ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မရေးရဲတာလား၊ မရေးချင်တာလား၊ လူလည်ကျတာလား....

ဒီတပတ်ပြည်တွင်းထုတ် The Voice Weekly ဂျာနယ်ရဲ့ "တစည ပါတီ အာဇာနည်နေ့ အလေးပြု” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးသားပါရှိတာကတော့....

ရန်ကုန်၊ ဇူလိုင် ၁၉

မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ဆုံးသော နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည)က (၆၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရာတွင် အာဇာနည် ဗိမာန်သို့ သွားရောက်အလေးပြုခဲ့ပြီး ပြည်သူထောင်ပေါင်းများစွာက လက်ခုပ်တီးကြိုဆိုခဲ့ကြသည်။

ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တစည ပါတီမှ ဗဟိုအလုပ်အမှုဆောင်များအပါအ၀င် တစည ပါတီမှ ပါတီအင်အား ၂၀၀ ခန့်သည် အာဇာနည်ဗိမာန်သို့ ချီတက်ခဲ့ကြရာတွင် ရွှေဂုံတိုင်၊ အုတ်လမ်း အနီးအရောက် နံနက် ၉ နာရီ ၄၈ မိနစ်တွင် ပြည်သူထောင်ပေါင်းများစွာက လက်ခုပ်တီး ကြိုဆိုခဲ့ကြပြီး တစည ပါတီဝင်များကလည်း ပြည်သူများကို ပြန်လည်နှုတ်ဆက်ခဲ့သည်။

(၆၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီဝင်များကို တရားဝင်ဖိတ်ကြားခဲ့ခြင်း မရှိကြောင်းလည်း နိုင်ငံရေးပါတီဝင်များထံမှ သိရှိရသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ကောင်းမွေဆိုးမွေ ဆက်ခံဖြစ်ပေါ်လာသော ပါတီတစ်ရပ်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်သည်။

(The Voice ဂျာနယ် Vol 7, No 32 တွင် ပါရှိသော “တစည ပါတီ အာဇာနည်နေ့ အလေးပြု” သတင်းကို ဖော်ပြပါသည်)

တကယ်ဆို....

ရွှေဂုံတိုင်၊ အုတ်လမ်းအနီးရှိ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ရုံးချုပ်ရှေ့ အရောက်တွင် NLD မှ ဦးစီးကျင်းပသည့် (၆၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်သူ ထောင်ပေါင်းများစွာမှ လက်ခုပ်တီး ကြိုဆိုခဲ့ကြပြီး...”လို့ ရေးသင့်ပါတယ်။ “ဖျက်သိမ်းထားပြီးဖြစ်သော၊ တရားဝင်ပါတီ မဟုတ်တော့သော” ဆိုပြီးအရူးကွက် နင်းပြီး ရေးချင်ရေးလို့ ရပါသေးတယ်။ ဒါက မြေပြင်အခြေအနေ အစစ်အမှန်ဘဲလေ။ အာဏာပိုင်တွေကတောင် အဖွဲ့ချုပ်ရဲ့ အခမ်းအနားကို ခွင့်ပြုထားခဲ့တာ မဟုတ်လား။ Voice ဂျာနယ် အနေနဲ့ မရေးရဲတာလား၊ မရေးချင်တာလား၊ လူလည်ကျတာလား။

အောင်မျိုးထွန်း
၂၂- ၇- ၂၀၁၁