ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ ပြန်လည် ဖမ်းဆီးခံရခြင်းနှင့် ရွှေည၀ါ ဆရာတော် ပြန်လည် တရားဟောခွင့် မရသေး...

ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ ပြန်လည် ဖမ်းဆီးခံရ
ရွှေညဝါဆရာတော်အား တိုင်းသံဃနာယကမှ ကျောင်းတိုက်မှ အတင်းအကြပ်ဖယ်ရှားရန် လက်မှတ် ရေးထိုးစဉ်က
သွားရောက် အားပေးခဲ့တဲ့ အရှင်ဂမ္ဘီရအား တွေ့ရစဉ်
(ဓာတ်ပုံ ဒီမိုဝေယံ)

ရွှေဝါရောင်ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့ မနက်(၂)နာရီက ရဲအထူးသတင်း တပ်ဖွဲ့မှ ခေတ္တသီတင်းသုံး နေထိုင်နေတဲ့ လယ်တီဝိပဿနာ ကျောင်းတိုက်မှ လာရောက်ခေါ်ယူ သွားကြောင်း သိရှိရပါတယ်...။ မနေ့က အရှင်ဂမ္ဘီရအား ခေတ္တတွေ့ဆုံခွင့်ရခဲ့တဲ့ သူတစ်ဦးမှ ပြောဆိုရာမှာတော့ မဂ္ဂင်ကျောင်းတိုက်အား ပြန်လည်ဖွင့်လှစ် သီတင်းသုံးနေထိုင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယက မနေ့က ခေါ်ယူထားကြောင်း ယင်းအတွက် လာရောက် ခေါ်ဆောင်မည့် သူအား စောင့်မျှော်နေသော်လည်း ၎င်းသွားရောက် တွေ့ဆုံသည့် အချိန်အထိ လာရောက် ခေါ်ဆောင်ခြင်း မရှိသည့်အတွက် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း အရှင်ဂမ္ဘီရမှ မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်...။ ထို့အတွက်ကြောင့် မဟနရဲ့ သြဝါဒပေးမယ့်ပွဲ ပျက်သွားတာ ဖြစ်နိုင်ကြောင်း သွားရောက်တွေ့ဆုံခဲ့သူ တဦးမှဆိုပါတယ်..။

ယခုလာရောက် ခေါ်ဆောင်သွားမှုဟာ အထက်ပါ ကိစ္စနဲ့ ပတ်သက်နေခြင်း ရှိမရှိကိုတော့ သိရှိရခြင်း မရှိသေးပါဘူး...။ ပြီးခဲ့ ဇန္နဝါရီလ ၁၃ရက်နေ့က ပြန်လည်လွတ်မြောက်လာတဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်း ဦးဆောင်ပါဝင်ခဲ့ပြီး လွတ်မြောက်လာတဲ့ သံဃာတော်များဟာ ပြန်လည်လွတ်မြောက် လာချိန်မှာ သီတင်းသုံးနေထိုင်ဖို့ ကျောင်းတိုက်များ မရှိတဲ့ အဖြစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်..။ ထို့အတွက်ကြောင့် ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်း အာဏာပိုင်များ မတရားဝင်ရောက် ဖျက်ဆီးချိတ်ပိတ်ခံထားရတဲ့ မိမိတို့ကိုယ်ပိုင် ကျောင်းများအား ပြန်လည်ဖွင့်လှစ် ဝင်ရောက်သီတင်းသုံး နေထိုင်ကြရပါတယ်...။ ထိုကဲ့သို့ ဖျက်ဆီးဝင်ရောက်စဉ်က မည်သည့် တရားဥပဒေ အကြောင်းပြချက်များ မပါရှိပဲ မတရား စီးနင်းဝင်ရောက် ချိတ်ပိတ်ခဲ့ပြီး သံဃာတော်များ ပြန်လည်ဝင်ရောက် သီတင်းသုံးချိန်မှာတော့ ဥပဒေနဲ့အညီဆိုတဲ့ စကားကို အသုံးပြုကာ ပြန်လည်ချိတ်ပိတ်ခဲ့ပါတယ်..။

ပြီးခဲ့တဲ့လက ပြန်လည် လွတ်မြောက်လာတဲ့ ရွှေဝါရောင်ဦးဆောင် သံဃာဆရာတော် ဦးဂမ္ဘီရဟာ သီတင်းသုံးနေထိုင်ရန် ကျောင်းတိုက် အခက်အခဲ၊ အခြားသော အခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ အတွက်ကြောင့် ဆရာတော်အရှင်ဂမ္ဘီရအား လေးစားကြည်ညိုကြတဲ့ ဂျပန်နိုင်ငံရောက် စေတနာရှင်များမှ မနေ့က နဝကမ္မ ဝတ္ထုငွေသုံးသိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်..။
ဗန်းမော်ဆရာတော်ကြီးနှင့် ရွှေညဝါဆရာတော် (ဓာတ်ပုံ ဒီမိုဝေယံ)
ရွှေည၀ါ ဆရာတော် ပြန်လည် တရားဟောခွင့် မရသေး...

