပြီးနေရသေးတယ်။ မူလတန်းကျောင်းမှာ ညဘက် ဂျပန်လူမျိုးတွေက ကျွန်တော်တို့နိုင်ငံမှာ ဖြစ်သွားတဲ့ နာဂစ်တုန်း ကအကြောင်းတောင် မေးလို့ သူက ဂျပန်လို သိပ်မရှင်းပြတတ်လို့ သိပ်မပြောပြတတ်ခဲ့ ဘူးဆိုပီး ကျွန်တော့် ကိုပြောပြပါသေးတယ်။

ဒီမှာ ရာသီဥတု အလွန်ဆိုးရွားပီး အန္တရာယ်ရှိနိုင်တဲ့ အခြေအနေရောက်ရင် ဘယ်လို ရင်ဆိုင်ရမယ် .. ဆိုတာတွေကို ခလေးကအစ သင်ပေးထားတဲ့ အခါကြတော့ အားလုံးက နားလည်နေကြပြီ .. ဂျပန်ကိုးလို့  ပြောလို့ ရပေမယ့် ဦးဒီမိုရေ ကျွန်တော် တို့ နိုင်ငံခြားသား ကျောင်းသားတွေကို မြို့ နယ်တွေက ငလျှင်လုပ်ရင် ဂတ်စ် မီးဖိုကို အရင်ဆုံး ပိတ်ပီးနေရမယ် ဘယ်လိုနေရာမျိုးမှာ နေရမယ် .. မုန်တိုင်းတိုက်ရင် ဘယ်လို ပစ္စည်းမျိုးတွေ ကို ဘယ်လို ပုံစံနဲ့ဂရုစိုက်ရမယ် ဆိုတာကိုယ် သင်ပေးတယ် ... ကျွန်တော် ဒါတွေကို မြင်ရတော့ ကျွန်တော်တို့ ရန်ကုန်မှာ နာဂစ်တိုက်တဲ့ နေ့ကို မမေ့ဘူးဗျာ... ကျွန်တော် ရန်ကုန်ကမလာခင်မှာ ကျွန်တော့်ကို အခု ဂျပန်ကိုခေါ်ထားပေးတဲ့ မိတ်ဆွေ ရန်ကုန်ကိုလာလည်တယ်။

ကျွန်တော့် ဦးလေးနဲ့ သူနဲ့က မုန်တိုင်းမ၀င်ခင် တစ်ရက်လောက်ကတည်းက တောင်ကြီးကို ခရီးသွားနေကြတယ်။ ကျွန်တော် တို့ အဲ့ဒီ့ နေ ညနေ ၃း၀၀လောက် မှာ မိုးတွေစရွာတယ် ဂျပန်မှာနေခဲ့ဘူးတဲ့ အဒေါ်က သတင်းကိုယ်နားထောင်ပြီး ကျွန်တော့်ကိုပြန်လာဖို့ပြောတယ်။ နောက်ပြီးကျွန်တော်တို့ အင်တာနက် Moderm ကို မဖွင့်ဖို့ လျှပ်စီးတွေကလည်း လက်နေတာကိုး မီးကြိုး အချင်းချင်းတွေ ရိုက်နေကြတော့ ရှော့ကိုကြောက်လို့ ဆိုပြီးဂျပန်မှာနေဘူးတဲ့ အဒေါ်က ဒီနာဂစ်ရဲ့ လေတိုက်နှုန်းကို တအားကြောက်ဖို့ကောင်းတဲ့ လေတိုက်နှုန်း အိမ်တွေဘာတွေတောင် အခန့်မသင့်ရင် ပြိုနိုင်တယ်လို့ပြောပါတယ် ..... အစိုးရ က ဘာလို့သတင်းကနေ ဘာတွေ ဘယ်လို လုပ်ရမယ် လူတွေဘယ်မှာနေရမယ်.. ကားတွေ ဘယ်လို ထားရမယ် စတာတွေကို သတိပေးမယ့် မီဒီယာမရှိ ရပ်ကွက်ထဲ လိုက်ြပီးအော်မယ့် သူမရှိ ဘာသတင်းမှ မထုတ်ပြန်ဘာမှ မလုပ်ပေးဘူး လူ့အသက်ကို တန်ဘိုးမထားတာလေ...

