ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကောင်းတော့ ကောင်းပါတယ် နည်းနည်းတော့ခါးတယ်....


အထက်ပါ စာသားကတော့ The Voice Weekly ဂျာနယ် စာမျက်နှာ ၂၃မှာပါတဲ့ ရေးသားဖော်ပြချက်ပါ...။ တကယ့်အဖြစ်မှန်ကတော့ အာဇာနည်နေ့က အဖွဲ့ချုပ်ရဲ့ အာဇာနည်နေ့အခမ်းကနေ အာဇာနည်ဗိမာန်ကို ချီတက်ဖို့ ကြိုတင်ရောက်ရှိနေတဲ့ ရဟန်းသံဃာ၊ ကျောင်းသား၊ ပြည်သူများ၊ လူငယ်ကွန်ယက် အဖွဲ့ဝင်များမှ အာဇာနည် ဗိမာန်မှာ လွမ်းသူ ပန်းခွေချဖို့ ဖြတ်လျှောက်သွားကြတဲ့ တစညပါတီဝင် (၅၀)ခန့် (၂၀၀ဆိုတဲ့ ရေးသားချက် မဟုတ်ပါ) အား ယဉ်ကျေးသိတတ်မှု၊ ရင်းနှီးဖော်ရွေတာကို ပြသတဲ့ အနေနဲ့ လက်ခုပ် သြဘာတီးခဲ့ကြတာပါ...။ တစညပါတီဝင်များမှလည်း ပြန်လည် လက်ပြနှုတ်ဆက်ခဲ့ပါတယ်...။

အဖွဲ့ချုပ်ရုံးရှေ့မှ ဖြတ်လျှောက် ချီတက်လာတဲ့ တစညပါတီဝင်များအား အဖွဲ့ချုပ်အခမ်းအနားသို့ တက်ရောက်လာတဲ့ ပြည်သူထောင်ပေါင်းများစွာမှ လက်ခုပ်သြဘာတီး နှုတ်ဆက်ခဲ့ကြပါတယ်..

