ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကြီးတော်ရဲ့နွားကျောင်းသူများ..., တစ်ချက်ခုတ် သုံးချက်ပြတ် (နာရေးကူညီမှုအသင်း... ရန်ကုန်)

ကြီးတော်ရဲ့နွားကျောင်းသူများ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာစာပေဟောပြောပွဲ တစ်ရပ်ကို ၃.၇.၂၀၁၁ (တနင်္ဂနွေနေ့) မွန်းလွဲ (၁း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိ ရာ မြောက်ဒဂုံရုံးချုပ်တွင် အောင်မြင်စွာကျင်းပခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် လူငယ်/ရွယ်များ၊ လူမှုရေးသမားများအတွက် စာပေအသိဉာဏ် ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ကာ စာရေးဆရာ မောင်သာချိုမှ “လူနဲ့ ကြီးတော်ရဲ့နွား” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောသွားခဲ့သည်။ ဆရာ မောင်သာချို၏ ဟောပြောချက် များတွင် ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသားသည် မိမိပိုင်ဆိုင်သော နန်းတော်၊ မိမိပိုင်ဆိုင်သော မယား၊ မိမိပိုင်ဆိုင်သော သား၊ မိမိပိုင်ဆိုင်သော စည်းစိမ်ဥစ္စာများ အားလုံးတို့ကို စွန့်လွတ်ကာ ကိုယ်ကျိုးစွန့်၍ လောကကောင်းကျိုးအတွက် ကျင့်ကြံအားထုတ်ခဲ့ပြီး သစ္စာလေးပါး မြတ်တရားအား တွေ့ရှိခဲ့ကာ အများပြည်သူ လူသားများအတွက် ဗြဟ္မစိုရ်တရားလက်ကိုင်ပြုပြီး ငြိမ်းချမ်းမှုချမ်းသာရှိရာ မြတ်နိဗ္ဗာန်သို့ ရောက်ရှိအောင် သွားရာလမ်းကြောင်းကို ဖော်ထုတ်ပေးခဲ့ကြောင်း၊ လူသားချင်း စာနာစိတ် ထားရှိခဲ့သော


မာသာထရီဆာသည်လည်း မိမိမွေးရပ်မြေအား စွန့်လွတ်၍ တိုင်းတစ်ပါးတွင် သွားရောက်ကာ အများပြည်သူတို့အတွက် အနစ်နာခံ ပေးဆပ်ခဲ့ရာတွင် လူသားပေါင်း တစ်သန်း ကျော်၏ ဒုက္ခများကို ကယ်တင်ခဲ့သော လူသားတစ်သန်းကျော်၏ ကယ်တင်ရှင် ကျေးဇူးရှင်တစ်ဦး ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဂုဏ်၊ အနစ်နာခံ ပုံ၊ တပ်မတော်နှင့် ပြည်သူတစ်သားတည်း နေထိုင်ကျင့်ကြံပုံ၊ မိမိ၏ ဗိုလ်ချုပ်ဟူသော ဂုဏ်အရှိန်ကို အခွင့်အရေး လုံးဝမယူဘဲနှင့် အများပြည်သူအတွက် အနစ်နာခံ ပေးဆပ်မှုတို့သည်ကား မိမိ၏ နွားကို မကျောင်းဘဲ၊ ကြီးတော်၏နွားအား သွားရောက်ကျောင်းပေးခဲ့သော လူမှုရေးသမားစစ်စစ်များ၏ ကျင့်ကြံ အားထုတ်ပေးခဲ့မှုများ စသည့် လူမှုရေးနှင့်ပတ်သက်သော အကြောင်းအချက်များအား သက်သေ သာဓကများစွာဖြင့် ဟောပြောခဲ့ပါသည်။

ယင်းကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မြန်မာစာပေဟောပြောပွဲများကို လစဉ်လတိုင်း လူမှုရေးသမားများ၊ မျိုးဆက်သစ်လူငယ်/ရွယ်များအား ရည်စူး၍ ကျင်းပပေးသွားမည်ဖြစ်ပါသည်။
တစ်ချက်ခုတ် သုံးချက်ပြတ်