သူတို့ တွေအဲ့လိုသာ မပြောတာ လူ့ အသက်ထက် တန်ဖိုးရှိနေတဲ့ သူတို့ လေယာဉ်တွေကို မန္တလေးလေဆိပ်ကို ကြိုပီးရွှေ့တာတွေကို အဲဒီ့လေဆိပ်မှာ အလုပ်လုပ်တဲ့ သူငယ်ချင်းဆီကနေ.. ဖုန်းဝင်လာတော့အတော်ကို စိတ်ကို မကောင်း ဖြစ်လိုက်ရတာ။ နာဂစ်ဝင်မွှေသွားတဲ့နေ့က အဲ့ဒီနေ့က တစ်အိမ်လုံးလည်း ဗျောင်းဆန်နေတာပေါ့...။ မနက်မိုးလင်းလို့ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်တော့ ချို့ချို့တဲ့တဲ့ သူတွေ အိမ်တွေပျောက် မိုးရေထဲမှာ ငုတ်တုတ်ပေါ့... အရမ်းသနားဖို့ကောင်းတာ..။ ရန်ကုန်မြို့က ရုပ်ရှင်ထဲကလို ဂြိုလ်သားတွေ လာတိုက်လို့ မြို့တစ်စစီ ကျန်ခဲ့တဲ့ ပုံစံလေ။

ဦးဒီမိုရေ ကျွန်တော်ပြောချင်တာကတော့ အဲ့ဒီတုန်းက ကျွန်တော်တို့ နေတဲ့ ဗိုလ်တစ်ထောင်ြမို့နယ် မယကဥက္ကဋ္ဌနဲ့ ဗိုလ်မှုးတစ်ဦးရဲ့ ညံ့ဖျင်းတဲ့ စိတ်ဓာတ် အကြောင်းပါ..။ ကျွန်တော့် မျက်မြင်ကြုံခဲ့ရတာလေ... မုန်တိုင်းပြီးလို့ ပျက်ဆီးသွားတဲ့ အိမ်တွေအတွက် အစိုးရဈေးနဲ့ သွပ်တွေချပေးပါတယ်။ သွပ်ရဖို့ အတွက် အိမ်အပေါ်ထပ်မှာနေတဲ့ သူတွေ အများစုက အစိုးရဈေးနဲ့ သွပ်ရဖို့ သွပ်သွားလျှောက်ကြတယ်...။ ဖြစ်ချင်တော့ ကျွန်တော့် မိတ်ဆွေ အိမ်အပေါ်ဆုံး ထပ်မှာနေတဲ့သူက သွပ်လာလျှောက်ပါတယ်။ သူကအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ လျှောက်ပေမယ့် သွပ်မရဘူးဖြစ်နေတာ... အဲ့ဒါနဲ့ စုံစမ်းကြည့်တော့ သူ့ရှေ့က တစ်တိုက်တည်း သူတို့ အောက်ဆုံးထပ်မှာ နေတဲ့ဗိုလ်မှုးက သွပ်လျှောက်တာရပြီး သူက မရဘူးလေ...။ မအပ်စပ်လိုက်တာကတော့ ဘုန်းကြီးနဲ့ဘီးလိုပါပဲ...။ စဉ်းစားကြည့်ဦးဒီမို တိုက်ရဲ့ အောက်ဆုံးထပ်မှာ နေတဲ့သူက ဘယ်နေရာက သွပ်လန်သွားပြီး ဘာအတွက် သွပ်လာလျှောက်ရတာလဲ... နောက်ရိုးရိုးသာမာန် လူတွေအမှန်အတိုင်း လျှောက်တာ မရပဲ အိမ်အောက်ဆုံးထပ်မှာ နေတဲ့ လက်ရှိ(In Service) ဗိုလ်မှုးက သွပ်ရသွားတယ်။ အဲ့ဒီမှာ ပြဿနာတွေ တက်ကြတာ... မယက ရုံးထဲမှာလေ စကားတွေများကြတာပေါ့ .. နောက်တစ်တိုက်တည်း နေတဲ့သူတွေ ပြဿနာတက်ကြတာ ... ။

