ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အဘမှိုင်းပြတိုက်

အဘမှိုင်းပြတိုက်
၁၉.၇.၂၀၁၁ (အင်္ဂါ) နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ ကွယ်လွန်ခြင်း (၄၇) နှစ်မြောက် အထိမ်းအမှတ်အား ရည်စူး၍ မြေးဖြစ်သူ ဒေါ်မြမြအေး (မိသားစု)တို့မှ အလှူငွေ (၁၀၀၀၀၀/-) ကျပ်တိတိကို လာရောက်၍ လှူဒါန်းခဲ့သည်။

ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ကန်တော်မင် ပန်းခြံမြေကွက်လပ်တွင် ဂူသွင်းသင်္ဂြိုလ်ပြီး ဆရာကြီး၏ ဂုဏ်သိက္ခာနှင့် လိုက်လျောအောင် ဂုဏ်အင်္ဂါရပ် (၄) ရပ်ကို ထွင်းထုထားသော တံဆိပ်ကြီးခပ်နှိပ် ထားသည့် ဂူဗိမာန်ကိုလည်း မြင်တွေ့နိုင်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် -

(၁) စာပေယဉ်ကျေးမှု တော်လှန်ရေးကြီးဆင်နွှဲခဲ့လို့ တံဆိပ်မှာ စာအုပ်ကတစ်ကန့်။

(၂) အမျိုးသားလွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့လို့ ဒေါင်းကတစ်ကန့်။

(၃) ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရးကိုဆောင်ရွက်ခဲ့လို့ ချိုးငှက်ကတစ်ကန့်။

(၄) အဖိအနှိပ်ခံ ပြည်သူတွေဘက်က ထာဝစဉ်ရပ်တည်ခဲ့ပြီး အထူးသဖြင့် အလုပ်သမားတွေနဲ့ တောင်သူလယ်သမားတွေရဲ့ ဆင်းရဲတွင်းနက်မှုက လွတ်မြောက်စေလိုတဲ့ အထိမ်းအမှတ်အဖြစ် တူ တံစဉ်ကတစ်ကန့် တံဆိပ်ခပ်နှိပ်ထားရှိသည်။

ဂူတွင်းသို့ ၀င်ရောက်လိုက်သည်ဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကိုယ်တစ်ပိုင်းကြေး သွန်းရုပ်ပုံအား ပန်းပုဆရာကြီး ဦးဟန်တင်၏ လက်ရာကိုမြင် တွေ့ရမှာဖြစ်ပြီး ဗိမာန်အနောက်ဘက် နံရံတွင် “တပြည်သား နယ်ချဲ့ အစွန်းရန်ကို တကယ် တကယ့် တွန်းလှန်ဖို့ အရေးကလည်း မဝေးတော့ပြီမို့၊ အရေးကြီးလျှင်ဖြင့် သွေးစည်းပြီး သွေးနီးရာ ဆိုသည့်အတိုင်း ကိုင်း ထထကြွကြွနှင့် ၀ိုင်းကြပေရော့” (၁၃၁၄ ခု) (၁၉၅၂) ဆိုသည့် ဆရာကြီး၏ လေးချိုးကြီးတစ်ပုဒ်ကို ကောက်နှုတ်ချက် ရေးထားပါသည်။ တောင်ဘက်နံရံဘက်တွင် “ကောင်းမျိုး အထွေထွေရယ်နှင့် ချွန်စေမြစေစော။ ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော” (၁၂၈၁ ခု) ၁၉၂၀) လို့ ရေးသားထားပါသည်။ မြောက်ဘက် နံရံတွင်လည်း “ဆရာမသေခင် တိုင်းပြည်မှာ တကယ့် ငြိမ်းချမ်းရေးအစစ်ကို တွေ့သွားချင်တယ်” (၁၃၁၈ - ၁၃၂၆) (၁၉၅၇) (၁၉၆၄) ဟု ဆရာကြီးရေးခဲ့ ပြောခဲ့သည့် စကားလုံးများကို ထွင်းထား ပါသည်။
၁၂၃၇ ခုနှစ်၊ တပေါင်းလတွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့မှ ပြည်ခရိုင်၊ ရွှေတောင်မြို့အပိုင် ၀ါးလည်ရွာတွင် မွေးဖွားသန့်စင်ခဲ့သည်။ ငယ်အမည်မှာ မောင်လွန်းဖြစ်ပြီး (၉) နှစ်သားအရွယ်တွင် မန္တလေးရှိ ဦးလေးဘုန်းကြီးများနှင့်လိုက်ပါပြီး မြတောင်တိုက်တွင် စာပေပညာသင်ယူခဲ့သည်။ ကလေး အရွယ်ဘ၀၌ အရှင် (၂) ပါး ပါတော်မူတာကို မျက်မြင်တွေ့ခဲ့ရသူတစ်ဦးလည်း ဖြစ်သည်။ သီပေါမင်း ပါတော်မူစဉ် (၁၁) နှစ်သားအရွယ်သို့ ရောက်ရှိနေသည်။ ရန်ကုန်သို့ အလုပ်လုပ်ရန် သွားရောက်ခဲ့ပြီး ဇဗ္ဗူကျက်သရေ ပုံနှိပ်တိုက်တွင် စာစီအလုပ်သမားဘ၀မှ အယ်ဒီတာဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ပြဇာတ် (၈၀) ခန့်ကိုရေးသားပြီး ကြည့်မြင်တိုင်သူ ဒေါ်ရှင်နှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းသတင်းစာတွင် မြန်မာအယ်ဒီတာအဖြစ်၎င်း၊ မော်လမြိုင်မြို့ရှိ မြန်မာတိုင်း သတင်းစာ တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ မောင်သမာဓိ အမည်ဖြင့်လည်း ဆောင်းပါးများ ရေးသား ခဲ့သည်။ ဇင်းကျိုက်တောင်တွင်လည်း အချိန်အတော်ကြာ အဂ္ဂိရတ်ထိုးခဲ့ပြီးနောက် ရန်ကုန်သို့ ပြန်သွားပြီး သူရိယ သတင်းစာတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ပြန်ခဲ့သည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နောက်ဆုံးစကားဖြစ်သည့် “အင်း ဆရာတော့ မသေခင် ဆရာတို့ တိုင်းပြည်ကြီးမှာ တကယ့် လွတ်လပ်ရေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် ဖြစ်တာကိုပဲ မြင်သွားချင်တာပါပဲ” လို့ တစ်လုံးစီ ပီပီသသ ဖြည်းဖြည်းနဲ့ မှန်မှန်ပြောကြားခဲ့ပြီး (၂၂) ရက်အကြာ ၂၂.၇.၁၉၆၄ ရက်နေ့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

