ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာပြည်ကလာတဲ့စာ....

ကိုဒီမိုရေ ရန်ကုန်မှာ ခုရက်ပိုင်း မီးကတော့ ပြန်ပျက်နေတယ်အစ်ကို.... အရင်ရက်တွေက အသေးစား စက်မှုလုပ်ငန်းလေးတွေကို မီးခဏဖြတ်လိုက်ပြီး... ပေးတော့ မီးကနဲနဲမှန်တယ်။ အခု အသေးစားက အော်တော့ မခံနိုင်တော့ဘူးလေ... သူတို့ကို ပြန်ပေးတော့.... နဲနဲပြန်ပျက်ပြန်ကော ပြသာနာက ဖြေရှင်းပုံ ဖြေရှင်းနည်း မှားနေတာပဲ... ဒီလောက် သောက်သုံးမကျတဲ့ ဦးနှောက်နဲ့ ဒီလောက် ခံနေရတာကတော့ ရှေးဘ၀ ကုသိုလ်ကံ အကြောင်းပဲ ဖြစ်မယ်ထင်တယ်။ မြန်မာပြည်မှာ ဖြေရှင်းပုံ ဖြေရှင်းနည်းမှားတွေကြောင့် ပြည်သူတွေမှာ ဆင်းရဲတွင်းနက် သထက် နက်တဲ့ သံသရာထဲမှာ တ၀ဲလည်လည် ဖြစ်နေရတယ်ဆိုတာ သူတို့မသိတာလား မသိချင်ဟန်ဆောင်နေလား တမင်လုပ်နေတာလား... ဒါမှမဟုတ် လုပ်စရာနည်းလမ်းမရှိလို့ ချောက်မှန်းသိလဲခုန်ချ နေကျတာလား.....။ အမှားကြီးတွေကို လုပ်ပြီး အဲဒီအမှားကြီးတွေကို မှန်ပါတယ်လို့ ထောက်ခံခိုင်း လိုက်လုပ်ခိုင်းနေကျတယ်...။ ပြည်သူမှာလဲ လက်နက်မိုး ထားတော့ အမှားတွေကို မှန်ပါတယ်လိုက်လုပ်.... အဲဒီအမှားတွေကိုပဲ ဆက်မှား
အားလုံးဝိုင်းပြီး မှားနေလိုက်ကျတာ ... နှစ်တွေကြာလေ အဲဒီအမှားတွေရဲ့ ဆိုးကျိုးတွေကိုခံစားရလေ... တိုင်းပြည်နှစ်သထက်နှစ်လေပဲ... နိုင်ငံခြားက သူငယ်ချင်းတစ်ယောက် ပြန်လာတယ်... သူကမေးတယ်။ တို့တိုင်းပြည် တိုးတက်လာသလားတဲ့ .... ကျတော်ဖြေလိုက်ပါတယ်။ ....တို့တိုင်းပြည် တိုးတက်ပြီးတော့ ဆုတ်ယုတ်နေတယ်လို့... တိုးတက်တယ်လို့ ထင်နေရပြီး တဖြည်းဖြည်း ဆုတ်ယုတ်လာတာကို.. မမြင်တာလား မသိချင် ဟန်ဆောင် နေကျသလားတော့မသိဘူး .... သူများတွေလိုလဲ ခေတ်မှီချင်တယ်။ တစ်လှမ်းခြင်းလဲ မလှမ်းချင်ဘူး...။ ဟိုးရှေ့ရောက်နေတဲ့မြင်း ကိုအမှီလိုက်ပြေးတော့... မှီခါနီး ကိုယ့်မြင်းပဲ ခြေခေါက်အမောဆို့ လဲကျတော့တာပေါ့....