ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သူခိုးဓါးရိုးကမ်းတဲ့ သစ္စာဖေါက်မှုကြီး (ဒုတိယပိုင်း) ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

သူခိုးဓါးရိုးကမ်းတဲ့ သစ္စာဖေါက်မှုကြီး (ဒုတိယပိုင်း) 
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ဓါတ်ငွေ့တွေ တွေ့လာပြီး ထိုင်းနဲ့ ဒီဓါတ်ငွေတွေ စတင်ရောင်းပေးလို့မှ မကြာခင်မှာ နယ်စပ်မှာ နယ်မြေ အငြင်းပွားမှုလေး လုပ်ပြပါတယ်။ ဘာမသိညာမသိ စာရေးဆရာမကြီး (ဒေါက်တာမတင်ဝင်း)ကလည်း ထိုင်းဝေဖန်ရေးတွေရေးပြီး ခေတ်ထပြလိုက်ပါတယ်။ သူကလဲ သာရင်ဘက်ကူးရန် ၀န်မလေးသူလေ။ အဲဒီမတိုင်ခင်ကတော့ အမှတ်-၅၄-ဆိုလား ခြံထဲမှာ လာကျယ်ပြနေသေးတယ်။ ကျနော်က ထောင်ထဲမှာ ရီချင်နေတယ်။ ဘယ်လိုလုပ် ထိုင်းကိုတိုက်ရဲမှာလည်း.. ဓါတ်ငွေ့ကိစ္စ အတွက်ဟိုဘက်က တော်တော်လေး ပေးကမ်းထားတာ။ ဖေါ်လိုက်ရင် ဖင်စုတ်သွားပါမယ်။

အဲဒီလိုဘဲ... တိုင်းရင်သား ငြိမ်းအဖွဲ့တွေ အများစုကို ၁၉၉၁- ၉၂ တွေမှာ ငြိမ်းချမ်းရေးယူ အပြီးမှာ ကန်ထရိုက်တွေ ပေးပါတယ်။ ဥပမာ (ဥပမာပေါ့ - စတင်းဂန်းအဖွဲ့) ကိုပုဇွန် တန်၂၀၀- ပို့ခွင့်သစ်ကျွန်းတန်-၁၀၀၀-ပေါ့ ပေးပါတယ်။ ငြိမ်းအဖွဲ့တွေအတွက် လုံခြုံရေးဆိုပြီး ရန်ကုန်လာရင် ထောက်လှမ်းရေး- ၆ (လေဆိပ်အနီးမှာ နေကြရတာများတယ်)..။ အဲဒီကန်ထရိုက်ရထားတာကို ပွဲစားတွေဆီကို ထောက်လှမ်းကဘဲ တဆင့်ဆက်သွယ်ပေးတာပါ။ သူတို့ကို လုံခြုံရေးဆိုပြီး အကျယ်ချုပ်သဘောပါဘဲ။ ပွဲစားတွေ ကုန်သည်တွေက ငြိမ်းအဖွဲ့ တွေနဲ့  တွေ့ ချင်ရင် အဲဒီ ထောက်လှမ်းရေးဝင်းထဲ ၀င်တွေ့ ကြရတာ။ အပြင်မှာတွေ့ ကြရင်လည်း ထောက်လှမ်း တပ်ကြပ်ကြီး ၂-ယောက်လောက်အမြဲပါတယ်။

အဲဒီမှာ ဥပမာ ပုဇွန်တန်- ၁၂၀ -ကို ပါမစ်လေးတင် ကုန်သည်လက်ထဲအပ်ပေးလိုက်ရုံပါ။ ထားပါတော့ တစ်တန်ကို အမြတ် တစ်သိန်းရရင် တန်-၂၀၀ အတွက် အမြတ် သိန်း- ၂၀၀ လောက်ရတယ်ပေါ့။ အဲဒီမှာ ရန်ကုန်ရောက်နေသူ ငြိမ်းခေါင်းဆောင်တွေကို ခင်ဗျားက အမြတ်ထဲက သိန်း-၂၀-ယူ  ခင်ဗျားက ၁၅.သိန်းယူနဲ့ ထောက်လှမ်းက ခွဲတမ်းလေးလုပ်ပြီး ကိုယ်ကျိုးရှာခိုင်းတယ်ပေါ့။ အဖွဲ့ကိုတော့ သိန်း-၅၀ လောက်ပဲ အမြတ်ပြတယ်။ အိမ်အတွက်ကားဝယ်ကြ ဘာကြပေါ့။ မြို့မရောက်တာကြာ တခါ ခပ်ကဲကဲ နာမည်ကြီးလေးတွေနဲ့ ချိတ်ပေးလိုက်တော့ တချို့သော သူပုန်ကြီးတွေကလည်း ကြီးမှ အကြောထခွင့် ကြုံကြရတော့ ထကြပေါ့။ ဆော်လေးတွေနဲ့ပွားဖို့ ငွေကပိုလိုလာရော။ အဖွဲ့ရံပုံငွေတွေ ကိုယ်ကျိုးရှာလာတော့ ငထောက်တွေ က အမြီးဖြတ်တာ ခံလိုက်ကြရပြီ။ အားလုံးတော့မဟုတ်... ဒါပေမယ့် အများကြီးရှိခဲ့တယ်။ ပိုင်းလုံးမင်းသမီးတဦးဆို အဖွဲ့တော်တော်များများ ခေါင်းဆောင်တွေနဲ့ တွဲခဲ့ ပိုင်းပြစ်ခဲ့တယ်။ န.အ.ဖ ကို အာခံဖို့တော့ စိတ်တောင်မကူးနဲ့။ ကိုယ်ကျိုးရှာထားတာတွေ ပွေထားတာတွေ ကိုဖွင့်ချလိုက်ရင်။ အဲဒီလိုခေါင်းဆောင်မျိုးတွေကတော့ သိတဲ့အတိုင်းပေါ့။ န.အ.ဖ. ကဆိုရင် မကတတ်လဲ ချိုမိုင်မိုင် လုပ်ပြကြရတော့တာပေါ့။


