ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေညဝါဆရာတော် အသနားခံစာအား ပယ်ချခဲ့သည့် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလသည်.. ၂၀၀၈ခုနှစ်မဟန(၄၇)ပါးစုံညီ အစည်းအဝေးမှ သတိပေးခြင်း ခံထားရသည့် ဆရာတော်တပါး ဖြစ်ကြောင်းနှင့် သာကေတ ဇိနမာရ်အောင် ဘုရားဝတ္တကမြေကိစ္စ (တိုင်ကြားစာ)

တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလ ဆရာတော်ကြီးသို့ အိတ်ဖွင့်ပေးစာ
ဆရာတော်ဘုရား..

တိုင်းသံဃနာယက အဖွဲ့အတွင်းမှာ သာသနာတော် အကျိုးများကို သဒ္ဒါတရား ထက်ထက် သန်သန် ဆောင်ရွက်နေ၍ အထူးလေးစားပါတယ် ဘုရား။ အရှင်ဘုရား လက်မှတ်နှင့် ရွှေည၀ါဆရာတော်ဘုရား ကိစ္စကိုအဆုံးအဖြတ် ပေးလိုက်တာကိုလည်း ဘုရားတပည့်တော် တွေ့မြင်လိုက်ရပါတယ် ဘုရား။ ဘုရားတပည့်တော်မှ ဆရာတော်ဘုရား ဆုံးဖြတ် ပေးခဲ့ဖူးသော ကိစ္စတစ်ခုကိုလဲ သတိတယ တပည့်ဒကာ၊ ဒကာမများ သာဓုခေါ်နိုင်စေရန် တင်ပြပေးချင်ပါတယ် ဘုရား..။

ဆရာတော်ဘုရားရဲ့ တပည့် ဦးဝါယာမသာရ  (သာသနာ့ဓဇဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ၀ိနယ ပိဋကဥဘ တောဝိဘင်္ဂဓရ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းမှုး၊ ကမ္ဘာအေးကုန်းမြေ) ယခု သာကေတမြို့နယ်၊ မူလကျောက်ချောင်း ကျောင်းဆရာတော်နှင့် သာကေတမြို့နယ် ဇိနမာရ်အောင် စေတီတော်ကိစ္စတွင် ဆရာတော် အဆုံးအဖြတ် ပေးခဲ့တာလေးပါဘုရား။ ဘုရားတပည့်တော်မှာ ထိုကိစ္စကို အစအဆုံးသိခဲ့သော်လည်း၊ သာသနာကိစ္စ ဖြစ်သည့်အပြင် ဆရာတော်များ ဖြစ်သည့်အတွက် သည်းခံရေငုံနှုတ်ပိတ် နေခဲ့ပါတယ်ဘုရား။

သာသနာရေးကိစ္စများကို ဆောင်ရွက်တော်မူနေသော ရွှေည၀ါဆရာတော်ကြီး ကိစ္စတွင် ဆရာတော်ဘုရား၏ လက်မှတ်ကို မြင်ရ၍၊ ဘုရားတပည့်တော် ယခုအခါ ဖွင့်ဟလိုက်ရပါသည် ဘုရား။ ဆရာတော် ဦးဝါယာမသာရမှာ ၂၀၀၇ခုနှစ်တွင်မှ မူလကျောက်ချောင်းကျောင်းကို ရောက်ရှိလာခဲ့ပြီး ကျောင်းဂရန် လုံဝမရှိသည်ကို သာကေတ ဇိနမာရ်အောင် ဂေါပကထံမှ ဘုရားမြေကို တောင်းယူခဲ့ပါတယ် ဘုရား။ ဂေါပကမှဘုရားမြေကို မပေးနိုင်ကြောင်း ဆိုသောအခါ ဂေါပကအဖွဲ့ကို တိုင်စာပို့ပြီး ဖြုတ်ပစ်ရန် ကြိုးစားခဲ့ပါတယ် ဘုရား။ သာကေတ ဇိနမာရ်အောင် ဘုရားမှာ ၁၉၉၃ခုနှစ်ကတည်းက အခွန်လွတ် သာသနာ့ဂရန် မြေပတ္တာစာချုပ်ကို ရရှိထားပြီး ဘုရားဝတ္တက မြေအဖြစ် စာရွက်စာတမ်း ခိုင်ခိုင်မာမာ ရှိခဲ့ပါတယ်ဘုရား။ အရှင်ဘုရားထံသို့လည်း စာရွက်စာတမ်း ပြည့်ပြည့်စုံစုံကို တင်ပြပါလိမ့်မယ် ဘုရား။

