ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရာဇဝင်မှာ စာတင်ထိုက်မယ့် ရွှေညဝါ (ဆောင်းပါးရှင် နေမိုး)

ရာဇဝင်မှာ စာတင်ထိုက်မယ့် ရွှေညဝါ
(ဆောင်းပါးရှင် နေမိုး)
ရဟန်း၊ သံဃာတော်တွေအနေနဲ့ စာပပညာမှာ ထူးချွန်လို့ ပညာတတ်ဘွဲ့ထူးတွေ ရနေပေမယ့်လည်း တရားကျင့်ကြံမှု မပေါက်မြောက် သေးရင်တော့ သာမန်ပုထုဇဉ် လူသားတွေထဲက လူသားတယောက်အနေနဲ့ပဲ ရှိပါသေးတယ်။ အခုရွှေညဝါဆရာတော်ရဲ့ အရေးအခင်းမှာလည်း ဆရာတော်ရဲ့ အပြောအဆိုတွေမှာ ဘုန်းကြီးတပါးအနေနဲ့ မပြောသင့်တာတွေ ပြောဆိုနေရတာကို ကျနော်တို့ ကြားနေရပေမယ့် အခြေအနေအရ ဖြစ်ရတာကို ဆရာတော်ရဲ့ မေတ္တာ စေတနာ စိတ်ဓာတ်နဲ့ ဆောင်ရွက်ချက်တွေ အပေါ်မှာ ပျမ်းမျှခြုံငုံကြည့်ပြီးတော့ ကျနော်တို့ နားလည်ပေးလို့ ရနိုင်ပါတယ်။ လူမှုရေးလုပ်ငန်းတွေ လုပ်နေတာ၊ စာသင်သားသံဃာတော်တွေကို စာပေသင်ကြားပေးတာ၊ ကျနော်တို့နိုင်ငံ ဘက်စုံတိုးတက်ရေးအတွက် ကိုယ်ကျိုးစွန်ပြီး အနစ်နာခံ ဆောင်ရွက်နေကြတဲ့ အတိုက်အခံဒီမိုကရေစီ အင်အားစုတွေကို ရဲရဲဝံ့ဝံ့ ထောက်ခံ ကူညီပေးနေတာတွေနဲ့တင် လေးစားသင့်တဲ့ ဆရာတော်တပါးဆိုတာကို ကျနော်လက်ခံထားပါတယ်။ အခုတလောကြားနေရတဲ့ အင်တာဗျူးတွေမှာ ဆရာတော်ရဲ့ စကားလုံး အပြောအဆို နည်းနည်းလေး ကြမ်းတယ်ဆိုတာကလည်း အခုဆရာတော် ရင်ဆိုင်နေရတဲ့ ပြဿနာတွေမှာ ပျက်စီးဆုံးရှုံးရမယ့် အရင်းအနှီးတွေကလည်း များလွန်းနေတာကြောင့် မခံချိ မခံသာဖြစ်ရင်းနဲ့ စိတ်ခံစားမှု ပြင်းထန် လွန်းသွားတာနဲ့လည်း ဆိုင်ပါ့မယ်။ ကရုဏာဒေါသနဲ့ ပြောဆိုမိနေတာလို့ နားလည်ထားပါတယ်။

အခုလက်ရှိ ဆရာတော်ရဲ့ ပြဿနာတွေက အဓိက ကြည့်ရမယ်ဆိုရင် နိုင်ငံရေးမှာ ဝင်ရောက် ပြောဆိုမှုတွေကြောင့် လက်ရှိ အစိုးရအဖွဲ့ဝင်တွေနဲ့ လက်အောက်ငယ်သားတွေက မှန်တာပြော ဟုတ်တာလုပ်နေတဲ့ ဆရာတော်ရဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ အမူအကျင့်ကို မခံမရပ်နိုင် ဖြစ်ရတာလို့ သတ်မှတ်နိုင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကလည်း လူတယောက်ဆီတိုင်း ဘယ်ဘာသာ ဘယ်လူမျိုးမဆို ဝင်ရောက်ပံ့ပိုး ဆောင်ရွက်ပေးဖို့ လိုအပ်နေတဲ့ အနေအထားပါ။ ဘာသာရေးနဲ့ နိုင်ငံရေး သီးခြားဖြစ်နိုင်ဖို့ဆိုတာ နိုင်ငံမှာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စီးပွါးရေးခိုင်မာရေးတွေ အများကြီးလိုအပ်ပါတယ်။ အနိမ့်ဆုံးအဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံ အဆင့်လောက်တော့ ရှိသင့်နေပါတယ်။ ထိုင်းနိုင်ငံ အဆင့်လောက်ရှိမှပဲ နိုင်ငံရေးနဲ့ ဘာသာရေး