ဒီလိုပါဘဲ.... ဗိုလ်သန်းရွှေလည်း ထိုင်းနဲ့ စစ်ရေးဟန်ပြင်ပြနေတာပါ။ ဘယ်တိုက်ရဲမှာလည်း တိုက်ရင် ဓါတ်ငွေ့ပိုက်လိုင်းကို ဖျက်ရတော့မယ်။ ဖျက်ရရင် ဟိုကဖေါ်တော့မယ်လေ။ ကျနော်ကထောင်ထဲကနေ လောင်းကြေး ခေါ်နေတာ။ သိပ်သိပေါ့ အပြတ်ကို လောင်းကြေးခေါ် ပွဲလုပ်နေမိကြတယ်။ ဒါကို ဥပါယ်တမျှင် လို့ပြောမလား ပရိယာယ်လို့ ပြောမလား။ လူကြီးလူကောင်းလိမ်တာ ကိုခေါ်တာလေ။ အခုတရုတ် ပေးလိုက်ရတာကတော့ ရှင်းပါတယ်။ ဗွီတို အာဏာကြေးပေးလိုက်ရတာပါ။ ဒီထက်ပိုပြောရရင် အခြေအနေမကောင်းလို့ ဆွေမျိုးပေါက်ဖေါ်တို့ဆီ ပြေးရရင်လည်း ရှိသေးတယ်လေ။ တကယ်တော့ တရုတ်ကလည်း သန်းရွှေ လိုခပ်ညံ့ညံ့ လူကို ကျားကန်ပေးထားရတာ သိပ်အကြိုက်တွေ့ နေတယ်။ သူတို့ ရဲ့  ဗွီတိုကိုရောင်းစားလို့ ရတဲ့သူ ဖေါက်သယ်ကြီးတဦး အပိုင်ရထားတာပဲ။ ထာဝရ ဖေါက်သယ်ကြီးပေါ့။ ဗွီတို သုံးစရာပေါ်လေ (၀) ကြိုက်လေးပေါ့။ ရွှေရွှေမျက်ဖြူဆိုက်လေ ယီးဇင်းကြိုက်လေပေါ့။

အခုကြည့် တနေ့ ကဘဲ စာဆောင်တွေမှာ ၂၀၁၀ - နှစ်အတွက် မြန်မာနိုင်ငံက စွမ်းအင် လောင်စာအတွက်  တင်သွင်းရတာ ဒေါ်လာအားဖြင့် (၁.၅)ဘီလျှံ ရှိတယ်ဆိုတာ။ ဒါလုပ်ငန်းတွေ တိုးလာရင် ဘီလျှံပေါင်း..၃-၄ ဘီလျှံ ဖြစ်လာပါမယ်။ မြန်မာပြည်ကထွက်တဲ့ ဓါတ်ငွေ့တွေ အကုန်ထုတ်ရောင်းပြီး ငါတို့ လုပ်ချင်သလိုလုပ်မယ် အချိုးအတွက် မကြာခင်နှစ်တွေမှာ သိလာရပါမယ်။ အခုနေ အနောက်နိုင်ငံတွေကနေ စီးပွားရေးပိတ်ထားတာ ဖွင်ပေးကြည့်ပါလား... လောင်စာဖိုးပိုလိုလာမယ်။ ဒီကြားထဲမှာ အတိုက်အခံတွေအနေနဲ့  အနောက်နိုင်ငံကြိးတွေံကို စီးပွားကို နေ့ စားခ အနိမ့်ဆုံး-တနေ့ ကို -၅- ဒေါ်လာပေးမှသာ လက်ခံပါလို့ အခြေအနေတခု သတ်မှတ်ထားပေးရန် တောင်းဆိုလိုက်ရင် ကြွဲပီ။ လုပ်အားခတိုးပေးဖို့ လောင်စာကုန်ကျမှုကို လျှော့ချရန် လုပ်ရပါတော့မယ်။ အခုဟာက မြန်မာစက်ရုံတွေက လောင်စာအတွက် ကုန်ကျနေရတာကများနေတယ်။

