ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူမှုရေးဖြင့် သာသနာပြုခြင်း, (သား)သုခရဲ့ အားဆေးတစ်ခွက် (နာရေးကူညီမှုအသင်း ရန်ကုန်)

လူမှုရေးဖြင့် သာသနာပြုခြင်း
လှိုင်မဟာစည် ၀ိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်သည် ကျေးဇူးတော်ရှင် ဆဋ္ဌသံဂီတိပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊ အရိယမဂ္ဂလမ်းညွှန်၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု မဟာစည်ဆရာတော် ဘုရားကြီး၏ နည်းနာနိဿယအတိုင်းကျင့်သုံးကြတဲ့ ကျောင်းများအနက်မှ တစ်ကျောင်းဖြစ်ပြီး ရန်ကုန်မြို့၊ လှိုင်မြို့ နယ်၊ (၁၁) ရပ်ကွက်၊ ယောဂီကျောင်းလမ်း လှိုင်တက္ကသိုလ်အနီးတွင် တည်ရှိပါသည်။ ၄င်းအပြင် လှိုင် မဟာစည် ၀ိပဿနာကျောင်းတိုက် ဆရာတော် အရှင်စန္ဒ၀ရက အနေဖြင့် မြန်မာပြည်အနယ်နယ် အရပ်ရပ်သို့ မဟာသတိပဋ္ဌာန် ၀ိပဿနာတရား ပြန့်ပွားစေရန်အတွက် ကမ္မဋ္ဌာနာစရိယများ စေလွှတ်၍ တရားစခန်းများဖွင့်လှစ် သင်ကြားသာသနာပြုခဲ့ပါသည်။ ထိုသို့သွားရောက်၍ သာသနာပြုရာတွင် မဖွံ့ဖြိုးသောဒေသအချို့မှ ပညာဆက်လက် သင်ကြားလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်မသင်ကြား နိုင်သည့် ပညာသင်အရွယ် ချင်း၊ ကရင်၊ ပအို့ဝ်၊ ၀၊ ပဒေါင်၊ မွန်၊ ဗမာ စသည့် ကလေးငယ်များကို တွေ့ရှိခဲ့ရသည်။

ဤတွင် ပညာသင်နိုင်သည့် ကလေးငယ်များ၏ဘ၀ကို လောကီပညာ၊ လောကုတ္တရာ ပညာနှစ်မျိုးဖြင့် မြှင့်တင်ပေးလိုသော လှိုင်မဟာစည်ဆရာတော်ကြီး၏ မေတ္တာနှင့် ဆန္ဒအရ ၁၉၉၈ ခုနှစ်တွင် တိုင်းရင်းသားကလေးများ လောကီ၊ လောကုတ္တရာ ပညာသင် ထောက်ပံ့ရေးအဖွဲ့ကို စတင်ဖွဲ့စည်း၍ လှိုင်မြို့နယ်၊ လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက်တွင် သင်ကြားပေးလျှက်ရှိရာ ကျောင်း သား/သူ (၁၀၀) ဦးရေခန့် ရှိခဲ့ပြီဖြစ်သည်။ ထိုသို့ သင်ကြား ပေးရာတွင် ကျောင်းတိုက်မှ သင်တန်းနည်းပြ ရဟန်းတော်များ၊ သီလရှင်များ၊ တိုင်းရင်းသား/သူလေး များအပြင် ပြင်ပမှ စေတနာရှင်၊ ၀ါသနာရှင် ဆရာ/မများကပါ လာရောက်၍ သင်ကြားပညာဒါန ပြုခဲ့ကြသည်။

