ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဖိုးသူတော်လဲတော့ တောင်ဝှေးမကူနိုင်(၁) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ဖိုးသူတော်လဲတော့ တောင်ဝှေးမကူနိုင်
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
မြန်မာနိုင်ငံကို တရုတ်က ကျားကန်ပေးနေတယ်လို့ ပြောတာထက် ဂုတ်ကိုစွဲပြီး ထောင်ထားပေးတယ် ပြောရရင် ပိုဆီလျှော်ပါမယ်။ တရုတ်ပြည်ကြီးဟာ ဦးနေ၀င်း လက်ထက်တုန်းက ကျတော့ အတိုက်အခံမရှိတော့ ဦးနေ၀င်းကို တိုက်တယ်။ ပီကင်းရေဒီယိုကနေ ကျနော်တို့လို ဦးနေ၀င်းအစိုးရကို လက်မခံနိုင်တဲ့ သူတွေတောင် ကြာတော့နားကြား မြင်းကပ်လောက်အောင် အရူးမ အသံနဲ့ နေ၀င်း-စန်းယု စစ်အစိုးရနဲ့ တအားအော်နေတော့တာပါဘဲ။ ဗ.က.ပ. ကို ငွေအား လက်နက်အား လူအားနဲ့ကူခဲ့တယ်။ ၁၉၇၃- လောက်ကစတင်ပြီး ပီကင်းရေဒီယိုကနေ တရုတ်တပ်မတော်က ဒီဝီဇံ တပ်မကြီးတခု ဥက္ကဌကြီးမော်ရဲ့ အမိန့်ကို ဖီဆန်ပြီး အိမ်နီးချင်းနိုင်ငံတခုထဲ ထွက်သွားတယ် ဗြောင်ကြေငြာပြိး ဗ.က.ပ တွေဘက်က လူအားနဲ့ ၀င်တိုက်ပေးတယ်။ ရှမ်းပြည်ဘက်မှာ တိုက်ပွဲကြီးတွေ ဖြစ်ရတယ်။ မြန်မာတပ်တွေဆို တပ်ရင်းလိုက် ဗ.က.ပ. အမည်ခံ တရုတ်တပ်တွေ လက်ထဲကျရတယ်။

မြန်မာနိုင်ငံမှာ ၈၈၈၈-လုံး ဒီမိုကရေစီရေစီးကြောင်းကြီး ပေါ်လာတာနဲ့ ကမန်းကတန်း ကုန်သွယ်ရေး သဘောတူညီချက်တွေ တက်သုတ်ရိုက် သဘောတူလိုက်ပြီး စစ်တပ်ကို ကျားကန်ပေးတော့တယ်။ မ.ဆ.လ. ပါတီ အရေးပေါ်ညီလာခံ ခေါ်ပြီး ဗိုလ်နေ၀င်း နုတ်ထွက်နေချိန်မှာ နယ်စပ်ကုန်သွယ်ရေး သဘောတူညီချက်လုပ်ပြီး ဒီမိုကရေစီ ရေစီးကြောင်းကြီး မပေါ်လာအောင် အပြတ်လုပ်ဆောင် ပါတော့တယ်။ တရုတ်က သူ့အိမ်ဘေးကပ်လျှက် မြန်မာမှာ ဒီမိုကရေစီ ထွန်းကားလာမှာ ပူပင်တာ အချက်အများကြီးပါ.....။
(၁) အဓိကနဲ့  အရေးကြီးဆုံးပါ။ သူ့နိုင်ငံနဲ့ နယ်နမိတ် အများဆုံး ထိစပ်နေတာက မြန်မာက (မွန်ဂိုးလီးယား နဲ့ရုရှား မှအပ) အများဆုံးလဲဖြစ်။ တခါ မြန်မာက ပညာတတ်သူပေါများတယ် ။ ဒီမိုကရေစီထွန်းကားလာရင် ချက်ချင်းထောင် တက်လာမယ်ဆိုတာ သိနေတယ်။ အဓိကက သူ့ဆီကို ဒီမိုကရေစီ ရေစီးကြောင်း ကူးလာမှာ အကြောက်ဆုံး။ သူ့နားကပ်လျှက် ဘယ်ဒီမိုကရေစီနိုင်ငံမှ မရှိစေချင်ဘူး။ အထူးသဖြင့် မြန်မာပြည်မှာက တရုတ်တွေအများကြီး ရှိနေတော့ မြန်မာပြည်မှာသာ ဒီမိုကရေစီရရင် သူ့တရုတ်တွေ ဆီကို ဒီမိုကရေစီ အမြန်ဆုံး ပြန်သွားနိုင်တယ်လေ။