နေ့စားအလုပ်သမားခ တိုးပေးလိုက်ရရင် ၀န်ထမ်းလစာတွေ စစ်သည်တော်လစာတွေ ပင်စင်စားလစာတွေ တိုးပေးလာရပါတော့မယ်။ သမ္မတကြီးခမျ ဒီလိုမှန်းမသိလို့ သမ္မတလုပ်မိပါတယ် ထအော်ယူစေရပါမယ်။ သူ့အတွက် ရေခဲစက်ပါတဲ့ ခေါင်းပေါင်း တီထွင်ပေးရပါမယ်။ နောက်တခု အခုသမ္မတကြီး အကြံပေး အဖွဲ့ ကလည်း ဒီလောင်စာအတွက် ကုန်ကျမှုကို လျှော့ချဖို့ထက် ထပ်တိုးဖို့သာ စဉ်းစားရမှာပါ။ ဘတ်ဂျက်အတွက် မလွယ်ပါဘူး။ အဲဒါကြောင့် သမ္မတကြီးဟာ နိုင်ငံတော်ကို တိုးတက်စေချင်တယ်ဆိုရင် န.အ.ဖ ခေတ်ကလို ပါးစပ်ထဲက ပြောချင်ရာပြောလို့ ရတဲ့ခေတ် မဟုတ်တော့ဘူး။ တခုခု ပြတ်ပြတ်သားသား လုပ်ရပါတော့မယ်။ လောင်စာကိစ္စကို ရေရှည် စီမံကိန်းချမှတ်တာ မလုပ်ခဲ့ရင် စီးပွားရေးမှာ ကွဲပါတော့မယ်။ ဗိုလ်သန်းရွှေ ဓါတ်ငွေ့လက်မှတ်ထိုးတဲ့ ၉၅- တုန်းက.. ရေနံစိမ်းက တပေပါ မှ- ၁၅- ၁၇ ဒေါ်လာလောက် ရှိသေးတာ။ အဲဒီ ၁၇-ဒေါ်လာ ဈေးနှုန်းဟာ ၂၀၀၄ အထိ ဒီဈေးလောက်ဘဲ ရှိနေပြီး နောက်ပိုင်း ၂၀၀၆ နောက်ပိုင်းဈေး တက်တက်လာတာ..၂၀၀၇ -နှစ်မှာ ရေနံစိမ်းတစည်ကို ဒေါ်လာ-၇၀-ကျော်လာတော့ န.အ.ဖ .ဘတ်ဂျက်မကိုက်တော့ဘူး။ အဲဒီမှာ လစာကလည်း တိုးပေးထားရတယ် တိုင်းပြည်အတွက် ဈေးပေါပေါနဲ့ သုံးလို့ရတဲ့ဓါတ်ငွေ့ကို အတ္တစိတ်နဲ့ ထုတ်ရောင်းထားတာ လောင်စာဈေးတွေ တက်လာတော့ ဓါတ်ဆီဈေး ဒီဇယ်ဆီဈေးတွေ တင်လိုက်တာ နိုင်ငံရေးအုံကြွမှုကြိးနဲ့  ကြုံရတော့တာပါဘဲ။

ရွှေဝါရောင်နဲ့ တွေ့ရတော့တာပါဘဲ။ ရွှေဝါရောင်တော်လှန်ရေးမှာ အပြင်ပန်းကြည့်ရင် န.အ.ဖ.က နိုင်လိုက်တယ် ထင်ကြမှာပေါ့။ တလောက ဗိုလ်ရွှေ မ.ဆ.လ. လူကြီးတွေကို ဆုံပြီး သူမသိလိုက်ရပါဘူး ပြောရတယ်ဆိုကထဲက စဉ်းစားသာကြည့်။ အပေါ်ယံမှာ နိုင်တယ်.. တကယ်လည်း ဗိုလ်သန်းရွှေဟာ ရွှေဝါရောင် ဖြစ်တော့ သူ့လူယုံကို ကြိုပြောထားတယ်။ အစည်းအဝေးမှာကျတော့ သူခေါင်းမူးနေတယ် ပြောထားပြီး မပါသလိုနေပြတယ်။ သူ့လက်ရုံးက ဘယ်ဘုန်းကြီး ဘယ်ခေါင်းဆောင်ကို ဘယ်လိုပြစ် အကုန်သူ့ရှေ့မှာ ဆွေးနွေးကြရတာ။ သူက ပြစ်ခတ်တာ မလုပ်ခင်ကတည်းက တရက်မှာ တရားခံ မဖြစ်ရအောင် ဂွင်ဆင်ထားပြီးလုပ်တာ။ အဲဒီဟာကို မ.ဆ.လ. လူဟောင်းကြီးတွေကနေ တဆင့် ခေါင်းရှောင်ပြတာပဲ။ သူမသိလိုက်ရပါဘူးပေါ့။ ဘယ်သူနိုင်တယ်ဆိုတာ ဘယ်သူ ရှုံးမယ်ဆိုတာ သေနတ် မပစ်ခင်ကထဲက ..ပေါ်နေပါပြီ။ ဇူလိုင်-၇ ရက်နီးလာတော့ ၈၈၈၈- လုံးမှာ ကျောင်းသားသမဂ္ဂ ဗုံးခွဲမှုကို ဗိုလ်နေ၀င်း ခေါင်းရှောင်တာထက် ဆိုးနေပြီ။ သူက မလုပ်ခင်ကထဲက တရားခံ ကို အပ်ထားပြီးပြီ။

