ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်ထောင်စု ထမနဲ....

ပြည်ထောင်စု ထမနဲ

တပို့တွဲလသည် ဆောင်းရာသီဖြစ်၍ ညဥ့်အချိန်အခါတွင် အလွန်အေးမြသောကာလဖြစ်သည်။ နှာရည်ရိုရွဲတပို့တွဲဟုခေါ်ဆိုကြသည်။ တပို့တွဲလကို မြန်မာမှုအရကုံရာသီဟုခေါ်၍ ထိုလတွင် စန်းပြည့် နက္ခတ်မှာမာဃနက္ခတ်ဖြစ်သည်။ ယှဉ်သောတာရာမှာချိန်တာရာဖြစ်၍ ရာသီရုပ်မှာရေထမ်းသမားရုပ်ဖြစ်သည်။ ရာသီပန်းကားပေါက်ပန်း၊လဲပန်း ဖြစ်သည်။ ရာသီပွဲတော်ကားမီးပုံးအလှုပွဲ ထမနဲပွဲ ဖြစ်သည်။စာဆိုတော် ဦးပုညက "လှေခအလှူခံမေတ္တာစာ" ရေးသားခဲ့ရာတွင် - "ယာဂုထမနဲ၊ အိုးကြီးကွဲခါမှ၊ စွန့်ကြဲသည့် ဒါနလည်းနိပ္ဖလမဆိုသာ၊ စေတနာဇောသန်၍၊ သမုဌာန်လွန်ကဲ ၍၊ အိုးကွဲမှ စွန့်လှူသည့်၊ ထိုသူတို့ကုသိုလ်လည်းမဂ်ဖိုလ်ဧကန်ရပေမည်"ဟု ပါရှိသည်။ ထို့ကြောင့် အစဉ်အလာယဉ်ကျေးမှုများမပပျောက်စေရန်နှင့် ကောင်းမှုကုသိုလ်မရရှိစေရန်အတွက် မီးဖုန်းပွဲ၊ ယာဂုထမနဲအလှူပွဲများကိုမြန်မာလူမျိုးများအနေဖြင့် တပို့တွဲလတွင် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။

ထမနဲဟူသည် အများနှင့်ဝိုင်းကြ/ဝန်းကြသောသဘောဆောင်သည့် မြန်မာ့သဘော ဖြစ်ပေသည်။ “ထမနဲကိုအဘိုးအိုအဘွားအိုများပင်လျှင် တမြုံ့မြုံ့စားနိုင်၏။ ငါတို့နိုင်ငံ၏ စေတနာဂုဏ်သိက္ခာကိုထမနဲစားရင်းဆင်ခြင်နိုင်၏။ ထမနဲသည် တရားမဟော။ သို့သော် ညီညွတ်မှု၊ ချစ်ကြည်မှုတို့၏ လက်တွေ့ ကောင်းကျိုးကို ပြသနေဘိသကဲ့သို့ရှိ၏။ အာဂထမနဲပေ” ဟူ၍ “ယာဂုထမနဲတပို့တွဲ” မောင်သုံည မြန်မာ့ရာသီပွဲတော်များ (သာရဝေါ-စိုးကြည်) ပန်းကဗျာဘလော့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယနေ့ဆိုလျှင် တပို့တွဲလရာသီ ဖြစ်သည်နှင့်အညီ (၆၅) ကြိမ်မြောက် ပြည်ထောင်စုနေ့လည်း ဖြစ်သည်။ ထို့ကြောင့် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု အစဉ်အလာအား ထိမ်းသိမ်းခြင်းနှင့် ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ငြိမ်းချမ်းစွာစည်းလုံးညီညွှတ်မှုကို လိုလားတောင်းတမှုကို ဖော်ကျူး သည့်အနေဖြင့်၎င်း၊ လူမှုရေးမျိုးဆက်သစ်များ စည်းလုံးညီညွှတ်မှု အင်အားကို ဖော်ဆောင်သည့် အနေဖြင့် ၄င်း၊ ကုသိုလ်ကောင်းမှု တစ်ရပ်အနေဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပထမအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲအား ကျင်းပခဲ့သည်။

ညနေ (၃း၀၀) နာရီအချိန်တွင် ဒိုးပတ်ဝိုင်းများ၊ ရှမ်းတီးဝိုင်းအဖွဲ့များဖြင့် ပျော်ရွှင်တက်ကြွစွာ ပြိုင်ပွဲကို စတင်ခဲ့သည်။ နေ့အလိုက် တာဝန်ကျသော အသင်းသား/သူများနှင့် မျိုးဆက်သစ် လူငယ်အသင်း စုစုပေါင်းအသင်း (၈)သင်းစည်းလုံးညီညွှတ် စွာဖြင့် ပြိုင်ပွဲအား စတင်ကျင်းပခဲ့သည်။ ပြိုင်ပွဲပြီးလျှင်ပြီးချင်း အကဲဖြတ်ဒိုင်အဖွဲ့ (၁၀) ဦးတို့မှ ထမနဲ၏ အရသာ၊ အရောင်အဆင်း၊ နူးနှပ်ခြင်း ရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှု၊ အဖွဲ့လိုက်အားပေးမှုအင်အားတို့ကို ကြည့်ရှုကာ ဒိုင်တစ်ဦးချင်းမှ အမှတ်ပေးစနစ်ဖြင့် ပေးကာ အမှတ်အများဆုံး ရရှိသွားသော “ဗုဒ္ဓဟူးနေ့ အသင်းသား/သူ”များအား ပထမဆု၊ “တနင်္ဂနွေနေ့ အသင်းသား/သူ” များအားဒုတိယဆု၊ “၁/၂၀၁၂ မျိုးဆက်သစ် အသင်းသား/သူ” များအားတတိယဆုအဖြစ် ချီးမြှင့်ပေးအပ်ကာ ကျန်ရှိသောအသင်း (၅) သင်းအား နှစ်သိမ့်ဆုအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ အသီးသီးချီးမြှင့် ပေးအပ်ဂုဏ်ပြုခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပြိုင်ပွဲဝင် ထမနဲများအား နံနက်အာရုံတက်ချိန်တွင် မြတ်စွာဘုရားရှင်အား ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်များ လောင်းလှူခြင်း၊ သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်၍ ဆေးဝါးကုသကြသော လူနာများ၊ လူနာရှင်များနှင့် အလှူရှင်များ၊ အသင်းသား/သူများ၊ ဝန်ထမ်းများအား ကျွေးမွေး ဒါနပြုသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ ပြည်ထောင်စုနေ့တွင် ကျင်းပသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ထမနဲထိုးပြိုင်ပွဲသည် စည်းလုံးညီညွှတ်ခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ခဲ့သည်နှင့်အညီ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအား ထိန်းသိမ်းခဲ့သော ကုသိုလ်အလှူပွဲ တစ်ပွဲပင် ဖြစ်တော့သည်။