ဆရာကြီး အဘသခင်ကိုယ်တော်မှိုင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီဟူ၍ မပေါ်ပေါက်ခင် တစ်နှစ်ကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းအား သူ့အမြင်၊ သူ့မေတ္တာ၊ သူ့စေတနာနှင့် သူ့ဘာသာ ဦးဆောင်မှုယူပြီး ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ စတာလင်ငြိမ်းချမ်းဆုကြီးအားလည်း ပထမဦးဆုံး ချီးမြှင့်ခံခဲ့သော ငြိမ်းချမ်းရေးဖခင်ကြီးလည်း ဖြစ်သည်။

ရှင်ဘုရင်ခေတ်၊ နယ်ချဲ့အရင်းရှင်ခေတ်နှင့် ဆိုရှယ်လစ်လူ့ဘောင်သစ် တည်ဆောက်မည့် ခေတ်ကြီးသုံးခေတ်အတွင်းတွင် မဖောက်မပြန် တော်လှန်သည့်ပြည်သူများနှင့် လက်တွဲမဖြုတ် လုပ်ဆောင်သွားရှာသည့် ပြည်သူ့ဖခင် ဆရာကြီးကို ကြည်ကြည်ညိုညို လေးလေးမြတ်မြတ် ကန်တော့ရင်း ဆရာကြီးတစ်သက်လုံး ကြိုးပမ်းသွားရှာတဲ့ . . .

(၁) အမျိုးသား လွတ်လပ်ရေး၊

(၂) လွတ်လပ်တဲ့ အမျိုးသားတွေ ဆင်းရဲတွင်းက ထွက်နိုင်ရေး၊

(၃) တစ်မျိုးသားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် လုပ်ဆောင်နိုင်ရေးတို့ကို ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားဖို့ အဓိဋ္ဌာန်ပြုကြရမှာ ဖြစ်ပါတော့သည်။

ထို့အပြင် အဘ သခင်ကိုယ်တော်မှိုင်း၏ မြေးဖြစ်သူ ဒေါ်မြမြအေး၏ မွန်မြတ်သော ဆန္ဒဖြစ် သည့် အဘ သခင်ကိုယ်တော်မှိုင်းပြတိုက် ဖြစ်မြောက်ရေးကိုလည်း သမိုင်းပညာရှင်များ၊ အဖိုးတန် သမိုင်းအတ္ထုပ္ပတိကို ဖော်ထုတ်လိုသော အလှူရှင်များ၊ ပြည်သူပြည်သားများနှင့် မျိုးဆက်သစ် လူငယ်/ရွယ်များက တာဝန်သိစွာ၊ တာဝန်ရှိစွာဖြင့် ၀ိုင်းဝန်းအကောင်အထည် ဖော်အပ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ 

(အမေ လူထုဒေါ်အမာ၏ “ဆရာကြီး သခင်ကိုယ်တော်မှိုင်း” စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။)

ကျော်သူ