။ လဲပြီးရင် တော်ရုံပြန် မထနိုင်တော့ဘူးလေ... အဲဒီကျတော့ ဟိုးနောက် ပြန်ရောက်သွားပြန်ရော... နိုင်ငံတကာ ကိုအတုယူပြီး ဖုန်းတွေထုတ်ပေးတယ်။ဖုန်းမျိုးစုံရှိသောနိုင်ငံ ဖုန်းသာထုတ်ပေးနေတယ်။ လိုင်းကျတော့ မကောင်းဘူးဆိုတော့..။ ဒီဖုန်းကြီးကိုင်ပြီး ဘာလုပ်တော့မလဲ... ဖုန်းကလဲ နယ်မြေကန့်သတ်မှုတွေနဲ့ သုံးရတော့ ဆက်သွယ်ရေးစနစ် ဘယ်လိုလာပြီး တိုးတက်တော့မလဲ.. နှစ်တွေသာကြာသွားတယ်...။ ဆက်သွယ်ရေးလုပ်ငန်း ကတော့ဒီတိုင်းပဲ... တိုးတက်မလာဘူး။ ဖုန်းအလုံးရေများလို့ တိုးတက်တယ် ပြောမရဘူး....။ အလုံးရေများပြီး သုံးမရတာ..အဆင်မပြေ တာတွေရှိနေတာ... ။ ဒါတွေကို မပြင်ဆင်ပဲ ရှေ့အတင်းတက်နေတယ်။ နေပြည်တော်မှာ ကမ်းရိုးတန်းဖုန်းပဲရတယ်။ ကျန်တဲ့ဖုန်းသုံးမရဘူး.... ဖုန်းကိုင်တဲ့ သူကရန်ကုန်မှာ GSM ကိုင် နေပြည်တော်သွားရင် ကမ်းရိုးတန်းကိုင်... ရန်ကုန်ပြန်လာတော့ GSM ပြန်ကိုင် ဒီလို ဆိုတော့ ဆက်သွယ်ရေးစနစ်ကြီး တိုးတက်လာပြီ.... လို့ပြောရမလား တိုးတက်ပြီး... ဆုတ်ယုတ်တယ်ပြောရမလား။ ကောင်းလိုက်တာ... မှားနေတာကြီးကို မပြင်နိုင်ဘူး...။ ဆက်မှားနေတယ်.... အိတ်ချိန်းလား ဖုန်းလား... ရှေ့ဝန်ကြီးက celluler ... နောက်ဝန်ကြီးက cdma.. နောက်ထပ်ဝန်ကြီးက GSM နောက်ထပ် နောက်ထပ်က ကမ်းရိုးတန်း ...အခုနောက်တစ်မျိုး...cdma 480 cdme 800 ဆိုလား ၉၀၀ ဆိုလား..။ ကဒ်ဖုန်းကလည်း တစ်လတစ်ခါနော်။ ဒီကြားထဲ အင်တာနက် ဖုန်းတွေရှိသေးတယ။ ကဒ်ဖုန်းက gsm ထဲမှာပါတယ်...။ ဘယ်နိုင်ငံမှ မရှိဘူးထင်တယ်...။ အဲဒီတော့ ဘယ်ဖုန်းကိုကိုင်ကျမလဲ.....။ ဒါ တောင် cdma အထိုင်ဖုန်းရှိသေးတယ်...။ ၇နဲ့စတာ ကြိုးဖုန်းထဲမှာ digital နဲ့ analog ၂မျိုးရှိတယ်။ အင်တာနက်ဖုန်း ရှိသေးတယ်။ ipstar sattallite phone.... ၄၄ နဲ့စတာတွေ..... ADSL internet service ကနေ။ သုံးတဲ့ဖုန်းဆိုတာ ရှိသေးတယ်။