(၂) မြန်မာပြည်ဒီမိုကရေစီရလာရင် စီးပွားရေးအရ ပြိုင်ရမဲ့ စီးပွားပြိုင်ဘက် တခုတိုးလာမှာလည်း ပူတယ်။ သူတို့ဆီက စမ်းသပ်ထုတ်လုပ်နေတဲ့ ပစ္စည်းတွေ ပို့ရမယ့် နိုင်ငံ ညံ့ညံ့ တခုပျောက်သွားမှာလဲ ပူတယ်။ စီးပွားချင်းပြိုင်ရမယ် ပြီးးပစ္စည်းအစုတ်တွေ ညာရောင်းလို့ ရမယ့် ဈေးကွက် တခုပျောက်ပျောက်သွားမယ်။

(၃) သန်းရွှေလို အတော်လေး ညံ့တဲ့ အာဏာရှင်ရှိထားရင် အဲဒီအာဏာရှင်ဟာ သူရပ်တည်ရေးအတွက် တရုတ်ကို အားကိုးရမယ်။ အားကိုးမှု တောင်းလာတိုင်း အခုလို ဗွီတိုအာဏာ သုံးပေးနေရမယ်။  တနည်း ဗွီတိုအာဏာကို သန်းရွှေက အလားကားရတာ မဟုတ်ဘူး။ လျှို့ဝှက်ပြိး အပေးအယူနဲ့ ဗွီတို ကို ထုတ်သုံးပေးထားတာ။ ကိုးကိုးကျွန်းမှာ ရေဒါထိုင်ဖို့။ အခု ဓါတ်ငွေ့ကို ရောင်းပေးတယ်။  အခုဓါတ်ငွေ့ ပိုက်လိုင်းလုံခြုံရေးအတွက် တရုတ်တပ်တွေ ၀င်ခွင့်ပေးထားတယ်။ တနည်းပြောရရင် သူတို့ရဲ့ဗွီတိုကို ပင်တိုင်ဝယ်နေမယ့် ဖေါက်သယ်ကြီး ရထားတာပါဘဲ။

အခုဆို သန်းရွှေမြေးကို မြန်မာပြည် အုပ်ချုပ်ရေးမှုးခန့် ပေးမယ်ဆိုပြီး မြန်မာပြည်ကို တရုတ်-ဗမာ အဓိကရုံး ဖေါ်လိုက်ပြီး တရုတ်စစ်တပ်တွေဝင်လာအောင် လျှို့ဝှက်သဘောတူထားတာလဲ လုပ်ထားနိုင်တယ်။ သန်းရွှေဟာ သူ့မြေးကို ဘုရင်လို တင်မြှောက်ချင်နေတာလေ။ သိချင်ရင် ပထမ ကမ္ဘာစစ်မတိုင်မှီ တရုတ်ဗိုလ်ချုပ် ယွမ်ချီကိုင်နဲ့ ကျူးကျော် ဂျပန်စစ်တပ်နဲ့ တရုတ်ပြည်သူတွေ မသိအောင် လျှို့ဝှက်ချုပ်ဆိုထားတာ ဖတ်ကြည့်ကြပါ။ အဲဒီလိုပုံစံ လုပ်မထားဘူးလို့ ဘယ်သူ အာမခံရဲမှာလဲ။ အတ္တစိတ်ကြီးမားတဲ့ ဗိုလ်ချုပ်ယွန်ချီကိုင်လဲ ဒီလိုပုံစံချိုးခဲ့တာပါဘဲ ။

(၄) မြန်မာနိုင်ငံက ရေကြောင်းထွက်ပေါက်ကို ဒီမိုကရေစီ အစိုးရတက်လာရင် သဘောတူညီချက် ရဖို့ဆိုတာ အလွန်ဖြစ်နိုင်ချေ နည်းသွားမယ်။ ရရင်တောင် အခုလိုလည်း အပေါ်စီးရနိုင်မှာမဟုတ်တာကလဲ အဓိက ကျနေပါတယ် ။ အခုဟာကတော့ ဒူးမထောက်ရရုံတမယ် ဘ၀ရောက်နေတာလေ။