မြန်မာပြည်တွင်းရှိ အနုပညာရှင်များ (ဂီတ၊ ရုပ်ရှင်၊ စာပေ၊ သဘင်) စသည့် ပညာရှင်များသည် ပြည်ပနိုင်ငံများသို့ သွားရောက်ကာ မိမိတို့၏ အနုပညာရပ် အသီးသီးတို့ကို ပြည်ပရောက်မြန်မာလူမျိုး များအား ဖျော်ဖြေမှုများကို ယခု ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် ပိုမိုများပြားလာသည်ကို သတိထားမိ သည်။ ထိုကဲ့သို့ သွားရောက်ဖျော်ဖြေရာတွင် မိမိတို့ တတ်စွမ်းသော အနုပညာများနှင့် မိမိတို့ ၀မ်းစာ အတွက် အဓိကထားပြီး မိမိတို့ မရောက်ဖူးသော နိုင်ငံများသို့ သွားရောက်လေ့လာခြင်းဖြင့် တစ်ချက် ခုတ် နှစ်ချက်ပြတ် ဆိုသည့်စကားအတိုင်း သွားရောက်ခြင်းများသာ ရှိခဲ့သည်။

ယခု ဆောင်းဦးလှိုင်၏ ပြည်ပဖျော်ဖြေရေးခရီးစဉ်မှာကား တစ်ချက်ခုတ် သုံးချက်ပြတ် ဟူသော စကားဟု ဆိုရပါတော့မည်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံရောက် မြန်မာပြည်သူ/သားတို့ အား သွားရောက်ဖျော်ဖြေပွဲခရီးစဉ်တွင် ကိုဆောင်းဦးလှိုင်သည် ပြည်တွင်းရှိ မြန်မာပြည်သူလူထု တို့အား ဗြဟ္မစိုရ်တရားလက်ကိုင်ပြု၍ (အခမဲ့) ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း (ရန်ကုန်)အတွက် အလှူငွေများကို ကောက်ခံခဲ့ကာ မိမိတတ်စွမ်းသော အနုပညာဖြင့် ပြည်ပရောက် မြန်မာပြည်သူ/သားများအား ဖျော်ဖြေခဲ့ကာ ပြည်ပနိုင်ငံ၏ ပတ်ဝန်းကျင်အနေအထား လူနေမှု အဆင့် အတန်းစသည်တို့ကို လေ့လာနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ပြည်ပရောက် မြန်မာပြည်သူ/သားများက လည်း ကိုဆောင်းဦးလှိုင် စင်မြင့်ပေါ်မှ အလှူခံသည့်ကိစ္စရပ်များကို မပြောခင်ကတည်းက သဒ္ဓါတရား ထက်သန်စွာဖြင့် ကိုဆောင်းဦးလှိုင်မှတဆင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေများ ထည့် ၀င်၍ လှူဒါန်းခဲ့ကြသည်။ ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနားတွင် ဂီတ လူမှုရေးသူရဲကောင်းများ၏ ဖျော်ဖြေမှုပွဲအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုဆောင်ဦးလှိုင် အား လက်ဆောင်အဖြစ်ပေးထားသော ဥက္ကဌ ဦးကျော်သူ၏ ရုပ်ပုံပါ GIVERS အမည်ရှိ တီရှပ်ကို အင်တာနက်မှ လေလံတင်ရောင်းချခဲ့ရာ US$ 350 ရရှိခဲ့ကြောင်းလည်း ကိုဆောင်းဦးလှိုင်မှ ပြောကြား ခဲ့သည်။
ယင်း အလှူငွေအပ်နှံပွဲအား ၃.၇.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်၌ နေ့လည် (၁၂း၃၀) နာရီတွင် စာနယ်ဇင်းသမားများအား ဖိတ်ကြား၍ ကျင်းပခဲ့သည်။ ဦးစွာ ကြွရောက်လာကြသည့် စာနယ်ဇင်းနှင့် ဧည့်ပရိသတ်များအား ကော်ဖီနှင့် မုန့်တို့ ဖြင့် ဧည့်ခံကျွေးမွေးပြီးနောက် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ကိုဆောင်းဦးလှိုင်မှ ပြည်ပနိုင်ငံကြီး ဖြစ်သော အမေရိကန်နိုင်ငံတွင် ဖျော်ဖြေမှုအတွေ့အကြုံများကို ရှင်းလင်းပြောကြားရာတွင် အချို့သော ပညာရှင်များသည် ပြည်ပနိုင်ငံတွင် ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် အလှူငွေ ကောက်ခံခြင်းကို အကြောက်တရားရှိနေကြောင်း၊ ထို့ကြောင့် သူသည်စင်မြင့်ပေါ်မှနေ၍ အလှူခံခြင်း ကိစ္စရပ်ကို မလုပ်ခဲ့ကြောင်း၊ လာရောက်လှူဒါန်းကြသော ပြည်ပရောက် မြန်မာပြည်သူ/သားများသည် ဦးကျော်သူနှင့် သူ၏လက်တွဲဆောင်ရွက်မှုများကို သိရှိပြီးဖြစ်သည်နှင့်အညီ စာအိတ်များထဲတွင် အလှူငွေများ ထည့်သွင်း၍ လှူဒါန်းကြကြောင်း ပြောကြားခဲ့ကာ သူ၏သားနှင့် သမီးတို့၏ ပညာရေးပြီးဆုံးသွားသည့် အချိန်ကာလတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ညာလက်ရုံးအဖြစ် လက်တွဲပြီး အများပြည်သူတို့ကို ပေးဆပ်မှုများ လုပ်ကိုင်လိုကြောင်း ပြောကြားသွားကာ အလှူငွေ US$ 5250 နှင့် မြန်မာကျပ်ငွေ ၄၉၃၀၀၀/- တို့ကို လွဲပြောင်းအပ်နှံ လှူဒါန်းခဲ့သည်။
ယင်းနောက် ဥက္ကဋ္ဌ ဦးကျော်သူမှ ကျေးဇူးတင်စကားပြောကြားရာတွင် ကိုဆောင်းဦး လှိုင်ပြောကြားသော အကြောက်တရားများသည် မိမိတို့ပြည်တွင်းတွင် အတော်ကိုကူးစက်နေ ကြောင်း၊ အချို့သော အလှူရှင်များသည် ကိုယ်တိုင်လာရောက် မလှူရဲ၍ လူကြုံနှင့် လာရောက် လှူဒါန်းမှုများရှိကြောင်း၊ အချို့သော မိသားစုဝင်များသည်လည်း မိမိတို့၏ သားသမီးတို့အား နာရေး ကူညီမှုအသင်း(ရန်ကုန်)တွင် လူမှုရေးသမားများ လုပ်ကိုင်သည်ကို ကြောက်ရွံ့နေကြောင်း၊ မိမိတို့ အသင်းအဖွဲ့သည် နိုင်ငံရေးပါတီထောင်ထားသော အသင်းအဖွဲ့ မဟုတ်ကြောင်း၊ နိုင်ငံတော်အာဏာ ကို ရယူလိုသည့် ဆန္ဒဖြင့် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ လူမှုရေးသက်သက် အများပြည်သူ အတွက် မိမိတို့ တက်နိုင်သည့်ဘက်မှ ပေးဆပ်ကူညီမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့ လူမှုရေးလုပ်ငန်းရပ်များတွင် အနုပညာရှင်တို့၏ အင်အားများစွာလိုအပ်ကြောင်း၊ ကိုဆောင်းဦးလှိုင်၏ ဆန္ဒဖြစ်သော ညာလက်ရုံးအဖြစ် အများပြည်သူတို့ကို ကူညီဖေးမမှုကိုအမြန်ဆုံး ကျွန်တော်တို့နှင့် လက်တွဲခွင့်ရရှိပါစေဟု ဆုတောင်းစကားပြောကြားခဲ့ပြီးနောက် စာနယ်ဇင်းသမားများကိုယ်စား အလင်းတန်းဂျာနယ်၊ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး ကူညီဖေးမနေမှုတို့သည် ကိုယ်တွေ့ခံစားဖူးသူများက ပိုမို၍ သိရှိမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် ကိုယ်တွေ့ကြုံခဲ့ဖူးကြောင်းနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ကျေးဇူးတရားများကို အမှတ်ရနေကြောင်း၊ ကျေးဇူးတရားဟုဆိုရာ၌ တစ်ကြိမ်တစ်ခါ ကြုံဖူးယုံနှင့် အစဉ်ထာဝရ တင်ရှိနေရမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီဖေးမမှု များကို အကြွင်းမဲ့ယုံကြည်ကြောင်းတို့အပြင် ကိုဆောင်းဦးလှိုင်အားလည်း တေးသီချင်းများ ဆက်လက် စဉ်ဆက်မပြတ် ပြန်လည်သီဆိုစေလိုကြောင်း၊ ဂီတပညာရပ်ကို ဖော်ကျူးရင်း လူမှုရေးလုပ်ငန်းဖြစ် သော အများပြည်သူတို့ကို ကူညီဖေးမပေးစေလိုကြောင်း တိုက်တွန်းပြောကြားသွားခဲ့သည်။

ယင်း ဇူလိုင် (၃) ရက်နေ့သည်ကား လူမှုရေးလုပ်ငန်းဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာလောက (၃) ခု၏ ပေါင်းစည်းမှုအင်အား တစ်ရပ်ပင် ဖြစ်တော့သည်။