ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အကြောင်းကြားစာနဲ့ တုံ့ပြန်စာအပေါ်မှာ ဝေဖန်သုံးသပ်ခြင်း ဆောင်းပါးရှင် (သီတလ)


အကြောင်းကြားစာနဲ့ တုံ့ပြန်စာအပေါ်မှာ ဝေဖန်သုံးသပ်ခြင်း 
ဆောင်းပါးရှင် (သီတလ)

၂၉၊၆၊၂၀၁၁ နေ့ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ စာမျက်နှာ-၉ မှာ “ပြည်ထဲရေးဝန်ကြီးဌာနက ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် အကြောင်းကြားစာပေးပို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် ဖတ်ရတယ်ခင်ဗျား။ ဒီသတင်းရဲ့ လိုရင်းအချက်ကို ပြောရမယ်ဆိုရင်- “နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ပြီး ဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် လိုက်နာမှုမရှိဘဲ ဌာနချုပ်ရုံး၊ တိုင်းရုံး၊ နယ်ရုံးများ ဆက်လက် ဖွင့်လှစ်ထားရှိခြင်း၊ အချို့ရုံးများတွင် ဆိုင်းဘုတ်များ စိုက်ထူထားခြင်း၊ အလံများ လွှင့်ထူထားခြင်းတို့အပြင် နိုင်ငံရေးပါတီအနေဖြင့် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ စာအုပ်စာစောင်များနှင့် ဗွီဒီယို ခွေများထုတ်ဝေခြင်း၊ နိုင်ငံခြား အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ အစည်းအဝေးများနှင့် အခမ်းအနားများပြုလုပ်ခြင်းတို့အား ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ လုပ်ဆောင်နေသော လုပ်ရပ်များသည် ဥပဒေအား တမင် ဆန့်ကျင်ဖောက်ဖျက်နေမှုများ ဖြစ်သည်ကို တွေ့ရှိရပါကြောင်းxxxxxxxxxxx အဆိုပါ လုပ်ဆောင်ချက်များကို ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် အကြောင်းကြားပါကြောင်း” လို့ ဆိုထားတယ်ဗျ။

ဒီလို အကြောင်းကြားတဲ့ နေရာမှာ အစိုးရ ကိုးကား ထားတာတွေကတော့ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်က ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ဆိုတာရယ်၊ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက် အမှတ်(၉၇/၂၀၁၀) ဆိုတာတွေပါဘဲ။ ဒီဥပဒေတွေ ဒီကြေညာချက်တွေဆိုတာဟာ ယူနီဖောင်းဝတ် ယူနီဖောင်းချွတ် စစ်အာဏာရှင်တွေ သူတို့အာဏာ သက်ဆိုးရှည်ဖို့ တပ်ဆင်လိုက်ကြတဲ့ လက်နက်တွေသာ ဖြစ်လို့ ကျွန်တော်တော့ စိတ်မ၀င်စားဘူးဗျာ။ ဒေါ်စုရဲ့ပုံရိပ်ကို လုံးဝပျောက်ကွယ်သွားအောင် NLD ဆိုတာကို အမြစ်ပါ မကျန် တူးဖြို ဖျက်ဆီးပစ်နိုင်အောင် ပြည်သူလူထုကို စစ်ဖိနပ်အောက်မှာ ပြားပြား မှောက်နေအောင် တလျှောက်လုံး လုပ်လာခဲ့ကြတာဆိုတော့ ခုလိုမျိုး အကြောင်းကြား စာပေးပို့တယ် ဆိုတဲ့ ကိစ္စဟာ တကယ်တော့ မဆန်းပါဘူး။ တချိန်ချိန်မှာ ဒီလို ဖြစ်လာမယ်ဆိုတာ မျှော်လင့်လို့ရပါတယ်။ ဒါတွေကို ဝေဖန်နေမယ်ဆိုရင်လဲ မစင်ပုံကို လက်နဲ့ကိုင်ပြသလိုမျိုး ဖြစ်နေမှာပါ။ ကျွန်တော် စိတ်ဝင်စားတာက ဒီကိစ္စအပေါ်မှာ ဒေါ်စု ဘယ်လိုတုံ့ပြန်မလဲ ဆိုတာပါ။