အောင်မလေး မောတောင်မောတယ်။ ဘာဖုန်းကျန်အုံးမလဲ မသိဘူး...။ နောက်တစ်မျိုး ရှိသေးတယ် .... ။ မထွက်သေးဘူး video ပါရတာလေ...။ cellular က ၈ သိန်းလောက် ဖြစ်မယ်ထင်တယ်။ GSM ကတော့ နံပတ်ပေါ်မူတည်ပြီး သိန်း ၂၀ ကနေ ၂၅ သိန်းလောက်ရှိတယ်။ ကိုယ်တိုင် နာမည်ပေါက်လိုချင်ရင် ပွဲစားနဲ့ ရိုက်ထုတ်ရတယ်။ ကမ္ဘာမှာ ဖုန်းလိုင်းအများဆုံးနဲ့ ဈေးအကြီးဆုံး၊ လိုင်းမကောင်းဆုံး နိုင်ငံပေါ့....။ အခု မြို့နယ်ကန့်သတ်ပြီး ၅သိန်းဖုန်းထုတ်ပေးနေတယ်။ တာမွေမှာနေတယ်ပြရင်.. တာမွေတစ်ဝိုက်က နေပြောလို့ရမယ်။ cdma 900 ဆိုလား... များတော့ လူလဲလည်နေပြီဗျာ။ ဒါနောက်ဆုံးထုတ်တာ.. ၅သိန်းဘယ်သူလျှောက်လျှောက်..။ မှတ်ပုံတင်နဲ့လာလျှောက်... ချက်ခြင်းချပေးတယ်။ ဟန်းဖုန်းပေါ့... အိမ်မှာ ထားပြီးသုံးချင်လဲရတယ်။ အထိုင်ဖုန်းပေါ့နော်.... ကြိုးဖုန်းလိုပေါ့..... အဲဒီ့ကဒ်ကို အဲဒီအထိုင် ဖုန်းထဲ ထည့်လိုက်ရင်ရတယ်။ တိုင်ရှိတယ်..... အဲဒီတိုင် မိသလောက်ရမယ်။ တာမွေကိုကျော်ချင်လဲ ကျော်မယ် ..အနီးဆုံးတိုင်နဲ့ ချပေးလိုက်တာပေါ့ဗျာ။ တစ်ခြားတိုင်တွေကို ပေးမချိတ်တော့ဘူးပေါ့ဗျာ။ ရန်ကုန်တစ်မြို့လုံး fixed လုပ်ထားတာပေါ့... အခုတော့ မကန့်သတ်သေးဘူး.... ကန့်သတ်မယ်လဲပြောတယ်။ မကန့်သတ်ဘူးလဲ ပြောတယ်။ တစ်ချို့ဖုန်းလဲ နေရာတော်တော်များများ သုံးလို့ရတယ်။ တစ်ချို့ဖုန်းကျတော့လဲ မရပြန်ဘူး။ ဆက်သွယ်ရေးကိုများ ဘာထင်နေလဲ..။ ဒါကဖုန်းပဲရှိသေးတယ်နော်..။ အဲလိုမှားနေတာ နေရာတိုင်း..။
စည်ပင်သာယာရေးကော်မတီ ပေါ်တက်မယ်.. အလုပ်ကိစ္စရှိတယ်ဆိုရင်... မပုတင်ပါမှ.. ။ မပုတင်မပါရင် ဂိတ်ကကောင် ၂၀၀ တန် ၅၀၀တန် တစ်ရွက်ပေးတက်သွား။ အပေါ်ရောက်ရင် ပေါ်တင်ညှိလို့ရတယ်။ ကူညီပေးပါပြောလိုက်.. ကူညီပေးတယ်။ ဘယ်လောက်ဈေးနဲ့ ပေါ့ဗျာ... လူကြီးနဲ့ဈေးတည့်ရင် အောက်ခြေမှာ ကိုယ့်စာရွက်စာတမ်း မြန်မြန်ရွေ့အောင်.... စားပွဲတစ်ခု ကို ၃၀၀၀ လောက် ထပ်ပေးရတယ်။ ဖင်ခြင်းပေါက် စားပွဲတွေပေါ်မှာ ကိုယ့်စာရွက်တွေကို လိုက်ရွေ့နေရတာ။ ဒီကြားထဲမှာ မိတ္တူဖိုးကတော့... unlimited... တော်ကြာနေ မိတ္တူပေးအုံး.... နောက်တစ်ခါ မိတ္တူပေးအုံး။ နောက်နေ့လာမိတ္တူပေးအုံး...