(၅) မြန်မာတွေ စီးပွားအင်အားတောင့်လာရင် သူ့တရုတ်လူမျိုးတွေ လာရောက်ရင်းနှီးဖို့ အခွင့်အလမ်းမရနိုင်ဘူး။ အနောက်နိုင်ငံတွေ ၀င်လာမှာလဲ ပူပန်တယ်။ အခုတော့ မြန်မာမြေမှာ သူတို့တရုတ်တွေက နံမည်အတုတွေနဲ့ ၀င်ငွေပြစရာမလိုဆိုပြီး ဗိုလ်သန်းရွှေကို အထူးလုပ်ခွင့် ဖွင့်ခိုင်းလိုက်တယ်။ အဲဒီတော့ ဟိုကလဲ အမြင်ကနည်းနည်းလေ။ အမိန့်ထုတ်လိုက်တယ်။ အိမ်ခြံမြေ၀ယ်ရင် ၀င်ငွေမပြနိုင်သူ အခွန်၁၂-% ဆောင်ရင် မစစ်ဆေးတော့ဘူး ဆိုပြီးဖွင့်ပေးလိုက်တယ်။  မြန်မာမြေတွေ ပြည်ပလူမျိုးခြားလက်ထဲ လက်တလုံးခြား ထိုးရောင်းတဲ့နည်းဘဲ။

(၆) မြန်မာတွေ ဒိမိုကရေစီ ရရင် မြန်မာပြည်ကတရုတ်တွေက ထိုင်ဝမ်ကို အဓိက အားထားဆက်သွယ်လာမယ် ။ မြန်မာပြည်မှာတိုင်ဝမ်တွေ မတရားရင်းနှီးလာမယ်။ ထိုင်ဝမ်ကလဲ မြန်မာ ဒီမိုကရေစီ ရမယ်ဆိုရင် ဒေါ်လာ ဘီလျှံချီသုံးဖို့  အဆင်သင့်။ ကျနော်တို့ အတိုက်အခံတွေကို မယုံစားလို့ သူတို့  အလုပ်ပြတ်နေတာ။ မြန်မာဒိမိုကရေစီ ရရင် တရုတ်ကြီး.. ထိုင်ဝမ် အရေးပူရတော့မယ်။

အခုဗိုလ်ရွှေလို လူညံ့ရထားတော့ စီးပွားရေးလုပ်တာက လုပ်တိုင်းကွဲနေတော့ ငွေပြတ်လာတယ်။ ငွေလိုလာတော့ အခွန်ငွေရဖို့  ငွေမဲတွေကို ငွေဖြူခ၀ါချပေးတာ လုပ်ပြီးရင်းလုပ်နေရတော့တယ်။

ဘာဖြစ်လာမလဲ။ တရုတ်တွေက ပြည်တွင်းရှိ တရုတ်တွေကို ငွေပေးနာမည်ခံခိုင်းပြီး အိမ်ခြံမြေတွေ ဖိဝယ် ဈေးတွေ တိုးပေးဝယ်လိုက်ကြတယ်။ နာမည်ခံထားသူ တရုတ်တွေလဲ ၀င်ငွေပိုရ။ မြန်မာတွေကို ဘေးဖယ်ထုတ်ပြီး ကျည်ဆံတချက် မဖေါက်ရဘဲ အဓိက အချက်အချာ ကျတဲ့နေရာတွေကို ဆွေမျိုးဖေါက်ဖေါ် လက်ထဲ အပ်လိုက်ရပါပြီ။ ဘာဖြစ်လာမလဲ။ မြေဈေးတက်လာမယ်။ မြေဈေး/ အိမ်ဈေး-တက်လာရင် အိမ်ငှားခ ကလဲ အတိုးနဲ့ကိုက်အောင် လိုက်တက်မယ်။ အဲဒီတော့ ငွေကြေးဖေါင်းပွမှုနှုန်း မြင့်တက်လာပါမယ်။ ကုန်ဈေးနှုန်းတွေတက်လာပါမယ်။ ပြည်သူတွေ ပိုကြပ်တည်းလာပါမယ်။