တကယ့်တကယ် ဒေါ်စုရဲ့ တုံ့ပြန်ချက်ကို ဖတ်လိုက်ရတော့ ကျွန်တော် တော်တော် ကိုဘဲ အားမလို အားမရ ဖြစ်သွားပါတယ်။ ဘယ်နှယ့်ဗျာ၊ ၂၀၀၈ အခြေခံဥပဒေကို လက်မခံလို့ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ခဲ့တဲ့ NLD ပါတီ ခေါင်းဆောင်တစ်ယောက် က ဒီစစ်ကျွန်ပြုရေး ဥပဒေကြီးကိုများ ပြန်ပြီး ကိုးကားနေရတယ်လို့။ ကိုးကားတာမှ ပုဒ်မ တစ်ခုတည်းတောင် မဟုတ်ဘူး။ ပုဒ်မ-၄၀၉၊ ပုဒ်မ-၄၀၇၊ ပုဒ်မ-၄၄၆ ဆိုပြီး သုံးခု ကြီးများတောင်။ အသေးစိတ်သိချင်ရင်တော့ http://burmese.nldburma.org/media-press-release/press-release/352-letter-to-home-minister-ko-ko.html မှာ ၀င် ဖတ်ကြည့်ဗျာ။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့လို ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ ကို လက်မခံလို့ ကန့်ကွက်မဲပေးပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမှ မဲမပေးဘဲ နေခဲ့တဲ့ သာမန် အရပ်သား တစ်ယောက်က အကြောင်း တစုံတရာကြောင့် ကိုယ်လက်မခံခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာကြီးကိုဘဲ ကိုးကားပြီးပြောမယ်ဆိုရင် သူ့အရိုးနဲ့ သူ့ ပြန်ထိုးတာဘဲလေ လို့ နားလည်ယူလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ဒေါ်စုလို NLDခေါင်းဆောင် တစ်ယောက်က ဒါကြီးပြန်ကိုးနေတာဟာ အမြင်မတော် ဆင်တော်နဲ့ ခလောက်လို ဖြစ်နေမလားဘဲ။ နောက်ပြီး စစ်တပ်တစ်မတ်သားက လွှတ်တော်ထဲမှာ အချောင်သက်သက်နေရာဝင်ယူနိုင်အောင် ဖန်တီးထားတဲ့ စစ်ကျွန်ပြုရေးဥပဒေကြီး ကို သွားပြီး ကိုးကားနေတာဟာ သွယ်ဝိုက်သောနည်းအားဖြင့် ဒါကြီးကို ထောက်ခံရာ ရောက်မနေပေဘူးလား။

ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ ရည်မှန်းချက်ဟာ ဒီနိုင်ငံမှာ စစ်အာဏာရှင်စနစ် ကွယ်ပျောက်ပြီး နိုင်ငံတကာရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ စနစ်ထွန်းကာဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ရောက်အောင်သွားမယ်ဆိုရင် ဒီစစ်ကျွန်ပြုရေး အခြေခံဥပဒေကြီး တည်ရှိနေသေးသရွေ့တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အာဏာရှင်က သူတို့အလိုကျ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဒီဖွဲ့စည်းပုံ ဆိုတာကြီးနဲ့ရော ဒါကြီးကို အကြောင်းပြုပြီး ထုတ်ထားတဲ့ ဥပဒေတွေ၊ အမိန့်တွေ၊ ကြေညာချက်ဆိုတာတွေနဲ့ရော ဒီမိုကရေစီ အင်အားစုတွေအပေါ် အကြောင်းပေါ်တိုင်း ဖိနှိပ်နေမှာပါ။ ဒါကို ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်ကလည်း အကြောင်း ပေါ်လာတိုင်း ဒါကြီးကို လက်မခံနိုင်ပါဘူး ဆိုတာကို ငြင်းဆန်ကြဖို့တော့ လိုမယ် ထင်ပါတယ်။