ထိုမြေကိစ္စမှာ ဘုရားနယ်နိမိတ် ဆိုသည်မှာ သေချာကြောင်း တိုင်းအိုးအိမ် ဦးစီးဋ္ဌာနမှ အတည်ပြုပြီး မြေတိုင်းအဖွဲ့မှ  ဘုရားတွင် ငုတ်လာရိုက် ပေးခဲ့ပါတယ် ဘုရား။ ဘုရားတပည့်တော်မှာ သာကေတ ဇိနမာရ်အောင် ဘုရားနားတွင် နေထိုင်သော ဒကာဖြစ်သည့်အပြင်၊ ဇိနမာရ်အောင်ဘုရားတွင် အစဉ်အမြဲ လှူဒါန်းနေသော ဒကာတစ်ဦး ဖြစ်ပါတယ် ဘုရား။ ထိုငုတ်လာရိုက်ပေးစဉ် ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရမှ မြေငုတ်ရိုက်ခြင်းကို လက်မခံပဲ (မြေငုတ်ရိုက်ရာတွင် သာကေတမြို့နယ် မြေတိုင်းဋ္ဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး ဦးဝင်းဇော် ခေါင်းဆောင်သော မြေတိုင်းအဖွဲ့၊ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့များ၊ မြို့နယ်အေးချမ်း သာသနာရေးမှုး၊ သာသနာရေးမှုးများ ပါဝင်ကြပါတယ်)။ ကန့်ကွက်ခဲ့တာကိုလဲ မြင်ပါတယ်ဘုရား။ ဘုရားတပည့်တော် ကိုယ်တိုင်လဲကြားခဲ့၊ မြင်ခဲ့ရပါတယ်။ ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရနှင့် အတူထိုစဉ်က မြို့နယ် အေးချမ်းသာယာရေး ဥက္ကဋ္ဌဦးကံစောလှိုင်၊ မြို့မယ်သာသနာရေးမှုး ဦးထွန်းခင်၊ သာကေတမြို့နယ် သံဃနာယက ဥက္ကဋ္ဌနှင့် တိုင်းသာသနာရေးမှုး ဦးကြင်ခိုင်တို့လည်း ထိုမြေပြဿနာ ဖြစ်စဉ်မှာ နောင်သံသရာအတွက် အကုသိုလ် ထုပ်လေးများကို ထုပ်ယူထားကြောင်း ကြားရပါတယ်ဘုရား။

ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရနှင့် ဂေါပကများ မြေအငြင်းပွားနေကြပုံများကို အခွေမှတ်တမ်းများအဖြစ် ဘုရားယောဂီတစ်ဦး ကောင်းမှုကြောင့် ကြည့်ရှုရ၍ ဘုရားတပည့်တော်မှာ အလွန်အမင်း အံ့သြမိပါတယ် ဘုရား။ ဆရာတော်ဘုရားရဲ့ တပည့်ဆရာတော် ဦးဝါယာမသာရမှာ (သာသနာ့ ဓဇဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစက ပဏ္ဍိတ၊ ၀ိနယပိဋက ဥဘတော ၀ိဘင်္ဂဓရ)ဘွဲ့များ ပိုင်ရှင်ဖြစ်သောကြောင့် မြေကိစ္စ အငြင်းပွားခြင်းမှာ မည်မျှအပြစ် ကြီးလေးသည်ကို သိမည် ထင်ပါသည်ဘုရား။

