ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဗဟုဇနဟိတာယ ဗဟုဇနသုခါယ..... ဆောင်းပါးရှင် ဘိက္ခုဇိနပုတ္တ(ရန်ကုန်)

ဗဟုဇနဟိတာယ ဗဟုဇနသုခါယ
ဆောင်းပါးရှင် ဘိက္ခုဇိနပုတ္တ(ရန်ကုန်)
ဒီစာစုကလေးကို ရေးချင်စိတ်ပေါ်လာတာကတော့ မိုးမခမီဒီယာမှာ ဖတ်လိုက်ရတဲ့ ဆောင်းပါး တစ်ပုဒ်ကြောင့်ပါ။ ခုရက်ပိုင်းအတွင်းမှာ ရွှေည၀ါဆရာတော်အပေါ် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်နေကြသူတွေက အွန်လိုင်းမီဒီယာပေါ်မှာ သူတို့တွေရဲ့ မကျေနပ်ချက်တွေကို ဖော်ထုတ်နေကြပါတယ်။ ဒီအထဲမှာ ဤစာရေးသူလဲ တစ်ယောက်အပါအ၀င်ပါ။ ဤစာရေးသူ မကျေနပ်တာက ဆရာတော်ကြီးတွေအပေါ်မှာ ပြစ်မှားလိုတဲ့ စိတ်မျိုးနဲ့တော့ မဟုတ်ပါဘူး။ မိဘအပေါ်မှာ အလိုမကျဖြစ်နေတဲ့ သားသမီးတစ်ယောက်ရဲ့ ခံစားချက်မျိုးနဲ့ပါ။ ဒီခံစားချက်နဲ့ ဆောင်းပါးလေး နှစ်ပုဒ်တောင် ရေးဖြစ်သေးတယ်။ ဘာရယ် မဟုတ်ပါဘူး၊ ဆရာတော်ကြီးတွေအပေါ်မှာ ကိုယ်အလိုမကျ ဖြစ်နေတာလေးတွေကို ရင်ဖွင့်လိုက်တာပါ။

ရွှေည၀ါကိစ္စနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ ဖတ်နေရတဲ့ ဆောင်းပါးတွေအနက် မိုးမခမီဒီယာက ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကတော့- “ဘာသာရေးနဲ့ လောက၀တ်” ဆိုတဲ့ ဆောင်းပါးပါ။ ဒီဆောင်းပါးထဲမှာ စာရေးသူက ၀ိနည်း မဟာဝါပါဠိတော်မှာ လာတဲ့ “ဗဟုဇနဟိတာယ ဗဟုဇနသုခါယ” “လူတွေ အကျိုးစီးပွား ဖြစ်ထွန်းဖို့၊ လူတွေ ချမ်းသာဖို့ ခရီးဒေသစာရီ ကြွချီကြ ၊ တရားဟောကြ” လို့ မြတ်ဗုဒ္ဓ တိုက်တွန်းတော်မူတာကလေးကို ကိုးကားပြီး ရဟန်းတော်များအနေနဲ့ ကိုယ့်နိုင်ငံမှာ လိုအပ်နေတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ကြဖို့ ပြောလိုပုံရပါတယ်။ ၀ိနည်းမဟာဝါမှာလာတဲ့ မြတ်ဗုဒ္ဓရဲ့ စကားတော်အပေါ်မှာ အဲဒီဆောင်းပါးရေးတဲ့ စာရေးသူတစ်ဦးတည်းသာ ဒီလို အဓိပ္ပာယ်ဖွင့်ဆိုတာ မဟုတ်ပါဘူး။ နိုင်ငံရေးဘက်မှာ အားသန်တော်မူကြတဲ့ ရဟန်းတော် တော်တော်များလဲ ဒီလိုဘဲ ဖွင့်ဆိုပြီး ပြောနေတာကို ကြားနေရပါတယ်။ ဤစာရေးသူအနေနဲ့ကတော့ မြတ်ဗုဒ္ဓရဲ့ ဆိုလိုရင်းအာဘော်ဟာ “ဘာသာရေးနဲ့ လောက၀တ်”ဆောင်းပါးရေးသူ ယူဆထားသလို ဟုတ် မဟုတ် လေ့လာကြည့်ချင်တာပါ။

