ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သာသနာရေးရှုထောင့်နဲ့သာ ဆည်းကပ်သင့်သော ဆရာတော်ကြီး (ဆောင်းပါးရှင် သီတလ)

 ဗန်းမော်ဆရာတော်ဘုရားကြီး ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ် တိုကျိုမြို့ နီပိုရီသုဿန်သို့ 
မေတ္တာပို့ အမျှပေးဝေရန် ကြွရောက်လာစဉ်... (ဓာတ်ပုံ ဝိမုတ္တိသုခ)
သာသနာရေးရှုထောင့်နဲ့သာ ဆည်းကပ်သင့်သော ဆရာတော်ကြီး
(ဆောင်းပါးရှင် သီတလ)
သာသနာရေးရှုထောင့်နဲ့သာ ဆည်းကပ်သင့်သော ဆရာတော်ကြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး အမေရိကားကို ရောက်တုန်း ရောက်ခိုက်မှာ ၀ါရှင်တန် မက်ထရို မြန်မာမိသားစုများက ဆရာတော်ဘုရားကြီးကို အိတ်ဖွင့်ပေးစာ ပေးပို့ဆက်ကပ်တယ် ဆိုတဲ့အကြောင်း
မိုးမခ မီဒီယာမှာ ဖတ်ရပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=9425&Itemid=1

စာထဲမှာ ရေးထားတာကတော့ နိုင်ငံရေးအကျဉ်းကျ သံဃာတော်များနဲ့ သီလရှင်ဆရာလေးများ လွတ်မြောက်ရေးအတွက် ဆရာတော်ဘုရားကြီးက အကူအညီပေးဖို့ လျှောက်ကြတာပါ။ ဒီမတိုင်မီ ရက်အနည်းငယ်ကလဲ အဲဒီမှာ သီတင်းသုံးနေကြတဲ့ ဆရာတော်အချို့က ဆရာတော်ဘုရားကြီးကို အလားတူ စာမျိုးပေးပို့ ဆက်ကပ်ကြကြောင်း ဖတ်ရပါသေးတယ်။

ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာမြန်မာ့လူ့အဆောက်အအုံကြီးကို ကြည့်လိုက်ရင် ဆရာတော်ကြီးတွေကို အလွန်ကို မြတ်မြတ်နိုးနိုးနဲ့ တလေးတစား အလေးထားကြတာ ကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရှေးအခါကဆိုရင် ရပ်ထဲရွာထဲမှာ ကိုယ့်အချင်းချင်း ဖြေရှင်းလို့ မရတဲ့ ကိစ္စမျိုးပေါ်ပေါက်လာရင် ရွာဦးကျောင်းဆရာတော်ရဲ့ အဆုံးအဖြတ် ကိုပဲ ရယူခဲ့ကြပါတယ်။ ဆရာတော်ရဲ့ အဆုံးအဖြတ်ကိုပဲ တစ်ရပ်လုံး တစ်ရွာလုံးက လေးလေးစားစားနဲ့ လိုက်နာခဲ့ကြပါတယ်။ ဒါကြောင့်လည်း မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး အရှင်ဇနကာဘိဝံသ က “ဘာသာသွေး”ဆိုတဲ့ စာအုပ်ကလေးထဲမှာ “ တို့ မြေဌာနီ၊ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း၊ စံရာကျောင်းမှာ၊ ငြိမ့်ငြောင်း သာယာ၊ မိန့်အာဏာကို၊ ရပ်ရွာလူများ၊ လွန်လေးစားခဲ့” လို့ ရေးသားခဲ့တာ မဟုတ်ပါလား။ အခုအချိန်ထိအောင် ကျွန်တော်တို့တွေဟာ ကိုယ့်မိသားစုထဲက တစ်ယောက်ယောက်က ပြောမရ ဆိုမရ ဖြစ်လာရင် ကိုယ်နဲ့ ဆရာ ဒကာလိုရော မိသားစုလိုပါ ရင်းနှီးနေတဲ့ ဘုန်းဘုန်းတွေနဲ့ တွေ့တဲ့အခါ “ဘုန်းဘုန်းဘုရား၊ ဘယ်သူတော့ဖြင့် ပြောမရ ဆိုမရနဲ့၊ ဘုန်းဘုန်း ဆုံးမပေးပါအုံး” ဆိုပြီး ကျွန်တော်တို့ နှုတ်က အလိုလို လျှောက်မိတတ်ကြပါတယ်။