ဆရာတော်ဘုရား (ရွှေညဝါ ဆရာတော်အား အမိန့်လက်မှတ် ထိုးပေးတဲ့ တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော် ဦးကုဏ္ဍလ)နှင့် တပည့်ကြီး ဦးဝါယာမသာရ ဆရာတော်ဘုရားတို့ဟာ ဘုရားသားတော်များ ဖြစ်ကြပြီး၊ မြေကိစ္စကို ဘယ်လိုများ ဆုံးဖြတ်ခဲ့ကြလဲ ဆိုတာကတော့ ဂေါပက အဖွဲ့ဝင်များပဲ သေသေချာချာ သိနိုင်မှာပါဘုရား။ ဂေါကပအဖွဲ့ဝင်များလဲ သက်ရှိထင်ရှား ရှိကြတာမို့ ဆရာတော်ဘုရားများ အပေါ် တပည့်တော်များ စွပ်စွဲခြင်း မဟုတ်ကြောင်း အထောက် အထားများ ပြနိုင်ကြမှာပါ ဘုရား။ ဘုရားတပည့်တော်ဟာ သာကေတမြို့နယ်(၇) အနောက် ရပ်ကွက်တွင် မွေးဖွား ကြီးပြင်းခဲ့တာမို့၊ ဇိနမာရ်အောင် ဘုရားကြီး ဖြစ်တည်ပုံကအစ ယခုကိစ္စများ အထိသိခဲ့၊ မြင်ခဲ့၊ ကြားခဲ့ရသူပါဘုရား။ 

ယခုအခါဘုရားကြီးမြေမှ လမ်းဖောက်ယူပြီး၊ မူလကျောက်ချောင်း ကျောင်းမြေ လုပ်လိုက်သည်ကို တပည့်တော်များမှ နေ့တိုင်း မြင်တွေ့နေရပြီး၊ သာသနာတော်နှင့် ဆရာတော်ကြီးများကို နေ့တိုင်း သာဓုခေါ်ဆို နေရပါတယ်ဘုရား။ ဆရာတော်ဘုရားမှ အဖွဲ့နှင့် ဆုံးဖြတ်ခြင်းမရှိပဲ၊ အတွင်းရေးမှုးအနေနှင့် အာဏာနှင့် လုပ်ဆောင်တတ်၍ (၃၁.၁၀.၂၀၀၈)ရက်နေ့မှ ကျင်းပသော(၄၇)စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ (၁၅/၂၀၀၈)ဖြင့် သတိပေးခံထားရသော စာလေးပါ ကံမကောင်း အကြောင်းမလှစွာ တပည့်တော် လက်ထဲရောက်ရှိ လာပါ၍ တင်ပြပေးလိုက်ပါတယ် ဘုရား။

မဟနဆရာတော်ကြီးများကို တပည့်တော် အံ့သြကြီးစွာ လျှောက်ထားလိုသည်မှာ ၂၀၀၈ခုနှစ်ကတည်းက (၄၇)ပါးစုံညီမှ သတိပေးခြင်း ခံထားရသော ဆရာတော်အား ယခု၂၀၁၂ ခုနှစ်အထိ တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်အဖြစ် ဆက်လက်ထား ရှိနေခြင်းကို ဘုရားတပည့်တော်မှ အထူးလေးစားစွာ သာဓုခေါ်မိပါကြောင်းနှင့် ဆရာတော် ကြီးများကိုယ်တိုင် ယခုဘုရားမြေကို (သာသနာ့ဓဇ ဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ၀ိနယပိဋက ဥဘတောဝိဘင်္ဂဓရ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းမှုး၊ ကမ္ဘာအေးကုန်းမြေ)မှ ဆရာတော် တစ်ပါးမှ အလွဲသုံးစား လုပ်နေခြင်းကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးတော်မူ ကြပါရန်နှင့် သာသနာတော်ကို ချစ်မြတ်နိုးသောဘုရား သားတော်များမှ လည်း မြတ်စွာဘုရား သာသနာကြီး မညှိုးနွမ်းစေရန် ဆက်လက်စုံစမ်း ပေးကြပါရန် ဘုရားတပည့်တော်မှ လျှောက်ထားလိုက်ရပါတယ် ဘုရား။ ယခုရေးသော စာပါအထောက် အထားများကို အခွေမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်း၊ စာရွက်စာတမ်း မှတ်တမ်းများ ပြည့်ပြည့်စုံစုံဖြင့် ဆရာတော်ကြီးများမှ တင်ပြပေးစေ လိုပါကလည်း၊ ဘုရားတပည့်တော်မှ ဆရာတော်ဘုရားများ ရန်ကိုကြောက်ရှာ၍ ထွက်သွားရသော (ဂေါပကမှ မလွှဲပေးပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု စာအပို့ခံရသော) ဂေါပကများကိုရှာဖွေ၍၊ နိုင်ငံတော်သံဃ မဟာနယကများ၏ ဆုံးဖြတ်မှုများကို ကမ္ဘာသိအောင် တင်ပြပေးရပါမယ် ဘုရား။