အခု ဗိုလ်သန်းရွှေက နိုင်ငံကထွက်သမျှ ဓါတ်ငွေ့တွေကို အကုန် ထုတ်ရောင်းစားထားတယ်။ အခု သမ္မတ အသစ်စက်စက်ကြီး အတွက် ပိုဒုက္ခရောက်လာမှာက ရေနံစိမ်းဈေးက တစ်ပေပါကို ဒေါ်လာ-၁၀၀- အထက်ရှိနေတာက များနေပြီ။ တခါ ပြည်တွင်းသုံးကလည်း ပိုများလာပြီ။ ဓါတ်ငွေ့ ရောင်းလို့ရတဲ့ငွေက တနှစ်ကို ၂- ဘီလျှံ ဆိုတာက ထိုင်းက ၀ယ်ယူတဲ့ပမာဏ။ အစိုးရက အဲဒီထဲက.. ၁၅- % ဘဲရတာ။ ကျန်တာက ပိုက်လိုင်းရင်းနှီးထားသူ။ ဓါတ်ငွေ့တွင်းကို ရင်းနှီး တူးဖေါ်ထားသူတွေက ပြန်ယူသွားတာ။ အခုရခိုင်က ရွှေဓါတ်ငွေ့တွင်းဆိုရင် ပိုဆိုးတယ်။ မြန်မာက ၁၅-% တောင်မရဘူး... ဒါကိုပြည်သူတွေ အကုန်လုံးက မသိတော့ အစိုးရလက်ထဲ တနှစ်ကို ငါးဘီလျှံလောက် ၀င်နေတယ်နဲ့ အတည်ပေါက် ဖိန့်နေတာ။ အခုထိုင်းရောင်းနေတဲ့ ၂.၈ ဘီလျှံထဲက မြန်မာအစိုးရ ရတာက ဒေါ်လာသန်း ၄၀၀- နီးနီးလောက်ဘဲရတာ။ အခု ကိုယ်က ရေနံပြန်ဝယ်ရတာက - ၁.၅.- ဘီလျှံ။ ဒီဝယ်ယူရတဲ့ ပမာဏက (စွမ်းအင် ပမာဏပေါ့) ကိုယ်ရောင်းထားတဲ့ ဓာတ်ငွေ့က ရမယ့် ပမာဏထက် အများကြီး နည်းနေပါတယ်။


အခုနေ နိုင်ငံရေးသမားတွေက အနောက်နိုင်ငံကြီးတွေက စီးပွားရေးပိတ်ထားတာကို နေ့စားခ ကို အနိမ့်ဆုံး..၄.၀/၅.၀-ဒေါ်လာ လောက်ပေးရင် လက်ခံပေးပါ။ ကုန်သွယ်ရေး လွတ်လွတ်လပ်လပ် ပေးလာတာ အပါအ၀င်ပေါ့ ကိုင်ပြီးတောင်းဆိုလိုက်ရင် အစိုးရကြွသွားပါမယ်။ စစ်တုရင် ကစားတော့ နယ်ရုပ်လေးတွေ တင်မက ရဲတိုက်တွေပါ ထိုးကျွေးတာမျိုး လုပ်တယ်ပေါ့။ မစားလို့ကမရ စားရင်လည်း နိုင်ငံရေး ကျိုးပေါက်ကွက်။ အခုဖြစ်နေတဲ့ ရေနံဈေးနဲ့ စီးပွားရေး တိုးချဲ့ကြည့်ပါလား....။ ရေနံစိမ်းတင်သွင်းဖို့ ငွေနဲ့တင် ကွဲသွားပါမယ်။ ရေနံစိမ်းဖိုးတင် ၃-- ၄ ဘီလျှံ ကုန်ကျပါမယ်။

အဲဒီလို တွေးကြည့်ကြပါ။ စီးပွားရေးပိတ်တယ် ဖွင့်မယ်ဆိုတာက နိုင်ငံရေးမှာ ဘွတ်ရှ်ဘရိမ်း BUSH'S BRAIN လို့ ပြောရပါမယ်။ ဘွတ်ရှ်ဘရိမ်းဘဲ သုံးပါမယ်။ အမေရိကန်သမ္မတကြီးမို့  ကျနော် သူ့အကြောင်းကို စကားထဲထည့် ပြောရင် ပြောနေကျ စကားတလုံး ဖြုတ်ထားလိုက်ပါတယ်။ အလယ်က စကားတလုံး မထည့်တော့ပါဘူး။ နိုင်ငံရေးမှာ ဒါက သူငယ်တန်း ဖတ်စာအဆင့်လို့တောင် ပြောသင့်ပါတယ်။ ကျနော်ကတော့ အမေရိကန်သမတကြိးဘွတ်ကို သိပ်အထင်မကြီးဘူး။ သူမတော်လို့ အီရတ်ကို စစ်သည် ၁၅၀-တောင်မသေဘဲ နိုင်ပြီး သူ့ဘော်ဒါကုမ္မဏီနဲ့ ၀င်အစားငမ်းလိုက်တာ အခု ၆၀၀၀-ကျော် သေရတော့တာဘဲ။ ကုန်လိုက်ရတာလဲ သောက်သောက်လဲ။ နောက်ဆုံးသူ မတော်လို့ စီးပွားရေးပါ ပြိုကွဲရတာပါဘဲ ။ ကြိုမြင်ထားရင် ကာကွယ်လို့ ကျားကန်ပေးထားလို့ ရတာပေါ့။