မော်တော်ယာဉ် လိုင်စင်ဝင်ရင်လဲ ဒီလိုပဲ... ကားကိုဝင်းထဲ မောင်းဝင်သွား.. ဖောင်ဝယ်... အကျိုးဆောင် ဆိုတာရှိတယ်။ သူတို့သတ်မှတ် ပေးထားတာ...အဲဒီကောင် လက်ထဲ ဖောင်ထည့်ပေးလိုက်.. သူက အကုန်ဖြည့်ပေးတယ်။ သူ့ကို သတ်မှတ်ထားတဲ့ ၀န်ဆောင်ခပေးလိုက်... လက်ဖက်ရည်ဖိုး ထည့်ပေးရတယ်။ မပေးရင် မကြည်ချင်ဘူး ...ပြီးရင် မိတ္တူကတော့ ပိုးစိုးပက်စက်စွဲ ..ဂျာနယ်တွေဝယ်... မ၀ယ်မနေရ ပိုက်ဆံသွင်း။ ပိုက်ဆံသွင်းရင် လက်ဖက်ရည်ဖိုး ထည့်ပေး..ယာဉ်စစ်ရင်လဲဒီလိုပဲ..ယာဉ်မစစ်ခင် ခဲခြစ်ရတယ်...ကားအင်ဂျင်မှာ နံပတ်ပါတယ်။ ဘော်ဒီမှာနံပါတ်ပါတယ်...အဲဒါကို ခဲသားလေးနဲ့ စာရွက်နဲ့ခြစ်တာ..။ အဲဒီလူကို ၁၀၀၀လောက်ပေး ငွေသွင်းကတည်းက ၀န်ဆောင်မှု အားလုံးအတွက် ပါပြီးသား.. ဒါက လက်ဖက်ရည်ဖိုး.. ထုံးစံ ပြီးရင် ကားစက်ဖုံးလှန်ထား... အင်ဂျင်နီယာလာစစ်မယ်။ ကားအပေါ် မှုတည်ပြီးတော့... ၃၀၀၀ ကနေ တစ်သောင်း.. အဲထက်ပိုရင်လဲပိုမယ်။ ကားမီးခိုးထွက်နေလား... ဘော်ဒီစုတ်ပြတ်နေလား။
မီးအစုံလင်းလား..... အင်ဂျင်ကောင်းလား... အဲဒါတွေစစ်တာ.။ များသောအားဖြင့် ကားကိုကြည့်လိုက်တယ် ..လီဘာနင်းခိုင်းတယ်.. နောက်ဖင်သွားကြည့်တယ်။ မီးခိုးထွက်ရင် သွားလုပ်ခိုင်းတယ်... ဒါက သာမာန်ပေါ့။ စောစောက လက်ဖက်ရည်ဖိုး ပေးထားတဲ့အပေါ်မှုတည်တယ်။ အိုကေရင် ... သူက လီဘာတစ်ချက်လောက် နင်းခိုင်းမယ်။ ပြီးရင် မကြည့်ဘူး...စစ်ဆေးချက်မှတ်တမ်းကို ဖြည့်နေမယ်။ မျက်နှာလွဲနေတယ်ပေါ့ဗျာ.... ပြီးရင်သူအောက်က လက်မှတ်ထိုး.. နောက်တစ်နေရာသွား။ နေရာတိုင်းတိုင်းမှာ လက်ဖက်ရည်ဖိုးပါမှနော်.... မပါရင်ငြိုငြင်တယ်..။ လက်မှတ်မထိုးပေးဘူး ...