ကင်းကင်းရှင်းရှင်း ရှိသင့်တယ်လို့ ကျနော်တို့ ပြောလို့ဆိုလို့ သင့်တော်မှာပါ။ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေပေမယ့်လည်း ဘာသာရေးအရ ထင်ပေါ်ကျော်ကြား လူကြည်ညိုမှုများနေတဲ့ ဘုန်းတော်ကြီးတွေ မြန်မာနိုင်ငံမှာ အများကြီးပါ။ တကယ့်တကယ်တမ်းမှာ နိုင်ငံရေးမှာ ဘုန်းကြီးအများစုကလည်း ဝင်ရောက် စွက်ဖက်လိုစိတ် ရှိကြမယ် မထင်ပါဘူး။ ကိုယ့်ဒကာ ဒယကာမတွေရဲ့ လူမှုဘဝတွေကို စာနာနားလည်မိလို့သာ အမှန်တရားကို ရင်ဆိုင်ဖော်ထုတ်ချင်လို့ နိုင်ငံရေးထဲမှာ ဘာသာရေးနဲ့ ရောယှက်ပြီး ပါဝင်နေမိတာလို့ သတ်မှတ်လို့လည်း ရနိုင်ကောင်းပါတယ်။
ဘယ်ဘာသာဝင်တိုင်းမဆို လက်ရှိ မြန်မာနိုင်ငံရေးမှာ ကိုယ်တတ်စွမ်းနဲ့ အတိုင်းအတာနဲ့ ဝင်ပါသင့်တယ်လို့ ပြောမိခဲ့ပေမယ့် တကယ့် ကယ်တမ်းကျတော့ မြန်မာနိုင်ငံရေးမှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေကသာ အနိုင်ကျင့် နှိပ်စက်ညှင်းပန်း ဖိနှိပ်စော်ကားခံရမယ်ဆိုတာကို သိသိကြီးနဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြတာပါ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတွေမို့လို့ ဗုဒ္ဓဘာသာဝင်အစိုးရက ခွင့်လွှတ်သည်းခံပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာ မဟုတ်ဘူးဆိုတာ ၁၉၉ဝ နဲ့ ၂ဝဝ၇ သံဃာ့အရေးအခင်းတွေက သက်သေရှိနေပါတယ်။ ဒီထက့်အရင့်အရင် ကတည်းက သံဃာတော်တွေကို ဖိနှိပ်စော်ကားခဲ့လို့ အကျဉ်းထောင်တွေနဲ့ ပြင်ပလောကတွေမှာ နာမည်ပျက် ဘဝတွေပျက်ပြီး အသက်ပေးဆပ်သွားခဲ့ရတဲ့ သံဃာတော်တွေ သမိုင်းမှာ အများကြီးရှိပါသေးတယ်။ ဒီလိုအဖြစ်အပျက်တွေ ရှိခဲ့တာကို မသိတာပဲဖြစ်ဖြစ်၊ မျက်ကွယ်ပြုတာပဲဖြစ်ဖြစ် အရေးမထားတဲ့ သဘောနဲ့ လက်ရှိ သံဃာတော်တွေကို ဘာသာရေးနဲ့ နိုင်ငံရေး မပတ်သက်သင့်ဘူးလို့တော့ အချိန်မတန်သေးဘဲနဲ့ ပြောဆိုတာမျိုးတွေကို ခဏခဏ ကြားနေရတာတော့ အတွေးအခေါ်တွေ မဟုတ်သေးဘူးလို့ ထင်မိပါတယ်။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ အာဏာရလာခဲ့ရင်လည်း ဘယ်ဘုန်းကြီးမှ အစိုးရအဖွဲ့ထဲ ဝင်ပါပြီး အုပ်ချုပ်ရေးပိုင်းမှာ တာဝန်တက်ယူမှာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဘုန်းကြီးတွေ အားလုံးလိုလို ပင်ကိုယ်က အေးအေးဆေးဆေး နေချင်တဲ့ စိတ်ဆန္ဒရှိမယ်လို့ ယုံကြည်ပါတယ်။