(ကျနော့်မိတ်ဆွေ သမီးတဦးနဲ့ မိတ်ဆွေ နောက်တဦးရဲ့သား တဦးတို့ ၂၀၀၇ - နှစ်လယ်လောက်က မြို့ပြအင်ဂျင်နီယာ တက်မယ် လုပ်တော့ ကျနော် အပြတ်တားပါတယ်။ အမေရိကန်မှာ ဆောက်လုပ်ရေးတွေ ကွဲပြီး စီးပွားပါပျက်တော့မယ်လို့။ နိုင်ငံတခုမှာ ဘဏ်ကြီးတွေ အကြောင်း သိသလောက်လေးပေါ့။  လူပြိန်းအသိပေါ့။ စီးပွားရေးပညာရှင် အသိတော့မဟုတ်ဘူးနော်။ ဘယ်လို ချိန်ထိုးကြည့်ရတယ် ဆိုတာလေး ကျနော် သိထားတာလေး တရက် မျှဝေပေးပါ ဦးမယ်)

မြန်မာနိုင်ငံကိုစီးပွားရေး ပိတ်ဆို့တယ်။ တရုတ်နဲ့ အိန္ဒိယ အာဆီယံတွေ မပါဘဲ အကောင်အထည် လက်တွေ့ ပေါ်လာနိုင်စရာမရှိတာကို ဇွတ်လုပ်ရဲတာ အံ့သြတယ်။ ကျနော်သာ သူ့နေရာမှာဆို မပိတ်ခင် ကုန်သွယ်ရေးလုပ်ငန်းတွေ တိုးလာအောင် အရင်လုပ်လိုက်မယ်။ ကုန်သွယ်မှု ပမာဏကြီး လာပြီဆိုမှ အဲဒါနဲ့ ကိုင်စကားပြောမယ်။ လုပ်ငန်းကြီးကြီးကို ထိုးရပ်အောင်လုပ်လိုက်ရင် တဖက်က ၀က်ဝက်ကွဲတာ မျိုးဖြစ်အောင် အရင်မွှေးရတာ။ အမေရိကန် မူဝါဒတွေက အဲဒီလို အပိုင်ကိုင်လို့ရတဲ့ အခြေအနေအထိ စိတ်ရှည်ရှည် ချီယူလာတတ်တာ။ ပြီးမှ အပိုင်ကိုင်လို့ ရပြီဆိုမှ လည်မျိုကိုညစ် စကားပြောတတ်ကြတာ။  သူ့ကျမှ ဖုတ်ပူမီးတိုက် ကောက်ခါငင်ခါ ထလုပ်ထဲ့တာ။ နောက်ဆုံး ၂၀၀၇- နိုဝင်ဘာ Australia / Sydney မြို့မှာ အင်ဒိုနီးရှားသမ္မတ မေးတာကို စီးပွားရေးပိတ်ဆို့တာ မအောင်မြင်ပါဘူး မဖြစ်နိုင်ပါဘူးဆိုပြီး ၀န်ခံသွားရှာပါတယ်။ ဒါကို အထဲက ပါတီကြီးတွေက ဟိုက ကျနော်လုပ်တာ မအောင်မြင်ပါဘူး ၀န်ခံထားတာကို ပိတ်ဆက်ပိတ် အော်နေတာ။

ဒါကိုအခုအတိုက်အခံတွေက ပိတ်ဆို့ရေးတောင်းဆို ဆက်တင်းခံနေကြတာ ပြန်စဉ်းစားစေချင်ပါတယ်။  ကျနော်ပြောသလို ကန့်သတ်ချက်လေးတခုနဲ့ ပြန်ဆက်သွယ်တာလုပ်ရင် နိုင်ငံရေးအရ အစိုးရကွဲသွားပါမယ်။ (အသေအချာ) သေချာပေါက် ကွဲစေရပါမယ်။ ဘိလိယက် ထိုးသူတွေ အမြင်ပေါ့။  တခါတလေ တဖက်လူ အနီးကို ဘောလုံးထိုးပေးထားလိုက် သလိုမျိုးပေါ့။ တခါတလေ ကန်နင်ရိုက်ထိုးတာမျိုးလို နောက်ပြန်ထိုးတာကိုလည်း တွေးကြည့် ပုံဖေါ်ကြည့်ဖို့ လိုပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ရေနံစိမ်းဈေးဟာ ယခုအတိုင်း ၉၀-အထက်မှာ ကြာကြာဆက်ရှိနေရင် ဓါတ်ငွေ့ တင်သွင်းပြီး စွမ်းအင်ထုတ် သုံးနိုင်တဲ့ နိုင်ငံတွေ အနုမြူစွမ်းအင် အသုံးပြုနေတဲ့ နိုင်ငံတွေကို ကျနော်တို့ မြန်မာလုပ်ငန်းရှင်တွေ အချိန်တိုလေးအတွင်းမှာ လက်မြောက် အရှုံးပေးလာရပါတော့မယ်။ အဲ့ဒီမှာ အလုပ်လက်မဲ့တွေ စွတ်တိုးလာပြီး တနိုင်ငံလုံး ဘာဒီမိုကရေစီမှ မအော်နိုင်ဘဲ ဆန်ပေးပါ အော်လာကြပါတော့မယ် ။ ကနေ့လား နက်ဖန်လား။