ဒါကြီးကို လက်မခံနိုင်တဲ့အတွက် ဒါကြီးကနေတဆင့် ပေါက်ဖွားလာတဲ့ ဥပဒေ ဆိုတာကိုတွေရော၊ ကြေညာချက် ဆိုတာတွေကိုရော လက်မခံနိုင်ပါဘူးဆိုပြီး ငြင်းဆန် တာဟာ အကြမ်းဖက်တာ မဟုတ်ပါဘူး။ အကြမ်းမဖက်သောနည်းနဲ့ တိုက်ပွဲဝင်နေတာပါ။ စစ်အာဏာရှင်ဆိုတာကတော့ သူတို့ ထုတ်ထားတဲ့ ဖိနှိပ်ရေးဥပဒေတွေ၊ ဖိနှိပ်ရေး ကြေညာချက်တွေနဲ့ ဆန့်ကျင်ရင် အာဏာဖီဆန်တယ်လို့ဘဲ ယူဆမှာပါ။ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေက ဒါတွေကို ထည့်တွက်နေစရာ မလိုပါဘူး။ ဒါကို ထည့်တွက်စဉ်းစားပြီး သူတို့ထုတ်ထားတဲ့ ဥပဒေတွေနဲ့ ညီပါကြောင်း အသနားခံနေ ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ လိုလားတဲ့ ဒီမိုကရေစီဆိုတာ အလှမ်းဝေးနေဦးမှာပါ။

နောက်ပြီး ဒေါ်စုရဲ့ တုံ့ပြန်ချက်ထဲမှာ တရားဥပဒေစိုးမိုးရေး ဆိုပြီး အကြောင်း အရာတပ်ထားသလို “တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေပါ ပြဋ္ဌာန်းချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလေးထား
လိုက်နာခြင်းသာ ဖြစ်ပါသည်” ဆိုပြီးတော့လဲ လုပ်ထည့်လိုက် ပြန်ပါသေးတယ်။ ဒေါ်စု စာထဲမှာ ပါတဲ့ “ဥပဒေပါ ပြဋ္ဌာန်းချက်” ဆို တာဟာ ကျွန်တော်တို့ အော့နှလုံးနာနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်တွေ ဖြစ်နေပါပေါ့လား။ ဘုရား ဘုရား လို့သာ တ မိတော့တယ်။ တကယ်တော့ တရားဥပဒေစိုးမိုးရေးဆိုတာ အာဏာရှင်ရဲ့ လက်သုံးစကားပါ။ ဒီစကားကို ကိုင်ပြီး ဒီမို ကရေစီရေး လှုပ်ရှားသူတွေ အားလုံးကို ဖိနှိပ်ခဲ့တာပါ။ ဒါကို ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်စုက အာဏာရှင် လက်သုံးစကားနောက်လိုက်ပြီး အာဏာရှင်ရဲ့ ဥပဒေ တွေကို အလေးထားနေမယ် ဆိုရင်တော့ ပါတီပြန်ပြီး မှတ်ပုံတင်၊ ရွေးကောက်ပွဲဝင်၊ ပြီးတော့ စစ်အာဏာရှင်ရဲ့ စစ်ကျွန်ပြုရေး ဥပဒေအတိုင်းသာ တသွေမတိမ်း လျှောက်လှမ်းသွားပါတော့လို့သာ အကြံပြုရတော့မလို ဖြစ်နေပါပြီခင်ဗျား။

သီတလ

ဆောင်းပါးရှင်ရဲ့ အာဘော်ဖြစ်တဲ့အတွက် စာဖတ်သူတွေအနေနဲ့ ဆောင်းပါးပါ အကြောင်းအရာများအား ဝေဖန်အကြံပြု ဆွေးနွေးနိုင်ပါတယ်...။