အခုလည်းပဲ အမေရိကားက ဆရာတော်များနဲ့ မြန်မာမိသားစုများက ဗန်းမော် ဆရာတော်ကြီးကို အားကိုးတကြီးနဲ့ မိမိတို့ဆန္ဒကို ဖွင့်ဟလျှောက်ထားကြတာဟာ မြန်မာ့ စိတ်ရင်းကို ဖော်ပြကြတာဖြစ်လို့ အပြစ်ဆိုစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခု သတိပြုစေချင်တာက ဗန်းမော်ဆရာတော်ဘုရားကြီးဆိုတာဟာ ငယ်စဉ်ကာလ ကတည်းက စာပေပညာဘက်ကိုပဲ တစိုက်မတ်မတ်နဲ့ ကြိုးစားအားထုတ်ပြီး ပရိယတ် ပဋိပတ်တွေထဲမှာပဲ စိတ်ကို နှစ်မြုပ်ထားတဲ့ ဆရာတော်ကြီး ဖြစ်တယ်ဆိုတာပါ။ အခြား ထွေလီကာလီ ကိစ္စတွေမှာ စိတ်ပါဝင်စားခြင်း ရှိတော်မူတယ် လို့တော့ ကျွန်တော် မကြားမိပါဘူး။ ဒါကြောင့်လည်း ဆရာတော်ကြီးဟာ စာပေပရိယတ်အရာမှာ ထူးချွန်ပြောင်မြောက်တော်မူပြီး ပရိယတ် သာသနာတော်ဆိုင်ရာ ထိပ်တန်းတာဝန်ကြီးတွေကို ထမ်းဆောင်တော်မူနိုင်တာ ဖြစ်ပါတယ်။

ကျွန်တော်သိရသလောက် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆိုတဲ့, စစ်အာဏာရှင်တွေနဲ့ ကင်းကင်း ရှင်းရှင်း နေလို့ မဖြစ်နိုင်တဲ့ တာဝန်ကို ဆရာတော်ကြီးက ယူတော်မမူချင်ပါဘူး။ အခြားဆရာတော်ကြီးတွေ အများစုက ၀ိုင်းဝန်းတိုက်တွန်းကြ လို့သာ “သံဃာအား ဘုရားမဆန်သာ” ဆိုတာလို မလွှဲသာမရှောင်သာ တာဝန်ယူတော်မူရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပရိယတ် ပဋိပတ်အပေါ်မှာပဲ စိတ်ကို နှစ်မြုပ်ထားပြီး စာပေပရိယတ်အရာမှာ ထူးချွန်ပြောင်မြောက်တဲ့ ဆရာတော်မျိုး ဆိုတာဟာ သာသနာရေး ရှုထောင့်အရ ကြည့်မယ်ဆိုရင် သာသနာတော်မှာ ရတောင့်ရခဲ ဆရာတော်မျိုး ဖြစ်ပါတယ်။ ဒီလိုဆရာတော်ကြီးမျိုးကို နိုင်ငံရေးရှုထောင့်အရ ချဉ်းကပ်ပြီး အကူအညီတောင်းခံကြတာဟာ သင့်တော်ပါ့မလား တွေးစရာ ဖြစ်ရပါတယ်။