ကိုယ့်ဖိုင်က အပေါ်ကနေ အောက်ရောက်ရောက် သွားတယ်။ တော်တော်နဲ့ အပေါ်ပြန်မတက်ဘူး...။ ယာဉ်မောင်းလိုင်စင် ဖြေမလား... ။ ၃ခေါက်ဖြေ ၅သောင်း.. ဒါထုံးစံ... ပေါက်ဈေး။ တစ်ခါထဲ ဘယ်တော့မှမအောင်ဘူး။ စာတွေ့မှာကျရင်ကျ မကျရင် ယာဉ်မောင်းပြတဲ့ အချိန်ကျပဲ အခုတော့ စက်တွေနဲ့ စစ်မယ်ပြောတာပဲ။ စာတွေ့ကျရင် နောက်တစ်ခါဖြေရင်... ပိုက်ဆံပေးထားတဲ့သူတွေစု.. အရှေ့က ခေါ်ပေးတယ်...။ နောက်က လိုက်ဖြည့်ယုံပဲ.... မယုံဘူးလား။ ကိုယ်တွေ့နော်... အခုတော့ ဘယ်လိုလဲမသိဘူး။
ကျတော့တုံးကအဲလို ပြောရင်ကုန်မှာ မဟုတ်ဘူး။ မှားနေလိုက်ကြတာ.. စားနေလိုက်ကြတာ.. နေရာတိုင်းပဲ.. အချင်းချင်းတောင် မချန်ဘူး။ ဟင်္သာကိုးသောင်း ပျက်သလိုပဲ...

မြန်မာ့ရေနံက ဓာတ်ဆီဒီဇယ် ဘောက်ဆာကားတွေ... ဒါရုံးကားတွေ... တံဆိပ်လဲပါတယ်။ အစိုးရကားပေါ့.. မရဘူးနော်။ ယာဉ်ထိန်းရဲက တားလိုက်တာနဲ့ ၅၀၀ပဲ.. ဘာမှလဲမဆိုင်ဘူး။ မဆိုင်လဲဆိုင်တယ်... ဒါထုံးစံပဲ ...ပေးရတယ်။ အဲလိုအချင်းချင်း ပြန်ခုတ်နေမှတော့... ဘယ်လာ ကောင်းတော့မှာလဲ။ ဒါတွေက ကြာတော့ ခေါက်ရိုး ကျိုးသလိုဖြစ်နေပြီ။ ဘယ်သူမှ ဒါမျိုးကို အထူးတစ်လည် မပြောတော့ဘူး... ။ ပေးလိုက်တာပဲ ထုံးစံဖြစ်သွားပြီ။ ခေါင်ကမလုံတော့ ဘယ်မှာလုံတော့မှာလဲ စိတ်ဓာတ်တွေ.. ပျက်ပြားကုန်ပြီ.. အကိုရေ နောက်မှ ပြည်တွင်းသတင်းမှန်တွေ ထပ်ပို့ပါဦးမယ်။

KSL မှပေးပို့လာပါတယ်။

တကယ် စစ်မှန်တဲ့ ပြည်သူ့ဒီမိုကရေစီအစိုးရ တက်လာရင်တော့ ခံပေတော့ပဲ..။ တိုင်းပြည်က လူတွေရဲ့ စိတ်ဓာတ်တွေကို အကုန် ဖျက်ဆီးပစ်လိုက်ပြီလေ... ဒီသံသရာထဲမှာ လည်နေအောင် တမင်ဖန်တီးပေးထားတာပါ... တစ်ယောက်နဲ့ တစ်ယောက် အာဏာပိုင်တွေ မျက်စိဒေါက်ထောက် ကြည့်စရာမလိုပဲ... အပြန်အလှန် အားလုံးရဲ့ လာဘ်စားမှု ကွင်းဆက်တွေကို ချိတ်ထားတာလေ...။ ကမ္ဘာနဲ့ ယှဉ်ရင် ကျန်တာတွေတာ မထူးချွန်ရင်နေမယ်... မကောင်းတဲ့နေရာမှာ တော့ No .. 