အခုပင် နိုင်ငံခြားပညာရှင်တွေက ၂၀၁၂ မှာ အာရှမှာ ငွေကြေးဖေါင်းပွမှုနှုန်း အများဆုံးနိုင်ငံ ဖြစ်လာမယ် ဟောထားကြပြီ။ ငွေဖေါင်းပွတာ အလွန်များရင် အစိုးရအခက်တွေ့မယ်။ လူတွေစားဝတ်နေရေး မလုံလောက်တာဖြစ်ပြီး ဒုတိယ ရွှေဝါရောင်တော်လှန်ရေး ဖြစ်လာပါမယ်။ လာဖို့ရှိနေပါပြီ..  ဒီတခါဖြစ်လာရင် ဘာမှ နိုင်ငံရေးစကားတွေ မအော်ဘဲ ကုန်ဈေးနှုန်းထိန်းပေးပါ။ အလုပ်အကိုင်တွေ ဖန်တီးပေးပါသာ အော်ကြပါ။ ဘာနဲ့အရေးယူမှာလည်း။ အော်ချင်သပဆိုရင် အုပ်ချုပ်သူတွေ အားလုံး ပိုင်ဆိုင်မှု ကြေငြာတာ လုပ်ရေးထည့်အော်ပါဗျာ။

အဲဒီကျရင် အခုငွေဈေး ခိုင်မာနေပါတယ်ဆိုတဲ့ မြန်မာငွေဈေး ထိုးကျလာပါမယ်။ ငွေဈေးတွေ ကမောက်ကမ ဖြစ်လာရင် စိးပွားထိုးရပ်သွားပါမယ်။ အဲဒီကျရင် နောက်တခေါက် ငွေမဲတွေ ခ၀ါချတာ လုပ်လာပါအုံးမယ်။ နောက်တခေါက်ထပ်လုပ်ရင် တရုတ်က အခုတခေါက်လို မြေဈေးကို ဈေးကြီးကြီး ပေးနေစရာမလိုဘဲ တနိုင်ငံလုံးနီးပါး ကောင်းပေ့နေရာတွေ ၀ယ်ထားပါတော့မယ်။ ၉၇-မှာ ထိုင်းမှာ ငွေဈေးကျချိန်ကတော့ ထိုင်းလုပ်ငန်းတွေကို နိုင်ငံခြားတိုင်းပြည်တွေက ဈေးပေါပေါနဲ့ သိမ်းသလို ကျနော် တို့မြေတွေကိုလဲ တရုတ်တွေက ဈေးပေါပေါနဲ့ ထိုးအပ်ကြရပါတော့မယ်။

စစ်တိုက်ပြီး သိမ်းရရင် စစ်ပွဲစားရိတ်ကုန်နေမယ်။ စစ်စားရိတ်က အရမ်းများတယ်။ ကမ္ဘာနဲ့ ပြသနာတက်နေနိုင်တယ်။ အခုလိုပေါချောင်ကောင်း ၀ယ်ရတာ အကိုက်ဆုံးပေါ့။  မြန်မာ့မြေ တွေအိမ်တွေ လက်ထဲရထားပြီးရင် မကြာခင် အိမ်ငှားခတွေ တင်လာပါမယ်။ တင်လာရင် မြန်မာတွေ လူနေမှု စားစရိတ်မကာမိတော့ ထိုင်းနဲ့ မလေးရှား ကိုပိုပြီး ထွက်လုပ်ကြရပါမယ်။ အိမ်မှာကျန်နေတဲ့ မြန်မာမလေးတွေ တရုတ်မယားငယ်အနေနဲ့ ကောက်စားလိုက်ပါမယ်။

အဲဒီတော့ မြန်မာပြည်တခုလုံး နီးပါးကို စစ်တိုက်နေစရာမလိုဘဲ လူမျိုးသွေးရောနော နည်းနဲ့သိမ်းဖို့ဆိုတာ ဒိလိုခပ်ညံ့ညံ့ အုပ်ချုပ်သူကို အသက်ဆက် ပေးထားရမယ်လေ။ ကနေ့တရုတ်က ဗိုလ်ရွှေတို့ကို ငွေအများကြီး ချေးပေးတယ်။ အတိုးနှုန်း နည်းနည်းလေးနဲ့။ ပြန်မဆပ်နိုင်လဲရတယ်။ ပူနေစရာမလိုဘူး .. ထပ်တောင် ချေးပါဦးမယ်။ နောင် အနှစ် ၂၀- လောက်ဆို သူတို့လူတွေ (တရုတ်တွေ) မြန်မာအလံအောက်မှာ ဒါဒို့ပြေ ဒါဒို့မြေ ၀ပိုင်တဲ့မြေ ဆိုလို့ ရပါတော့မယ်။