သာသနာမှန်ရင်  ဆန်တက်မယ်။ သာသနာမမှန်ရင် စုန်မျောမယ်။ 
မြတ်စွာဘုရားသာသနာကို ဘုရားသားတော် သံဃာများ စောင့်ရှောက် ပေးနိုင်ကြပါစေ။

စာများကို တင်ပေးသော ဒီမိုဝေယံအား အထူးကျေးဇူးတင် ရှိပါသည်။

လေးစားစွာဖြင့်
ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး

ညောင်မြစ်တူးတော့ ပုတ်သင်ဥ ပေါ်တယ်ဆိုမလား သာကေတ ဇိနမာရ်အောင် ဘုရားဝတ္တကမြေကိစ္စ တိုင်ကြားစာ.. ပေးပို့လာတဲ့ စာပါအကြောင်းအရာအရ ရွှေညဝါဆရာတော် အသနားခံစာအား ပယ်ချခဲ့ပြီး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလသည်.. ၂၀၀၈ခုနှစ်မဟန(၄၇)ပါးစုံညီ အစည်းအဝေးမှ သတိပေးခြင်း ခံထားရသည့် ဆရာတော်တပါးဖြစ်ကြောင်း  ၂၂.၁၀.၂၀၀၈ခုနှစ် နိုင်ငံတော် သံဃမဟာနယက အစည်းအဝေး ဆုံးဖြတ်ချက်ပါ အစီရင်ခံစာကို ဖတ်ရှုနိုင်ပါတယ်..။

ဆဋ္ဌမအကြိမ် ဗဟိုဝန်ဆောင် တတိယအစည်းအဝေးသို့ မဟာနာယကအဖွဲ့၏ အစီရင်ခံစာ...
(၂၂.၁၀.၂၀၀၈)
အပိုဒ်(၄၁) ဆုံးဖြတ်ချက် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်၏ ဆုံးဖြတ်ချက်အား တိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍

(က) တိုင်းသံဃနာယက အဖွဲ့သို့တင်ပြလာသော ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနဲ့အညီ အစည်းအဝေးဆုံးဖြတ်ချက် အရသာ ဆောင်ရွက်ရန်နှင့် အဖွဲ့အစည်းဂုဏ်သိက္ခာ မိမိ၏ဂုဏ်သိက္ခာကို ထိခိုက်စေမည့် လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ပုဂ္ဂိုလ်ရေးသဘောဖြင့် ဆောင်ရွက်ခြင်းများကို အထူးရှောင်ကြဉ်ရန်

(ခ) မိမိ၏ တာဝန်မဟုတ်သော အလှူရှင် ဒါယိကာ၊ ဒါယိကာမတို့၏ လုပ်ငန်းဖြစ်သော ဆွမ်းလောင်းခြင်း၊ ကထိန်ခင်းခြင်း စသည်တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်တို့၌ ပါဝင်ခြင်း၊ စွက်ဖက်ဟန့်တားခြင်း စသည်တို့ကို မပြုလုပ်ရေး တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တကုဏ္ဍအား သတိပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ 

ပေးပို့လာတဲ့ တိုင်ကြားစာထဲက မဟာနာယကအဖွဲ့၏ အစီရင်ခံစာ... စာပါအကြောင်းအရာပါ...။