အဲဒီလို အော်မလာအောင် အခုနိုင်ငံတော်ကို အုပ်ချုပ်နေသူတွေက တကယ် ဘဲတိုင်းပြည်မဆူအောင် အစွမ်းကုန် ဟန့်တားပါ့မလား။ နိုး- မဟန့်တားပါဘူး။  တကယ်ဟန့် တားမယ်ဆိုရင် သူတို့ ခိုးထားတာတွေ ဒီမှာပြန်ရင်းနှီးမှာပေါ့။ သူတို့က ပါးစပ်ကတော့ မဆူအောင်လုပ်မယ် လက်က ခိုးထားတာတွေ ကျစ်ကျစ်ပါအောင်ဆုပ် ပြည်ပထုတ်နေတာလေ။ ဆူလာပါမယ်.... သေချာပေါက်ဆူလာပါမယ်။  ဒီတခါဆူလာမှာက လူထုတရပ်လုံး ရှောင်လွှဲလို့ မရတော့တဲ့ ၀မ်းရေးပြသနာ။ ဆန် တောင်းပွဲ။ စားဖို့ ဆန် တောင်းတာကို ကျည်ဆံနဲ့ ဖြေရှင်းလိုက်ရင် ????

အခု သမ္မတကြီးရဲ့ အကြံပေးတွေ ဘာကို နံပတ်တစ် ဦးစားပေး တွေးတော နေကြပါသလဲတော့မသိ။ စီးပွားရေးတွေ ထိုးရပ်လာနိုင်စရာရှိနေပါပြီ။ အခုမြန်မာငွေဈေးက မာနေတယ်နော်။ အဲဒါ ကျနော် အကြိမ်ကြိမ်ပြောနေတဲ့ စတီးရွိုက် ဖြတ်လိုက်လို့ တက်လာတဲ့ ပြသနာ။ အထဲက အလွယ်တကူ ပေးချေနိုင်တဲ့ ငွေမရှိတော့လို့ (အသားလွတ် ၀ိုက်ထားတဲ့ ကျပ်ငွေတွေ ကုန်ခမ်းသွားလို့) မြန်မာငွေ ခိုင်မာသလိုလိုနော်။ မြန်မာငွေဟာ ဒီထက် ပိုမာလာနိုင်ပါမယ်။ အဲဒါကောင်းသော ခိုင်မာမှုမဟုတ်ဘူး။ ပြီး စီးပွားရေးတွေလဲ ထိုးရပ်ကော... အဲဒီလိုဖြစ်လိုက်တာနဲ့ လက်ထဲမြန်မာငွေ ကိုင်ထားသူတွေက ဒေါ်လာကို အလုအယက် ပြန်ဝယ်တာ လုပ်လာပါမယ်။ အဲဒီကျရင် မြန်မာငွေဈေး ပြန်ထိုးကျပြီး currency crash ဖြစ်လာနိုင်ပါတယ်။ ၉၇-က ထိုင်းငွေဈေးကျသလို အတော်လေးနီးစပ်နေပါပြီ။

မြန်မာတွေ အခုနေတော့ မြန်မာငွေကိုကိုင်ထားကြပါ။ သတိတော့ လျှင်လျှင်သာထားကြပါ။ စီးပွားရေးတွေ တန့်လာတာနဲ့ မြန်မာငွေကို အမြန်ဆုံးသာထုတ်ကြပေတော့။ နောက်ကျတဲ့သူ နောက်ချေးနဲ့ သလဲဘဲ။  အခုတခေါက် မြန်မာငွေတန်ဖိုး ပြန်ကျရင်အိမ်တွေမှာ ရင်းနှီးထားသူတွေက ပိုနာပါမယ်။ အဲဒီမှာ အိမ်ဈေးက ထိုင်းမှာဖြစ်တာနဲ့ အခုအမေရိကန်မှာ ဖြစ်တာထက် ၃/၄ဆ ပြန်ပိုနာပါမယ်။ သူတို့နဲ့မတူတာက မြန်မာနိုင်ငံမှာ တာဆူနေတာ တခုရှိနေလို့ပါ။ အခုအမေရိကန်မှာ အိမ်ဈေးက ပြောရင်တောင် သိပ်ယုံရခက်အောင် ကျသွားပါပြီ။