ဆရာတော်ကြီးကိုယ်တော်တိုင်က ကိုယ်ကျက်စားရာနယ်ပယ် မဟုတ်သော်လည်း အိပ်ဖွင့်ပေးစာ ဆက်ကပ်ကြတဲ့ ဆရာတော်တွေ၊ တပည့်ဒကာ ဒကာမတွေကို ငဲ့ညှာထောက်ထား, ထောင်ထဲမှာ နှစ်ရှည်လများ ဒုက္ခတွေကို ဆိုးဆိုးဝါးဝါး ခံစားနေကြရတဲ့ သံဃာတော်တွေ သီလရှင်ဆရာလေးတွေကို သနားလို့ စစ်အာဏာရှင်တွေကို လွှတ်ပေးဖို့ ပြောတယ် ဆိုလျှင်တောင် စစ်အာဏာရှင်တွေက လွှတ်ပေးပါ့မလား။ ကျွန်တော်တော့ နည်းနည်းလေးမှ မထင်ဘူးဗျာ။ ပြောနေကြအတိုင်း လိမ်နေကြ ညာနေကြအတိုင်း “နိုင်ငံရေးကြောင့် အကျဉ်းကျနေတာ မရှိပါဘူးဘုရား၊ ပြစ်မှု ကျူးလွန်လို့ ကျတာပါဘုရား”ဆိုပြီး ပလီပလာ ပြောမှာကိုပဲ မြင်နေမိပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ စစ်အာဏာရှင်ဆိုတာက သူတို့ရဲ့ အာဏာကို ထိခိုက်လာမယ်ထင်ရင် ဗန်းမော်ဆရာတော်ဘုရားကြီး မပြောနဲ့ ၊ သက်တော်ထင်ရှား မြတ်စွာဘုရား ကိုယ်တော်တိုင် ကြွပြီး ပြောရင်တောင် ရမှာ မဟုတ်ပါဘူး။ လက်နက်ကို အင်အားအဖြစ်နဲ့ ကိုးကွယ်ဆည်းကပ်နေသူတွေအတွက် သူတော်ကောင်း ပုဂ္ဂိုလ်တွေရဲ့ မေတ္တာ ကရုဏာစကားတွေဟာ သဲထဲရေသွန် ဖြစ်နေမှာပါ။ ဒီလိုအခြေအနေမျိုးမှာ သက်တော်အရ ကြီးရင့်တော်မူပြီဖြစ်တဲ့, ကျန်မာရေးကောင်းလို့, ခရီးကြွနိုင်လို့သာ အမေရိကမှာ ရောက်နေကြတဲ့ ဒကာဒကာမတွေ ဖူးတွေ့ခွင့်ရတဲ့, သာသနာတော်မှာ ရတောင့်ရခဲ ဆရာတော်ဘုရားကြီးကို ဖူးတွေ့ရတုန်းမှာ နိုင်ငံရေးအရ အပူမကပ်ဘဲ သာသနာရေး ရှုထောင့် တစ်ခုတည်းကပဲ ချဉ်းကပ်ပြီး ကုသိုလ်ယူကြ စေချင်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ စစ်တပ်က စစ်တပ်နေရာ မနေဘဲ နိုင်ငံရေးထဲ ၀င်ရှုပ်ပြီး တစ်နိုင်ငံလုံးကို ဂုတ်သွေးစုပ်နေသမျှ သာသနာရေးကိစ္စကိုသာ ဆောင်ရွက်ကြ ရမယ့်ဆရာတော် သံဃာတော်တွေရော, ပညာရေးကိုသာ တစိုက်မတ်မတ် လုပ်ကြရမယ့် ကျောင်းသား ကျောင်းသူတွေရော,ပြည်သူတစ်ရပ်လုံးကပါ စစ်တပ်ကို နိုင်ငံရေး နယ်ပယ်က မောင်းထုတ်ပြီး စစ်အာဏာရှင် စနစ်ကို အမြစ်ပါပြုတ်အောင် လုပ်နေကြရဦးမှာပါ။ ဒီလို စစ်အာဏာရှင်စနစ် အမြစ်ပြုတ်အောင် လုပ်ဆောင် ကြတဲ့နေရာမှာ နိုင်ငံအတွက် ရင်မအေးနိုင်လို့ ကိုယ်တတ်နိုင်ရာက ပါဝင်လှုပ်ရှား တော်မူကြတဲ့ ဆရာတော် သံဃာတော်တွေကို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ လေးစားကြည်ညိုကြရမှာ ဖြစ်သလို အလားတူ သာသနာရေး သက်သက်ကိုသာ စူးစူးစိုက်စိုက် ဆောင်ရွက်တော်မူကြတဲ့ ဆရာတော်ဘုရားကြီးများ ကိုလဲ သာသနာရေး ရှုထောင့်အရ လေးစားကြည်ညိုကြရမှာ ဖြစ်ကြောင်းပါခင်ဗျား။

သီတလ