ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဘဘ သူရ ဦးတင်ဦး (ကဗျာရှင် နေရဲနီ)

ဘဘ သူရ ဦးတင်ဦး
(ကဗျာရှင် နေရဲနီ)
အသက်ကရှစ်ဆယ်ကျော်

အရွယ်မှာ
ဇရာညောင်းပေမဲ့
နောင်ဘဝ
အကူးကောင်းဖို့ရာ
အများသူငါလို
တရားဘာဝနာနဲ့
ပျော်မွေ့ရလေအောင်
ရိပ်သာကျောင်းကိုတဲ့
အဘ မသွားနိုင်သေး။

တရားစခန်းမှာ
ပရိတ် ပဌာန်း ကမ္မဌာန်းနဲ့ ဂုဏ်တော်ပွားလို့

ဘုရားဒကာလို
ပုတီးကို လက်ကမချဘဲ
တရားဒေသနာနဲ့ ပျော်ချင်လှပေမဲ့
အများပြည်သူ ဒုက္ခတရားကို
ပစ်ပယ်ကာ မျက်ကွယ်ပြုပြီး
အဘတစ်ယောက်တည်း
ကိုယ်လွတ် မရုန်းနိုင်။

နောင်ဘ၀အတွက်
နိဗ္ဗာန်နဲ့ဝေးလို့
နတ်ပြည် မရောက်ချင်နေပါစေ။
ပြည်သူအပေါင်း
ဒုက္ခဆင်းရဲတွင်းက လွတ်ကင်းဘို့ရာ
အဲဒါ အဘရဲ့ ဘာဝနာ
အဲဒါ အဘရဲ့ သမထ
အဲဒါ အဘရဲ့ ဝိပဿနာ
အဲဒါ အဘရဲ့ အာနာပါန
အဲဒါအဘရဲ့ ကမ္မဌာန်း

အသက်နဲ့ ခန္ဓာ မြဲနေသရွေ့
ပြည်သူ့ဆန္ဒ ပြည်သူ့အကျိုးကို
နောက်ဆုံးထွက်သက်အထိတိုင်
သယ်ပိုးဆောင်ရွက်ချင်တာ
အဘရဲ့ဆန္ဒ။

အဘသည်
ပြည်သူအတွက် ထာဝရ။

နေရဲနီ