အထက်ပါ ရေးသားချက်မှာ ပါရှိတဲ့ အချက်တွေဟာ အဆိုပါနေ့က အဖြစ်အပျက်ကို သိရှိခြင်းမရှိတဲ့ The Voice ဂျာနယ် စာဖတ်ပရိသတ်တွေအနေနဲ့ ထင်ယောင်ထင်မှား ဖြစ်စေမယ့်အချက်ပါပဲ...။ ရွှေဂုံတိုင်၊ အုတ်လမ်း အနီးအရောက် နံနက် ၉ နာရီ ၄၈ မိနစ်တွင် ပြည်သူထောင်ပေါင်းများစွာက လက်ခုပ်တီး ကြိုဆိုခဲ့ကြပြီး တစည ပါတီဝင်များကလည်း ပြည်သူများကို ပြန်လည်နှုတ်ဆက်ခဲ့သည်။ ဆိုတဲ့ ရေးသားချက်ကတော့ ရွှေဂုံတိုင်၊ အုတ်လမ်း အနီးမှာပြည်သူတွေ ဘွားကနဲ ပေါ်လာပြီး လက်ခုပ်တီးကြတာလား..။ အရိပ်ပြရင် အကောင်မြင် ဆိုရအောင်လည်း အရိပ်ပဲ မြင်ရပြီး ဘာအကောင်မှ ပေါ်မလာပါဘူး..။ ရွှေဂုံတိုင် အုတ်လမ်းဆိုတာ နယ်ကလူတွေ မပြောနဲ့ ရန်ကုန်သူ၊ ရန်ကုန်သားတွေတောင် အကုန်သိပါလေစ...။ တစညပါတီဝင်တွေ  ချီတက်သွားရာ လမ်းတလျှောက်ဘာမှ မဖြစ်ပဲ အထက်ပါ နေရာရောက်မှ လက်ခုပ်တီးခံရတာ တစညကို ထောက်ခံသူတွေရဲ့ နယ်မြေလေလား...၊ စာပေစီစစ်ရေး လက်ချက်ကြောင့် စာတွေ ပျောက်သွားတာလား၊ ဒါမှမဟုတ် တစညအတွက် Lobby လုပ်ပေးနေတာလားဆိုတာ ကာယကံရှင် ဂျာနယ်အယ်ဒီတာ၊ သတင်းရေးသူတွေ အသိဆုံးပါ။ ဘာပဲဖြစ်ဖြစ် အဆိုပါသတင်းကြောင့် တစညပါတီကတော့ အချောင် အမြတ်ထွက်သွားပါတယ်...။
 ဒီတပတ် The Voice ဂျာနယ် မျက်နှာဖုံးပါ.. ရေးသားဖော်ပြချက်...
နောက် ဂျာနယ်မျက်နှာဖုံးမှာပါတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေ လုပ်ဆောင်နေတဲ့ BG သွေးအကူအညီပေးရေးအဖွဲ့ရဲ့လွမ်းသူပန်းခွေ ကိုင်ဆောင်လာတဲ့ ကလေးတွေရဲ့ ပုံမှာရေးထိုးထားတဲ့ စာတမ်းကတော့ "အစိုးရသစ်လက်ထက် ပထမဦးဆုံး အာဇာနည်နေ့ အခမ်းအနား ပြည်သူထောင်ချီ တက်ရောက် ဂါရဝပြု" တဲ့စာသားကတော့ သင်းပါတယ်..။ ထင်ယောင်ထင်မှား ဖြစ်စေမယ့် စာသားပါ...။ အစိုးရသစ်ကို ပြည်သူတွေ ထောက်ခံတဲ့အတွက် အစိုးရသစ်ရဲ့ ပထမဦးဆုံး အာဇာနည်နေ့ အခမ်းအနားကို ပြည်သူထောင်ချီ တက်ရောက်လာတာလား။ ဒါမှမဟုတ် ယခင်နှစ်များနဲ့မတူ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး ပထမဦးဆုံးအကြိမ်အဖြစ် လူထုခေါင်းဆောင်နဲ့ အတူ အာဇာနည်ကြီးတွေကို  ဂါရဝပြုချင်လို့  ပြည်သူတွေ ထောင်ချီ တက်ရောက် လာတာလားဆိုတာ... The Voice ဂျာနယ် အဖွဲ့သားတွေနဲ့ အယ်ဒီတာမင်းတို့ အသိဆုံးဖြစ်ပါလိမ့်မယ်...။ BG သွေးလှူဒါန်းရေးအဖွဲ့ရဲ့ လွမ်းသူ့ပန်းခွေပုံပေါ်မှာ အဆိုပါ စာသားအား မျက်နှာဖုံးဓာတ်ပုံ အဖြစ် ရေးသား ဖော်ပြ ထားတာဟာလည်း အင်မတန်မှ အရုပ်ဆိုး အကျဉ်းတန်တဲ့ လုပ်ရပ်ပါ....။ အစိုးရသစ် လက်ထက် မပါပဲ.. (၆၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြည်သူထောင်ချီ တက်ရောက် ဂါရဝပြုဆိုရင်ကော မဖြစ်နိုင်ဘူးလား....။ The Voice ဂျာနယ် တာဝန်ရှိသူများ ကိုယ့်လိပ်ပြာ ကိုယ်သန့်နိုင်ပါစေ...။
အဖွဲ့ချုပ်ရုံးရှေ့မှ အာဇာနည် ဗိမာန်သို့ ချီတက်လာတဲ့ မြင်ကွင်းရုပ်သံဖိုင် (ရုပ်သံ Ah Bayah)
အဖွဲ့ချုပ် ရုံးရှေ့မှ အာဇာနည်ဗိမာန်သို့ ချီတက်လာတဲ့
BG သွေးအကူအညီပေးရဲ့ အဖွဲ့ရဲ့ လွမ်းသူပန်းခွေ မူရင်းဓာတ်ပုံ..
နောက်တခု ကတော့ အာဇာနည်နေ့က လူမသိလိုက်တဲ့ အဖြစ်အပျက်လေးတွေပါ..။ အဖွဲ့ချုပ်လူငယ်တွေနဲ့ တခြားလူငယ် ကွန်ယက် အဖွဲ့ဝင် ၆၀ကျော်လောက် အဆိုပါနေ့က "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွမ်းသူ့ပန်းခြင်း " ဆိုတဲ့စာတမ်းပါတဲ့ ပန်းခြင်းကို ကိုင်ဆောင်ပြီး အာဇာနည်ဗိမာန်ကို သွားရောက် ဂါရဝပြုရာမှာတော့ အာဏာပိုင်များမှ အာဇာနည်ဗိမာန်အတွင်း ဝင်ရောက်ခွင့် တားဆီးပိတ်ပင်ခဲ့ပါတယ်...။ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွမ်းသူပန်းခြင်း" မပါရင်တော့ ဝင်ရောက်ခွင့်ပေးမယ်လို့ ဆိုတဲ့အတွက် လူငယ်များမှ ရောက်ရှိရာနေရာမှပင် အလေးပြုခဲ့ကြတယ်လို့ ဆိုပါတယ်...။ ထိုမှ ဗိုလ်ချုပ်ပြတိုက်သို့ သွားရောက်ခဲ့ပြီး နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် အလေးပြုခဲ့ရတယ်လို့ ဆိုပါတယ်...။

အာဇာနည်နေ့က ကိုအောင်မျိုးထွန်း ရေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွမ်းသူ့ပန်းခွေ ဘယ်မှာလဲ ဆိုတဲ့ ဆောင်းပါးပါ အကြောင်းအရာတွေထဲမှာလည်း အထက်ပါ သတင်းတွေနဲ့ ဆက်စပ်နေတဲ့ အကြောင်း အချက်အလက်တွေ အများကြီးပါနေပါတယ်..။ ဒေါ်အောင်ဆန်းစုကြည် နာမည်ပါတဲ့ လွမ်းသူ့ ပန်းခွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွမ်းသူ့ ပန်းခွေ(၂)ခု အမည်ပျောက်နေတဲ့ ကိစ္စပါပဲ...။ အထက်က အမိန့်လေလား အောက်ခြေရဲ့ အစိုးရိမ်ကြီး လွန်ကဲမှုလေလား...။  အရှိကို အရှိအတိုင်း လက်မခံနိုင်သေး သမျှတော့...

အထိမခံ ရွှေပန်းကန် အမည်ခံ ဒီမိုကရေစီ အစိုးရသစ်လက်ထက် အာဇာနည်နေ့ အခမ်းအနားကတော့ ကောင်းတော့ ကောင်းပါတယ် နည်းနည်းတော့ခါးတယ်လို့ ဆိုရမလို ဖြစ်နေပါကြောင်း ရေးသားလိုက်ရပါတယ်...။

ဒီမိုဝေယံ...