လာမဲ့ ၁၅-နှစ်လောက်ဆို မန္တလေး ရှမ်းပြည်နယ် ကချင်ပြည်နယ် တို့ရဲ့တိုင်းမှုးလုပ်သူဟာ တရုတ်စကားတတ်ရန် လိုတယ်ဖြစ်လာပါတော့မယ်။ မန္တလေး၊ လားရှိုး၊ မူဆယ်လမ်းတွေမှာ တရုတ်စာတမ်း ထိုးပေးရပါတော့မယ်။ အဲဒီတော့ ၂၀၂၅ ဆိုရင် ပုံသာဖေါ်ထားကြည့်ပေတော့။

ကျနော်စိတ်ထဲ စဉ်းစားမိတာလေးတွေပါ။ တရုတ်မှာက နိုင်ငံရေးကို အမျှော်အမြင်အများကြီး ရှိတဲ့ နိုင်ငံရေးပညာရှင်တွေ မြန်မာပြည်ကို အနုနည်းနဲ့ အသာလေးရယူဖို့  ဘယ်လို စီမံကိန်းတွေချထားလဲဆိုတာ သိဖို့ ဘယ်လွယ်ပါ့မလဲ။ ဒါပေမဲ့ သိမ်းယူဖို့ကတော့ အပြတ် စီစဉ်နေတာ မလွဲပါဘူး။ သူတို့ ဦးဏှောက်ကို ကျနော်တို့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ ကျနော်တွေးတော သလို မဟုတ်ပါဘူး.. ငြင်းချင်ရင်လဲ ရပါတယ်။ အရိပ်ကတော့ မြင်စပြုနေပါပြီ။ အကောင်ကိုမြင်တတ်ရင် အတတ်ပြောနိုင်ပါပြီ ။

အများကြီးရှိပါတယ်... အဓိက ကျတာလေးပါ။ ကျနော်တို့မသိနိုင် မမြင်နိုင်တာတွေ ရှိပါဦးမယ်။ တရုတ်ပြည်က နိုင်ငံရေးဗျူရိုတွေ မွေးထားတော့ ဘက်ပေါင်းစုံ ဒေါင့်ပေါင်းစုံကနေ အများကြီး စဉ်းစားထားတာ။ ကျနော်တို့လောက်အဆင့်နဲ့က သူတို့မြုပ်ကွက်တွေ နည်းနည်းလေးကိုတောင် သိဖို့ မလွယ်ပါဘူး။

ထားပါ.. မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရသွားမှာ ကမ္ဘာပေါ်မှာ မလိုလားဆုံးသော တိုင်းပြည်ကို ပြပါဆိုရင် နံကြားလက်ထောက် စဉ်းစားမနေနဲ့... ဘယ်နိုင်တွေ ရှိနိုင်ဦးမလဲ ခေါင်းအရှုပ်ခံ စဉ်းစားမနေနဲ့။ မြေကြီးလက်ခတ်တာမှ လွဲသွားနိုင်သေးတယ်။ တရုတ်မှ တရုတ် ...အသေချာဆုံး။ ဘယ်သူဘာပြောချင်သလဲ။ အဲဒီလောက် တရုတ်က ကျနော်တို့ ဒီမိုကရေစီရသွားမှာ မလိုလားတာ သေချာတာမှ သိပ်သေချာ။ ချီးကိုသာမြိုလိုက်ပါဦးမယ်။ ကျနော်တို့ကို ဒီမိုကရေစီ ဘယ်လို မှမရအောင် ဘက်ပေါင်းစုံလုပ်နေမှာပါ။

အဲဒီမှာ ဘာလာဖြစ်သလဲ။ စစ်တပ်ကို ကြမ်းရမ်းပြီး တိုင်းပြည်စုတ်ပြတ်သွားအောင် ကူပြီး ဖျက်ဆီးပေးတော့တယ်။ ပျက်လေ သူတို့ကို အားကိုးရလေ။ ရောဂါရင့်လေ ဆရာကြိုက်လေ။ ရွှေရွှေမျက်ဖြူဆိုက်လေ ယီးစင်းကြိုက်လေ။ အဲဒီလိုကူညီတဲ့အတွက် မမြင်ရတဲ့ကံတရားက ရိုက်တာ ခံရတော့တာပါဘဲ။

ဒုတိယပိုင်း ဆက်လက်ဖော်ပြပါမည်..

အားလုံးကိုလေးစားလျှက်

လှိုင်မြင့်