၁၃.၇.၂၀၁၁ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည် သူ၏ အမ ၀မ်းကွဲဖြစ်သူ မပြုံးပြုံးရီ လူကြုံပါးလိုက်သော ပစ္စည်းကို လှိုင်မဟာစည်ကျောင်းတိုက်၌ သီလရှင် ဆရာလေးထံတွင် သွားရောက်ယူဆောင်ရာ လှိုင်မဟာစည်ဆရာတော်ကြီးမှ ဦးကျော်သူအား တွေ့ဆုံ လိုသည်ဟု မိန့်ကြားသည့်အတွက် ဆရာတော်ဘုရားကြီးအား သွားရောက်ဖူးတွေ့စဉ် ဆရာတော် ဘုရားကြီးမှ မြတ်စွာဘုရားလက်ထက်တော်တွင် ဖြစ်ပေါ်ခဲ့သော အနုပညာရှင်တို့၏ နောက်ဆုံးသွား ရာလမ်းနှင့် ယသ သတို့သား၏ အများသူငါတို့အပေါ် ကိုယ်ကျိုးစွန့် ပေးဆပ်ခဲ့မှုများအကြောင်းကို ဆုံးမသြ၀ါဒ ပြောကြားပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှိုင်မဟာစည် ဆရာတော် ကြီး ကမ္မဋ္ဌာနာစရိယ ဆရာတော်လေးများ၊ ကမ္မဋ္ဌာနာစရိယ သီလရှင်ဆရာလေးများနှင့် ယောဂီ ကျောင်းသား/သူများက စုပေါင်းလှူဒါန်းငွေ (၁၀၀၀၀၀/-) ကျပ်တိတိကို လှူဒါန်းပေးအပ်ခဲ့သည်။ လှူဒါန်းမှုအပြီး သီလရှင်ဆရာလေးများ၏ တောင်းဆိုချက်၊ လှိုင်မဟာစည်ဆရာတော်ကြီး၏ ခွင့်ပြု ချက်အရ တိုင်းရင်းသားကျောင်းသား/သူ (၅၀) ဦးခန့်ကို လူမှုရေးလုပ်ဆောင် ပေးဆပ်ချက်များ၊ အတွေ့အကြုံများကို နွေးထွေးစွာပြောဆိုခွင့် ရရှိခဲ့သည်။ ထိုသို့ လောကီ၊ လောကုတ္တရာ ပညာရပ်များ အား လာရောက်သင်ကြားကြသော တိုင်းရင်းသားကျောင်းသား/သူများအပေါ် လူသားတို့ ထားရှိရမည့် လူ့ကျင့်ဝတ်များ၊ လူမှုရေးပေးဆပ်မှုများကို မိမိတို့၏ ခေါင်းလှုပ်တိုင်း၊ ပါးစပ်လှုပ်တိုင်း၊ လက်လှုပ်တိုင်း၊ အချိန်တိုင်း အချိန်တိုင်း၌ ကုသိုလ်ရရှိအောင်နေထိုင်ကြဖို့ ပြောကြားသွားခဲ့ခြင်းသည် လူမှုရေးဖြင့် သာသနာပြုခြင်းပင် ဖြစ်တော့သည်။
(သား)သုခရဲ့ အားဆေးတစ်ခွက်
၁၄.၇.၂၀၁၁ (ကြာသပတေး)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်ရှိရာ မြောက်ဒဂုံ မြို့နယ်သို့ ကျေးဇူးရှင် စာရေးဆရာ ဒါရိုက်တာ ဘဘဦးသုခ၏ သားဖြစ်သူ သုခ(သား) (ခ) ကိုရဲအောင် တို့မိသားစုအား ဘဘဦးသုခ၏ တပည့်ရင်းဖြစ်သူ ဒါရိုက်တာ ဦးနှင်းမိုးမှ လိုက်လံပို့ဆောင် ခဲ့သည်။

သုခ(သား) (ခ) ကိုရဲအောင်သည် နိုင်ငံရပ်ခြား၌ နေထိုင်နေသူတစ်ဦးဖြစ်ပြီး စာရေးဆရာ တစ်ဦးလည်းဖြစ်သည်။ ယခု မြန်မာပြည်သို့ရောက်ရှိခိုက် ဖခင်ဖြစ်သူ ဘဘဦးသုခ မျိုးစေ့ချပေးခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လေ့လာမှုပြုပြီးနောက် အလှူငွေ ၁၅၀၀၀၀/- ကျပ်အား သဒ္ဓါထက်သန်စွာဖြင့် လှူဒါန်းခဲ့သည်။ ထို့အပြင် သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)သို့လည်း လူနာ များအား ဆေးဝါးကုသမှုတို့ကို လိုက်လံလေ့လာခဲ့သည်။ သုခ(သား) (ခ) ကိုရဲအောင်သည် မိဝေး ဖဝေး ရဟန်းသံဃာ ဆရာသမားများနှင့် ဝေးလံသော နိုင်ငံရပ်ခြားတွင် နေထိုင်နေသော်လည်း မြန်မာပြည်တွင်းရှိ လူငယ်တို့အတွက် ဘ၀ရပ်တည်ချက်စာပေများ၊ ငါးပါးသီလကို နေ့စဉ် ဆောက်တည်သောလူများ၊ ဆောက်တည်ရကောင်းမှန်း မသိသောသူများ၏ ကိုယ်ကျင့်တရား ခြားနားမှု ဆောင်းပါးများနှင့် လူမှုအကျိုးဆောင်၊ လူငယ်ပြုပြင်ရေးများကို ရေးသားနေသော ဘဘ ဦးသုခ၏ စာပေမျိုးစေ့ဖြစ်သော သုခ(သား) အမည်ဖြင့် ရေးသားနေသော စာရေးဆရာတစ်ဦး ဖြစ်သည်နှင့်အညီ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)တို့တွင် လိုအပ်သော အထောက်အကူပစ္စည်းများ၊ အကူ အညီများကို ဆက်လက်ဆောင်ရွက်ပေးမည်ဟုလည်း ပြောကြားသွားသည်။