နောက်ပြည်သူတွေက သွပ်ရဖို့ အရေး စောင့်လိုက်ရတာ တစ်နေကုန် သူတို့ စစ်တပ်နဲ့ ပတ်သတ်တဲ့ သူတွေကျတော့ လက်မှတ်လေး၊ စာလေးပြလိုက်တာနဲ့ ချက်ချင်းထုတ်လို့ရတယ်လေ.. နောက်စာရင်းလိမ်တာ သွပ်၁၀၀ ပေးတာကို ၂၀၀ ရပါတယ်ဆိုပြီး စားရင်းလိမ်ရေးခိုင်းပါတယ်။ အဲ့ဒီအချိန်မှာ သွပ်ကအရေးတကြီး လိုအပ်နေတဲ့ အတွက်... လူတွေလည်း ဘာမှမပြောပဲ ထိုးပေးလိုက်ကြတာပေါ့။ နောက်အစိုးရဈေးနဲ့ ရတာတောင် ဝယ်ခွင့်ရသူတွေက သွပ်တစ်ချပ်ကို ဘယ်လောက်ဆိုပြီး မယကကို လာဘ်ထိုးခဲ့ရတယ် .. ဦးဒီမိုရေ.....။ ကျန်တဲ့ မသမာမှုတွေကတော့ ကမ္ဘာသိဆိုတော့ မပြောတော့ပါဘူး ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ စစ်တပ်ကရထူးနဲ့ ပခုံးပေါ်မှာ အရောင်လက်နေတဲ့ ပုဂ္ဂိုလ်တွေဆို အစစ်အဆေး အမေးအမြန်းမရှိ ...ပေါ့။ နောက်ပြီး အံ့သြတာကတော့ ရာထူးဂုဏ်ရှိတဲ့ ဒီဗိုလ်မှုးဆိုတဲ့ ပုဂ္ဂိုလ်က ရလေလိုလေ အိုတစ္ဆေ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဂရုဏာ မေတ္တာ မထားနိုင်ပဲ သွပ်တွေကို လိမ်လည် ထုတ်ယူသွားတာကတော့ အင်မတန်ဆိုးရွားလွန်းတဲ့ လုပ်ရပ်ပါပဲ။

ဦးဒီမိုရေ ဒါကတော့ ကျွန်တော်တို့ နိုင်ငံအကြောင်း ကျွန်တော် မျက်မြင်ကိုယ်တွေ့လေးကို ဦးဒီမိုရဲ့ မြန်မာပြည်ကလာတဲ့စာကို ဖတ်ရှူနေတဲ့ စာဖတ် ပရိဿတ်တစ်ယောက် အနေနဲ့ ဂျပန်ပြည်က အခြေအနေလေးတွေကို နှိုင်းယှဉ်ဖော်ပြပေးလိုက်တာပါ။

လေးစားလျှက်

မြန်မာပြည်မှ လာတဲ့ကျောင်းသားတစ်ဦး...

ဂျပန်နိုင်ငံမှာတော့ မိုးရာသီကုန်ဆုံးသွားပါပြီ.... နှစ်စဉ် မိုးရာသီမှာ မြေပြို ရေကြီးမှုတွေ စတဲ့ သဘာဝဘေး အန္တရယ်တွေ ကြုံ့တွေ့နေရပေမယ့်လည်း အတတ်နိုင်ဆုံး လူအသေအပျောက် နည်းအောင် သဘာဝဘေး အန္တရယ်တွေကို ရင်ဆိုင်ကာကွယ်ရင်း လူ့အသက်တွေကို အင်မတန် တန်ဘိုးထားကြပါတယ်။ မြန်မာပြည်က ကျောင်းသားရေ နာဂစ်မှာ လူ့အသက်တန်ဘိုး အလေးမထားတဲ့ အပြင် ဆာလောင်မွတ်သိပ် သူတွေဆီကတောင် ပြန်လုစားခဲ့ကြတာပါ.... ဒါတွေကို ကမ္ဘာကတောင် အံ့သြရတဲ့ အာဏာရှင်တွေရဲ့ ရက်စက် ယုတ်မာမှုတွေ ပါပဲ။ ရှေ့ဆောင်နွားဆိုးက ဖြောင့်ဖြောင့်မသွားတော့ နောက်ကနွားတွေကလည်း ပေးတဲ့စာမှာ ပါသလိုပဲ ရာထူးအာဏာကို ဗန်းပြပြီး.. သိက္ခာမရှိ စာရိတ္တတွေ ပျက်ဆီးတဲ့ လုပ်ရပ်တွေကို ပေါ်ပေါ်ထင်ထင် လုပ်နေတာပါပဲ။

ယခုလို အားလုံးသိရှိနိုင်အောင် ပေးပို့ပေးတဲ့ ဂျပန်နိုင်ငံရောက် မြန်မာပြည်ကလာတဲ့ ကျောင်းသားတစ်ဦး အား ကျေးဇူးတင်ပါသည်...။