ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စွန့် စား ဆောင်းပါးရှင် (သခင်နွယ်)

စွန့် စား

စာပေဟောပြောပွဲတစ်ခုတွင် စာရေးဆရာကြီး ဦးအောင်သင်းက “မြန်မာပြည်ကြီး လွတ်လပ်ရေးရအောင် ဖော်ဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူသေတော့ သူအတွက် ဘာများယူသွားနိုင်လို့လဲ၊ သူဝတ်ခဲ့တဲ့ ယူနီဖောင်းလေးကိုတောင် ချန်ထားခဲ့ရတယ်၊ ဗိုလ်ချုပ်က မစားပဲ ချန်ထားရစ်ခဲ့တာတွေကို အခုလူတွေက မချန်ပဲ စားနေရတာမဟုတ်လား” ဆိုပြီး ပြောသွားခဲ့ဖူးသည်၊ သူ၏စကားများက မှတ်သားစရာကောင်းသလောက် သင်္ခန်းစာယူဖို့လည်း ကောင်းလှသည်။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုသို့ ပေးကမ်းလှူဒါန်းမှု ပြုကြရာတွင်ဖြစ်စေ၊ အများအကျိုးပြု လုပ်ငန်းတစ်ခုခု လုပ်ကြရာတွင်ဖြစ်စေ စစ်မှန်သည့် မေတ္တာကိုအခြေခံကြမှသာလျှင် ပါရမီပူရိတ ကောင်းမွန်သည့် လုပ်ဆောင်မှုတိုင်း၏ ပြီးမြောက်အောင်မြင်ခြင်းတို့ကို ရရှိနိုင်ပေသည်။ ယင်းသို့မဟုတ်ပဲ အကျိုးရလာဒ် တစ်စုံတစ်ခုကို မျှော်ကိုးပြီး လုပ်ဆောင်ပါက လိုချင်တပ်မက်မှု ရာဂက မေတ္တာဟန်ဆောင်ထားတာကြောင့် ကိစ္စတစ်ခုပြီးမြောက်ရေးတွင် အဟန့်အတားတစ်ခု ဖြစ်စေနိုင်သည်။ ရာဂ လောဘ၏သဘောမှာ မိမိအတွက် ရယူပိုင်ဆိုင်လိုခြင်း တစ်နည်းအားဖြင့် ဆိုရသော် မစွန့်ပဲ စားတတ်သည့် သဘောရှိပြီး မေတ္တာ၏သဘောမှာ သူတစ်ပါးအကျိုးအတွက်သာ ရှေ့ရှုတတ် စွန့်လွှတ်တတ်သည့် သဘောသတ္တိရှိသည်။

မြတ်ဗုဒ္ဓ၏ စကားတော်အနှစ်ချုပ်တွင် ကုသိုလ်ရေးလုပ်ငန်းတို့၌ စိတ်ဓာတ်ဖြူစင်ရေးသည် တစ်ခုအပါဝင်ဖြစ်သည်။ စိတ်ဓာတ်ကို ၀ိပဿနာပွါးများမှုဖြင့် ဖြူစင်စေနိုင်သလို မည်သည့်ကောင်းမှု အကျိုးပြုလုပ်ငန်းကို လုပ်ဆောင်သည်ဖြစ်စေ မိမိအတွက် တောင်းတမျှော်ကိုးခြင်း (လာဘ)၊ တစ်ပါးသူ လေးစားမြတ်နိုးမှုကို ရလိုမှု (သက္ကာရ)၊ ထင်ပေါ်ကျော်ကြားလိုမှု သူတစ်ပါးအထင်ကြီးမှုကို ရယူလိုစိတ် (သိလောက)၊ အကောင်းနဲ့အဆိုး အကြောင်းနဲ့ အကျိုးတို့ကိုမစဉ်စားပဲ အများလုပ်၍သာ ထလုပ်ခြင်း (ကုလာစာရ) တို့မပါဝင်ပဲ မေတ္တာစိတ်သက်သက်ဖြင့် လုပ်ဆောင်လျှင်လည်း စိတ်၏စင်ကြယ်မှု ကြည်လင်မှုတို့ကို ရရှိနိုင်ပြီး ရရှိလာသည့် အကျိုးကျေးဇူးတို့ကိုလည်း လိပ်ပြာသန့်သန့်ဖြင့် ခံစားနိုင်သည်။ ဆိုလိုသည်မှာ ဘုန်းကြီးအောင် လုပ်ယူခြင်းထက် လုပ်ခြင်းကြောင့် ဘုန်းကြီးခြင်းက ပို၍သာလွန်သည်။ ဘုန်းဟူသည် အပြစ်ကင်းစင်ပြီး ကောင်းသော လုပ်ဆောင်မှုအတွက် ရရှိလာသည့် အသီးအပွင့် ရလာဘ်များပင် မဟုတ်ပါလော။

မြန်မာနိုင်ငံတွင် ကာလကြာငြောင်းစွာ ဖြစ်ပွါးနေသည့် တိုင်းပြည်တွင်း ပြဿနာများသည် မိမိတို့၏ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်မှုအပေါ်တွင် များစွာမူတည်နေသည်။ တစ်ချိန်တည်းမှာပင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပါသည်ဆိုသည့် ဆန့်ကျင်ရေးပုဂ္ဂိုလ် အများစုကြီးမှာလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေခြင်းမျိုးမဟုတ်ပဲ စစ်အာဏာရှင်ပုဂ္ဂိုလ်များကိုသာ ဆန့်ကျင်နေသည့် သဘောပေါ်လွင်နေသည်။ အကြောင်းကတော့ စစ်အာဏာရှင်တို့၏ မူဝါဒ လမ်းစဉ်များအတိုင်း ကိုယ်တိုင် ကျင့်သုံးနေကြခြင်းကြောင့် ဖြစ်သည်။

စံနစ်ဆိုးတစ်ခု ပပျောက်စေရေးတွင် လူတစ်ခုတည်းကိုသာ တော်လှန်နိုင်လိုက်ရုံမျှဖြင့် အောင်မြင်သည်ဟု မဆိုနိုင်ပေ၊ ယင်းတို့၏ မူဝါဒ စနစ်ဆိုးတို့ကိုလည်း မိမိကိုယ်တိုင်က လိုက်ပါ၍ မကျင့်သုံးခြင်းဖြင့် တော်လှန်နိုင်မှ ပပျောက်နိုင်ပေသည်။ အခြားတစ်ဖက်တွင်လည်း အနာဂတ် မျိုးဆက်သစ်တို့ လျှောက်လှမ်းကြရမည့် ခရီးလမ်း သာယာဖြောင့်ဖြူး၍ ပျော်ရွှင်နိုင်ကြစေရေးအတွက် မစားပဲ စွန့်တတ်၊ ချန်ရစ်တတ်သည့် စိတ်ဓာတ် သို့တည်းမဟုတ် မျှဝေခံစားတတ်သည့် စိတ်ဓာတ်မျိုး မွေးမြူကျင့်သုံးကြဖို့ အထူးလိုအပ်လှပေသည်။

သခင်နွယ်