ဘဘဦးသုခ မျိုးစေ့ချထူထောင်ခဲ့သော နာရေးကူညီမှုအသင်း (ရန်ကုန်)၏ တိုးတက် မြင့်မားမှုများနှင့် အများပြည်သူတို့အပေါ် ထိရောက်သောကူညီမှုများ ပြုလုပ်ပေး ခြင်းတို့အပေါ် သုခ(သား) (ခ) ကိုရဲအောင်သည် များစွာကျေနပ် ၀မ်းသာပီတိဖြစ်ကာ သာဓု … သာဓု … သာဓုဟု ခေါ်ဆိုသွားပါသည်။

ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် ဘဘဦးသုခ မျိုးစေ့ချထူထောင်ပေးခဲ့သော နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ရှင်သန်တိုးတက်အောင် ပြုလုပ်နေကြဆဲအချိန်တွင် အတိုက်အခိုက် အနှောင့် အယှက် အဟန့်အတားများ ကြုံကြိုက်ခံစားနေရစဉ် ကွယ်လွန်သွားရှာပြီဖြစ်သော ဘဘဦးသုခအား ရည်မှန်းတောင်းတအောက်မေ့နေဆဲ ဘဘဦးသုခ၏ ရင်သွေးဖြစ်သူ သုခ(သား) (ခ) ကိုရဲအောင် ရောက်ရှိလာခြင်းသည် ကျွန်တော်တို့အတွက် မဟာအားဆေးတစ်ခွက် သောက်သုံးလိုက်ရခြင်းပင် ဖြစ်တော့သည်။

အဘလမ်းပြခဲ့တဲ့ . . . အမွေ
အဘလမ်းညွှန်ခဲ့တဲ့ . . . အမွေ
အဘဦးဆောင်ခဲ့တဲ့ . . . အမွေ
အဘမျိုးစေ့ချခဲ့တဲ့ . . . အမွေ
အဘရဲ့အမွေ . . . အားလုံးနဲ့ဆိုင်တဲ့အမွေ . . . အားလုံးပိုင်တဲ့အမွေ
ဒီအမွေကို . . . အပွန်းအပဲ့မခံနိုင်
အနိုင်ကျင့်မခံနိုင်
အစော်ကားမခံနိုင်။

တန်ဖိုးမဖြတ်နိုင်တဲ့ . . . အမွေ။
အဘရဲ့အမွေကို တိုးပွားအောင် လုပ်ဆောင်ရမှာ တစ်မျိုးသားလုံးရဲ့အလုပ်။
အဘရဲ့အမွေကို မြှင့်မားလာအောင် လုပ်ဆောင်ရမှာ တစ်မျိုးသားလုံးရဲ့တာဝန်။
အဘရဲ့အမွေကို ဂုဏ်ရှိန်မြှင့်အောင် လုပ်ဆောင်ရမှာ တစ်မျိုးသားလုံးရဲ့ဝတ္တရား။
အဘရဲ့အမွေကို သမိုင်းထူနိုင်အောင် လုပ်ဆောင်ရမှာ တစ်မျိုးသားလုံးရဲ့အဓိဋ္ဌာန်။
ဒီအမွေကို . . . ထိပါးစော်ကား အနိုင်ကျင့်လာရင်တော့
ဗြဟ္မစိုရ်တရား လက်ကိုင်မထားနိုင်တော့ . . . သွေး သွေးခြင်း၊
အသက် အသက်ခြင်း၊
သမိုင်း သမိုင်းခြင်းလဲရန်အသင့်။
အဘယ့်ကြောင့်နည်း။ အဘရဲ့ အမွေသည် ဗုဒ္ဓရဲ့အမွေကြောင့်ပင် ဖြစ်တော့သည်။

ကျော်သူ