ရွှေည၀ါဆရာတော် တရားဟောခွင့် ပိတ်ပင်တာ (၁)နှစ် ပြည့်ပြီဖြစ်သော်လည်း တရားဟောခွင့်ကို ဆက်လက် ပိတ်ပင်ထားဆဲဖြစ်ကြောင်း ဆရာတော်က မိန့်ပါတယ်..

"မနေ့က တာချီလိတ်က တပည့်တစ်ယောက် ဖုန်းဆက်ပြောတယ် ဘုန်းဘုန်းတရားဟောမယ်ဆိုတာကို တာချီလိတ် သာသနာရေးဝန်ကြီးက လက်မခံဘူးတဲ့ ...တရားဟောခွင့် ပိတ်ထားတဲ့ အတွက်ကြောင့်မို့လို့တဲ့ အဲဒါကြောင့် ခွင့်ပြုမိန့်လိုတယ်ဆိုပြီး လှမ်းတောင်းတယ်.. ဒါပေမဲ့ .. ဖေဖော်ဝါရီ ၁၀ရက်နေ့ ဆို တရာဟောခွင့် တစ်နှစ်ပိတ်တာ ပြည့်ပြီ ၊ ဒါပေမဲ့ ပိတ်ရက်ပြည့်ပြီဆိုရင် နောက်ရက် ဟောပြောခွင့် အတွက်ဆို ဘယ်သူ့ ဆီမှ ခွင့်ပြုချက် တောင်းစရာမလိုဘူး" ဟု ရွှေည၀ါဆရာတော် အရှင်ပညာသီဟမှ မိန့်ပါတယ်....

ဆက်လက်ပြီး ဆရာတော်က ....
" နိုင်ငံရေး အခြေအနေက ရွှေလျားနေတယ် အောက်ခြေကတော့ ဒီအတိုင်းပဲ နိုင်ငံတော် သမ္မတသစ်တက်လာတော့ အထက်ပိုင်းမှာ ပြောင်းလဲစပြုလာတာတော့ ၀မ်းသာပါတယ်.. ဒါပေမဲ့ အောက်ခြေမှာ ခေါက်ရိုးကျိုးနေတဲ့ မူဝါဒတွေ ရှိနေသေးတဲ့ အတွက်ကြောင့်မို့လို အရမ်းဝမ်းနည်းတယ် သာသနာရေးနဲ့ ပတ်သက်ပြီး အပြန်အလှန် မိစိတ်၊ ဖစိတ်၊ တရားစိတ်၊ ဆရာတပည့်စိတ်ထားပြီး ဆက်ဆံရေးမှာ ညီညွတ်ဖို့ လိုတယ် "ဟု ဆရာတော်မှ မိန့် ကြားခဲ့ပါတယ်...

ယခုကဲ့သို့  နိုင်ငံတော် သံဃမဟာနာယက အမြင့်ဆုံးအာဏာပိုင် ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီးမှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ တရားဟောပြောခွင့်အား  သာသနာရေး ဦးစီးဋ္ဌာနမှ ပြန်လည်ပိတ်ပင်ခြင်းဟာ ဗန်းမော်ဆရာတော်ကြီးအား မထေမဲ့မြင် ပြုလုပ်ခြင်းဖြစ်ကြောင်း အများမှ ထင်မြင်ယူဆနေကြပါတယ်..။

လက်ရှိကမ္ဘာ့ တရားဥပဒေ စိုးမိုးမှုအနည်းဆုံး နိုင်ငံ(၁၀)နိုင်ငံမှာ ထိပ်ဆုံးက ပါဝင်တဲ့မြန်မာနိုင်ငံမှာ သံဃာတော်များအား ဆက်လက်ဖိနှိပ်မှုများအား ပြုလုပ်နေသည့် နောက်ကွယ်၌ လက်ရှိဖြစ်ပေါ် တိုးတက်နေသော ပြည်တွင်းရေး အခြေအနေများအား ပျက်ပြားစေရန် .ယခင်အာဏာရှင် စံနစ်ကို ပြန်လည်တမ်းတ ယစ်မူးနေကြသော လူပုဂ္ဂိုလ် တစုမှ  နောက်ကွယ်မှ လှုပ်ရှားကြိုးကိုင်မှုများ ရှိနေကြောင်း အများက ထင်မြင်သုံးသပ်နေကြပါတယ်..။

သတင်း... ဒီမိုဝေယံ