1to 10 ကတော့ ပြေးမလွတ်ပါဘူး... ဘယ်လောက်တောင် လာဘ်စားလဲဆို အသိဂျပန်တစ်ယောက် မြန်မာပြည် သွားလည်တာ ပြန်လာတော့ ဒေါနဲ့မောနဲ့ ဖြစ်ပြီး ပြန်လာတယ်လေ။ စရောက်ရောက်ခြင်း ရန်ကုန်လေဆိပ်မှာ ကာစတန်က စပြီး ဒုက္ခပေးတာ ခံရတာ... ဒီကယူသွားတဲ့ သူသောက်နေကျ ဆေးလိပ်ကို မျက်နှာပြောင်တိုက်ပြီး လေဆိပ်မှာ ပေးခဲ့ပါလို့ တောင်းတယ်တဲ့။

ဒီထက်ဆိုးတာကတော့ ရန်ကုန်က အပြန်လေဆိပ်မှာ အိမ်သာသွားမလို့ အိမ်သာထဲဝင်တော့ စက္ကူလိပ်ကို အပေါက်စောင့်က ကိုင်ထားပြီး သူ့ဆီက One Dollar ဆိုပြီးတောင်းပါတယ်တဲ့.. အဲ့ဒီကိစ္စကို မခံမရပ်နိုင်ဖြစ်ပြီး ပြန်လာခဲ့တဲ့ အခါဒေါကြီးမောကြီးနဲ့ ဒီလိုနိုင်ငံတကာလေဆိပ်မှာ ဒါမျိုး မဖြစ်သင့်ဘူးဆိုတဲ့ အကြောင်း နိုင်ငံတကာ လှည့်လာတာ ဘယ်နိုင်ငံမှ မရှိဘူးဆိုတဲ့အကြောင်း.. ဒီကိစ္စကို မင်းတို့ပြောသင့်တယ်.. ဆိုတဲ့အကြောင်း ပြောလာပါတယ်။ ပြန်တော့ ပြောလိုက်ပါတယ်.. သွားချင်ဦးလို့ တိုင်းပြည်မှာ အကြီးအကဲဆိုတဲ့ စစ်အာဏာရှင်တွေ လခ ဒေါ်လာတစ်ထောင်လောက်နဲ့ သိန်းပေါင်းများစွာ ချမ်းသာနေတာ..။ ဘယ်ကရတယ် ထင်ပါသလဲလို့ .. အိမ်သာစောင့် ကစက္ကူလိပ် ပြပြီးတောင်းတာ တော်သေးတယ်လို့ ဒီအာဏာရှင်တွေက လူမမြင်၊ သူမမြင် လူမသိသူမသိပဲ ခိုးယူသွားတာ ကပိုဆိုးတယ်လို့ ...စာရင်းမရှိ အင်းမရှိနဲ့ တိုင်းပြည် ဘဏ္ဍာတွေကို ထင်တိုင်းကြဲပြီး လက်နက်ပြပြီး ဓားမြတိုက်နေတာက အနှစ် ၅၀ပြည်တော့မယ်ဆိုပြီး ပြောပြလိုက်ရပါတယ်။ ဒီစံနစ်ဆိုးကြီး ရှိနေသရွေ့ ကျွန်တော်တို့ တိုင်းပြည်နဲ့ ကျွန်တော်တို့လူမျိုးတွေ ကမ္ဘာ့အလည်မှာ ဒီထက်ပိုပြီး သိက္ခာကျဖို့ပဲ ရှိပါတော့တယ်..။

အောက်မှာယခင်တင်ထားတဲ့ မြန်မာစစ်အာဏာရှင်တွေရဲ့ အဓိပ္ပါယ်မရှိ ကိုးရိုးကားရားနိုင်လှတဲ့ လုပ်ဆောင်ချက်များ...(ဗီဒီယို). ပို့စ်ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။


Play နှိပ်ပြီးကြည့်ပါရန်...