ဒီလိုဖိနှိပ်ရက်စက်မှုတွေနဲ့ ရင်ဆိုင်ပြီး တိုင်းပြည်အတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက အစိုးရကို အံတုရင်ဆိုင်နေကြပေမယ့် တခြားဘာသာဝင် နာမည်ကြီးပုဂ္ဂိုလ်တွေ ဘယ်အချိန် ဘယ်ကာလမှာ ဘယ်နှစ်ယောက်များ ပါဝင်ခဲ့ဖူးလို့လဲ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဘယ်နှစ်ယောက်များ မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံအဖြစ် သူတို့ဘာသာဝင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း နှိုးဆော်တာမျိုး ကျနော်တို့ ဘယ်နှစ်ခါများ သိမိကြားမိတာ ရှိလို့လဲ။ တခြားဘာသာဝင် နာမည်ကြီးပုဂ္ဂိုလ်တွေ ဘာလုပ်လဲဆိုတော့ နိုင်ငံရေးကို မျက်ကွယ်ပြုပြီး ဘာသာရေး စည်းရုံးရေးပဲ အဓိကလုပ်ကြတာပါ။ ဗုဒ္ဓဘာသာဝင်တွေကို သူတို့ဘာသာထဲ ကူးပြောင်း ဝင်ရောက်လာအောင် တရားတွေဟော၊ စည်းရုံးရေးတွေဆင်း၊ သာသနာတွေပြုရင်းနဲ့ပဲ သူတို့ရဲ့ ဘာသာရေး အကျိုးစီးပွါးအတွက်ပဲ အာရုံစိုက်နေကြတာပါ။ မြန်မာနိုင်ငံ တကယ်တမ်း တိုးတက်ချမ်းသာ လာမယ်ဆိုရင်တာ့ အလွယ်တကူ ဝင်ပြီး ခံစား စံစားဖို့ အတွက် သူတို့တွေ အဆင်သင့်ရှိနေမယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ သေချာပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေကသာ ကိုယ့်အချင်းချင်း အမြင်တွေစောင်း၊ စကားတွေများ၊ ရန်တွေဖြစ်၊ အကွဲအပြဲတွေနဲ့ ပလူပျံပြီး စည်းလုံးညီညွတ်မှု ပျက်စီးနေတာဟာ မဖြစ်သင့်တဲ့ အမှားတွေထဲက အမှားတခုလို့ ကျနော်မြင်ပါတယ်။
ရွှေညဝါဆရာတော်ရဲ့ အခုအရေးကိစ္စမှာ ဆရာတော်တပါးတည်း ထိခိုက်နစ်နာမှာ မဟုတ်ဘဲ ဆရာတော်ကို အမီပြုနေတဲ့ စာပေသင်ကြားတာနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ သံဃာတော်တွေနဲ့ လူပရိသတ် ရာထောင်ကျော်ကိုပါ တပါတည်း ဆုံးရှုံးနစ်နာမှုတွေ ဖြစ်စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုးအကောင်း အရေးကိစ္စကို ကျနော်တို့ ဂရုစိုက်နေရသလို လက်ရှိ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ရွှေညဝါဆရာတော်ရဲ့ အရေးကိစ္စကိုလည်း ကျနော်တို့ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပံ့ပိုးရမှာပါပဲ။ ခေတ်သစ် ဗန်းမော်ဆရာတော်တပါး ပေါ်ထွန်းလာတာပါ။ ရွှေညဝါဆရာတော်ကို မကောင်းမြင်မယ်ဆိုရင် မင်းတုန်းမင်းခေတ်က ထင်ရှားခဲ့တဲ့ အာဏာရှင် ရှင်ဘုရင်နဲ့ လွဲမှားနေတဲ့ ထင်ရှားတဲ့ ဆရာတော်တချို့ကို ပြစ်ပြစ်နှစ်နှစ် ပက်ပက်စက်စက် ဝေဖန်ရှုံ့ချရင်း နာမည်ကြီး ထင်ရှားခဲ့တဲ့ ဗန်းမော်ဆရာတော်ကို သတိရစေချင်ပါတယ်။
(ဗုဒ္ဓံသရဏံ ဂစ္ဆာမိပါ)
နေမိုး
(အခြေအနေအရ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘာသာတွေအကြောင်း ထည့်ရေးမိတာ နားလည်ခွင့်လွှတ်ပေးပါ။ ဘာသာရေး ခွဲခြားတာ မဟုတ်ပါဘူး။)