မြန်မာပြည်မှာ ငွေဈေးကျတော့ ထိုင်းဖြစ်တုံး ကလို အာဆီယံတခုလုံးကို ဂယက်ကူးဆက်မှုမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီကျရင် အစိုးရက နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ကြီးကို ထောက်ပံ့ငွေ တောင်းရပါတော့မယ်။ အဲဒီကျရင် ပြင်မရအောင် လုပ်ထားပါတယ်ဆိုတဲ့ နာဂစ်ဥပဒေကြီး ..ဟဲဟဲ ကြည့်ကြသေးတာပေါ့။ ပြင်မရဘူးဆိုတာကြီး ဒူးထောက်သွားစေရပါမယ်။ ပြင်မရဘူး ပျက်သွားပါမယ်။ ၁၉၉၇- ခုနစ် အာရှငွေဈေးပြိုကွဲတော့ အာရှရဲ့ ကျားကြီး တကောင်အဖြစ် န.၀.တ. က ကိုးကားဖေါ်ပြခဲ့တဲ့ အင်ဒိုနီးရှား သမတကြီး ဆူဟာတိုဟာ ငွေကြေးပြိုကွဲလာတော့ နောက်ဆုံး ကမ္ဘာငွေကြေးရ့ပုံငွေအဖွဲ့  IMF (International Monetary Fund) အဖွဲ့ဆီကနေ ငွေကြေးထောက်ပံ့မှုကို လက်ခံခဲ့ရပါတယ်။ အဲဒီငွေကြေးအဖွဲ့ က ဒီလိုမဖြစ်ခင်က နိုင်ငံရေး စီးပွားရေး အကြံ ပြုဘူးပါတယ်။ လက်မခံခဲ့ပါဘူး။
သူ့ ငွေကြေးလဲ ပြိုကွဲရော IMF က ချမှတ်တဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြာင်းလဲရေး လုပ်ပါမယ်ဆိုတဲ့ မူကို အရင်လက်ခံရပါတယ်။ သူတို့ချမှတ်ပေးတာကို လက်မခံဘဲ ငွေထုတ်မချေးပါဘူး။ ဒီလိုထုတ်ချေးတာက အဲဒီလိုစီးပွားပျက်ချိန်ဆို ဘယ်သူကမှ မချေးတော့တဲ့အချိန်လေ။ ဟိုကချေးတာက ကူညီတဲ့အနေနဲ့ ချေးတာ။ အဲဒီတော့ အင်ဒိုနီးရှား သမ္မတကြီးဆူဟာတိုဟာ IMF ငွေကြေးအဖွဲ့ဥက္ကဌ (Michel Camdessus) ရဲ့ ရှေ့မှာ ဟိုက ကလေးတယောက် အပြစ်ရှိလို့ ဆုံးမ ထားသလို လက်ပိုက်ကြည့်နေတဲ့ မျက်လုံး မျက်နှာထားတင်းတင်း အောက်မှာ ကျုံကျုံလေးနဲ့ လက်မှတ်ထိုးနေခဲ့ရတဲ့ပုံ ကိုမျက်စေ့ထဲက မထွက်ပါဘူး။ ဟိုက မာမာပြောသလောက် မျက်နှာလေးကြို့ပြီး မျက်နှာချိုသွေး လက်ခံခဲ့ရတာပါ။ လက်မှတ်ထိုးပြီးတာနဲ့  ပြုပြင်ရေးထဲ ပါထားတဲ့ သဘောတူညီချက်အတိုင်း အာဏာ လက်လွှတ်ပေးလိုက်ရပါတယ်။

အဲဒီလက်မှတ်ထိုးတာကို ဒုတိယကမ္ဘာစစ်အပြီး ဂျပန်လက်နက်ချတော့ ဂျပန်ရေတပ်ဗိုလ်ချုပ်ကြီးက မစ်ဇူရီ စစ်သင်္ဘောကြီးပေါ်မှာ အမေရိကန် ပစ္စိဖိတ် ရေတပ်စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ် မက်အာသာရဲ့ရှေ့မှာ ဂျပန်စစ်ဗိုလ်ချုပ်ကို အမေရိကန်ဗိုလ်ချုပ်က လူရာမသွင်းတဲ့ပုံစံနဲ့ (မင်းတို့လက်နက်ချတဲ့ စာချုပ်ပါအချက်တွေကို လက်ခံလား ..အဆင့်သင်ဖြစ်ပြီလား.) နဲ့အသံက ဟိန်းဟောက်သလိုနဲ့ မေးတယ်။ အမေရိကန်ဗိုလ်ချုပ်ကြီးက ဂျပန်တွေရဲ့မျက်နှာကို မကြည့်ဘူး။ လက်ကိုခါးမှာ ထောက်ထားပြီး အဆင့်သငြ့်ဖစ်ရင် လက်မှတ်ထိုး ဟိုကထိုးကြရပါတယ်။ ပြီးပြီလား ဆင်းတော့တဲ့။

ဆူဟာတို ဒူးမထောက်ရရုံတမယ် လက်မှတ်ထိုး ခဲ့ရတာကို ဂျပန် လက်နက်ချရတာနဲ့ တူနေတယ်လို့ မီဒီယာကြီးတွေက ခိုင်းနှိုင်းထားခဲ့ကြပါတယ်။ အခုကျနော်တို့ သမ္မတကြီးလဲ သမတလုပ်ရတာမှ လေးလ မရှိသေးဘူး IMFက ကိုင်တာခံရမယ့် ကိန်းဘက်ကို လှမ်းနေပါပြီ။ သမ္မတကြီး အစိုးရက လဲ အင်ဒိုနီးရှားကို ပုံတူကူးထားတာလေ။ လွှတ်တော်မှာ စစ်ဗိုလ် -၂၅-% ဆိုတာ အင်ဒိုနီးရှားက ပုံစံကိုယူထားတာ။ ကမ္ဘာမှ ဘယ်နိုင်ငံမှာမရှိတဲ့ စံနစ်လေ။ နောက် နောက်ခံထားတာကလည်း အင်ဒိုနီးရှားမှာက ဂေါ့်ခါး ပါတီ။ ဒီမှာက ကြံ့ခိုင်။ တနင်္လာနံ နှစ်လုံးပူးယူထားတာ.. ကြည့်ကြသေးတာပေါ့။ ၂၅- % နဲ့  တနင်္လာ နံပူး။