မြန်မာပြည်ကလွဲပြီး ဘယ်မှာမှ မရှိနိုင်တဲ့ မြန်မာစစ်အာဏာရှင်တွေရဲ့ အဓိပ္ပါယ်မရှိ ကိုးရိုးကားရားနိုင်လှတဲ့ လုပ်ဆောင်ချက်များ... ကို ပြင်သစ်သတင်းထောက် Tristan Mendeက မြန်မာပြည်အတွင်း သွားရောက်ရိုက်ကူးခဲ့တဲ့ သတင်းမှတ်တမ်းရုပ်သံပါ။ ကားလမ်းတွေ ဘယ်ညာပြောင်းထားတဲ့ အတွက်ဒုက္ခရောက်ပုံ၊ တလဒေါ်လာ၃၀လောက်တာ တစ်ဦးချင်း ဝင်ငွေရှိတဲ့ နိုင်ငံမှာ GSM SIM CARD တစ်ခုကို ဘယ်နိုင်ငံမှာမှ လိုက်မမှီတဲ့ ဈေးနှုန်း ဒေါ်လာ ၁၈၀၀ ပေးရတာတွေ၊ Google နဲ့ Hotmail သုံးမရတာတွေ၊ ယခင်ဗေဒင်ကိန်း ဂဏန်းအရထုတ်ခဲ့တဲ့ ငွေစက္ကူတွေ.. ၊ဓာတ်ဆီရောင်းဝယ်မှု၊ တက္ကသိုလ်ကျောင်းတွေကို အစွန်အဖျားတွေပို့တာ၊ ကက်ဆက်ခွေနဲ့ သင်ယူရတဲ့ မြန်မာပြည်ရဲ့ E learning အဝေးသင် ပညာရေးစံနစ်၊ မြန်မာပြည်က ကချော်ကချက် ကလေးကစားကွင်း၊ လူတစ်ဦးတစ်ယောက်မှ မရှိတဲ့ ခမ်းနားလှတဲ့ မူးယစ်ဆေးဝါးပြတိုက်၊ မြို့တော်အသစ်ကို ၂လအတွင်း အြ့ပီးပြောင်းရွှေ့နိုင်ပုံ.. လူမရှိတဲ့ Golf Training Couse. လူမရှိပဲ တိရိစ္ဆာန်တွေသာရှိတဲ့ နေပြည်တော်(အမှားပြင်ဆင်ချက်.. နေပြည်တော်က တိရစ္ဆာန်ရုံ) အစရှိတဲ့ စစ်အာဏာရှင်တွေရဲ့ ကမ္ဘာ့အံ့ဘွယ်များကို တင်ပြသွားပါတယ်။

နောက်ထပ် ကမ္ဘာ့ အံ့ဘွယ် ဖယောင်းတိုင်မီးနဲ့ စက်မှုနိုင်ငံထူထောင်ပုံ...၊ သတင်းစာထဲမှ လျှပ်စစ်မီးအပြည့်အဝ ရနေပုံ. ၊ အချိန်လိုက် လျှပ်စစ်မီးပေးပုံ... ကလေးများကျောင်းမှာ အိမ်သာဆောက်လုပ်နေပုံကို ဗိုလ်ချုပ်ကြီးများစစ်ဆေးနေပုံ၊ မည်သည့်နိုင်ငံမှမရှိတဲ့ ဥပဒေများ၊ အပြစ်မရှိသူတွေက အကျဉ်းချခံနေရပြီး အပြစ်ရှိသူတွေက တိုင်းပြည်ခေါင်းဆောင်နေပုံ၊ ဦးခေါင်းမပါပဲ ၂၁နှစ်ကျော်ကြာအုပ်ချုပ်နေပုံ၊ အစရှိတဲ့ အကြောင်းအရာတွေကို ဆက်လက် ရိုက်ကူးဖော်ပြပေးမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။