ဟိုကဒူးထောက်ရတော့ အစိုးရသက်တမ်းက နှစ်က ၃၂- နှစ်လောက်ရပြီ။ အာရှကျားကြီးလို့ သတ်မှတ် ခံလိုက်ရှာသေးတယ်။ ဒီက အခုမှ သုံးလသားလေး။ သုံးလသားဆိုတော့ လေးဘက်တောင် မမှောက်တတ်သေးဘူး။ ဒူးဘယ်လိုလုပ် ထောက်မလဲတော့မသိဘူး။ နို့ဘူးတန်းလန်းနဲ့။ တခါ IMF နဲ့တွေ့တော့ ဟိုက ဥက္ကဌ အသစ်စက်စက် ပူပူနွေးနွေးက ပြင်သစ်သူ အမျိုးသမီး။ ကြည့်ကောင်းပြီ။ မိန်းမအုပ်ချုပ် တိုင်းပြည်ပျက်မယ် ဆိုတဲ့သူတွေနဲ့ ပြင်သစ်မကြီးနဲ့။ တွေးကြည့်ရင် ဘယ်လောက် မျက်နှာငယ်ရှာရမလဲလို့။

သမ္မတကြီး အကြံပေးအဖွဲ့ ဝင်များလဲ စစ်ဖြစ်တဲ့နှစ်မှ စစ်ထဲဝင်မိသလို ဖြစ်နေကြပါတယ်  နိုင်ငံကထွက်တဲ့ ဓါတ်ငွေ့ကို တိုင်းပြည်အတွက်ပြန် သုံးဖို့အခုချက်ချင်း (အရေးပေါ်) မလုပ်ရင် လူထုအုံကြွမှုကို ဖြေရှင်းဖို့ ၀ါးရင်းတုတ် သင်တန်းကိုအမြန် လေ့ကျင့်ထားပေတော့။ GAS ကိုပြည်တွင်းသုံးဖို့ အရေးပေါ် ပြန်မစီစဉ်ကြရင် GUARD ဂါတ်တဲထဲ လူတွေ ဖမ်းထဲ့ဖို့  ဂါတ်တဲတွေ အမြန်ဆောက်ကြပေတော့။

အချုပ်အနေနဲ့ ပြောရရင် သမ္မတကြီးဦးသိန်းစိန်ဟာ ဗိုလ်ရွှေ ပေါက်ကရလုပ်ခဲ့တဲ့ အရှုပ်ထုပ်ကြီး ဗြဗ္မာကြီးခေါင်းကို ကိုင်ထားရတဲ့ ဘ၀ကိုရောက်နေပါတယ်။ လွယ်ကူသောပြသနာ မဟုတ်ပါဘူး။ ပေါ့သေးသေး မထင်ကြပါနဲ့။ ဗိုလ်ရွှေ ရှုပ်ထားတဲ့ အရှုပ်ထုပ်ကို ခင်ဗျားတို့ရဲ့ ဆွေမျိုးပေါက်ဖေါ်ကရော တကယ် ခင်ဗျားတို့အပေါ် စိတ်ရင်းစေတနာ အမှန်ရှိတယ်ထင်နေလို့လား။ အခုမကြာခင် လောင်စာ အကြပ်အတည်းကြောင့် စီးပွားရေးတွေ ထိုးရပ်လာရင် သူကခင်ဗျားတို့ကို သူယူထားတဲ့ ဓါတ်ငွေ့ မျှသုံးကြတာပေါ့ လုပ်ပေး မျှပေးလာမယ် ထင်ပါသလား။ မိတ်ဆွေအစစ်လားဆိုတာ မကြာခင်ပေါ်လာပါမယ်။ ကြည့်ကြသေးတာပေါ့ဗျာ။

နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးကို ဟောကိန်းထုတ် ကြိုတင်ရေးရတာ အင်မတန် တာဝန်ကြီးပါတယ်။ ကျနော်ဆီမှာ အချက်အလက်ကလည်း ပြည့်ပြည့်စုံစုံမရှိပါ။ အခုမှန်းဆချက်က သိပ်ထင်သာ မြင်သာရှိလာနေလို့သာ ရေးရဲတာပါ။ တတ်လွန်းလို့ မဟုတ်ရပါဘူး။ ဆင်ကြီးလာနေတာ မမြင်ရသေးပေမယ့် မြေတုန်နေတာနဲ့ ခန့်မှန်းနိုင်ပါပြီ။ သစ်ပင်တွေကို ဆင်တိုးလို့ သစ်ပင်တွေ ကျိုးသံ ကိုနားထောင်တတ်ရင်လည်း ခန့် မှန်းနိုင်ပါတယ်။ အပေါ်က ငှက်တွေ ဆူညံနေသံတွေ လှိုင်နေပါပြီ။

ဆက်လက် တင်ပြပါဦးမယ်...

လှိုင်မြင့်
သူခိုးဓါးရိုးကမ်းတဲ့ သစ္စာဖေါက်မှုကြီး အပိုင်း(၁) ပြန်ဖတ်ချင်ရင် Click