ဒီလို မလေ့လာခင်မှာ “ဗဟုဇနဟိတာယ ဗဟုဇနသုခါယ” စတဲ့ စကားတော်တွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းလေးကိုတော့ နည်းနည်းလောက် သိထားမှ ဖြစ်မယ်။ မြတ်ဗုဒ္ဓ ဘုရားဖြစ်ပြီးနောက် ပထမဦးဆုံးဝါအနေနဲ့ မိဂဒါဝုန်မှာ ၀ါကပ်တော်မူပါတယ်။ အဲဒီ ပထမ၀ါမှာ ပဉ္စ၀ဂ္ဂီငါးဦး အပါအ၀င် ရဟန္တာအရှင်မြတ် (၆၀) ပေါ်ထွက်ခဲ့ပါတယ်။ မြတ်ဗုဒ္ဓနဲ့ပါ ဆိုရင်တော့ ခြောက်ကျိပ်တစ်ပါးလို့ ပြောရပါ့မယ်။ အားလုံးဟာ ကိလေသာအနှောင်အဖွဲ့တွေအားလုံးက လွတ်မြောက်ပြီး ဖြစ်ကြတယ် ဆိုတာကတော့ အထူးပြောနေစရာ မလိုပါဘူး။ ၀ါလကင်းလွတ် သီတင်းကျွတ်ချိန်ရောက်တော့- မြတ်ဗုဒ္ဓက ခြောက်ကျိပ်သော ရဟန္တာ အရှင်မြတ်တွေကို အခုလို မိန့်ကြားပါတယ်။ တိတိကျကျ ဖြစ်အောင် ဆဋ္ဌမူ ပိဋကတော် မြန်မာပြန်အတိုင်းပဲ ဖော်ပြပါရစေ။

“ရဟန်းတို့ ငါဘုရားသည် လူနတ်တို့၌ ဖြစ်သော (ကိလေသာ) ကျော့ကွင်း အားလုံးတို့မှ လွတ်တော်မူပြီ။ ရဟန်းတို့ သင်တို့သည်းလည်း လူနတ်တို့၌ ဖြစ်သော (ကိလေသာ) ကျော့ကွင်းတို့မှ လွတ်ကြကုန်ပြီ။ ရဟန်းတို့ များစွာသော လူတို့၏ အစီးအပွားဖြစ်ခြင်းငှာ (ဗဟုဇနဟိတာယ) ချမ်းသာခြင်းငှာ (ဗဟုဇနသုခါယ) လောကကို စောင့်ရှောက်ရန် အလို့ငှာ နတ်လူတို့၏ အကျိုးစီးပွားဖြစ်ခြင်း ချမ်းသာခြင်းငှာ ဒေသစာရီလှည့်လည်ကုန်လော၊ ခရီးတစ်ကြောင်းလျှင် နှစ်ပါးမသွားကြကုန်လင့်။ ရဟန်းတို့ အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်လော့၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်လော့။

ပညာမျက်စိ၌ ကိလေသာ မြူနည်းသော သဘောရှိကုန်သော သတ္တ၀ါတို့သည် ရှိကုန်၏၊ တရားတော်ကို မနာရသဖြင့် ဆုတ်ယုတ်ကြရကုန်၏၊ တရားတော်ကို သိလွယ်သူတို့ ရှိကုန်လတ္တံ့။ ရဟန်းတို့ ငါဘုရားသည်လည်း ဥရုဝေလမှ သေနနိဂုံးသို့ တရားဟောရန် ချဉ်းကပ်တော်မူပေအံ့။” ဒါဟာ မြတ်ဗုဒ္ဓရဲ့ စကားတော်ပါ။ ဒီစကားတော်ကို လေ့လာကြည့်ရင် မြတ်ဗုဒ္ဓဟာ တရားဟောကြွကြမယ့် တပည့်ရဟန်းတော်တွေ အားလုံးကို ကိလေသာကင်းကွာ ရဟန္တာအရှင်မြတ်တွေချည်း ဖြစ်အောင် အရင်ဆုံး ပြုစုပျိုးထောင်ပါတယ်။ ပြီးတော့မှသာ တရားဟောကြွကြ-လို့ စေလွှတ်တော်မူတာ ဖြစ်ကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ သတိပြုဖို့ လိုမယ်လို့ ထင်မိတာက မြတ်ဗုဒ္ဓက တရားဟောဖို့ သာသနာပြုဖို့ စေလွှတ်တဲ့ ရဟန္တာအရှင်မြတ်ကြီးတွေလို အကြွင်းမဲ့ ကိလေသာ ကျော့ကွင်းက မလွတ်သေးသည့်တိုင်အောင် သာသနာပြုမယ့် ရဟန်းတော်, ဓမ္မကထိကလုပ်မယ့် ရဟန်းတော်များအနေနဲ့ ကိလေသာကျော့ကွင်းက လွတ်သင့်သလောက် လွတ်ထားရင် ကောင်းလေမလားဘဲ။ ဘာဖြစ်လို့ဆိုတော့ မကြာခဏဆိုသလို ကျော့ကွင်း မိသွားတာတွေက ကြားနေရလို့ပါ။ 

မြတ်ဗုဒ္ဓနှင့်တကွ ရဟန္တာအရှင်မြတ်တွေကတော့ မိမိကိုယ်ကို အရင်ဆုံး ကိလေသာ ကျော့ကွင်း ကိလေသာ အနှောင်အဖွဲ့ ကနေ လွတ်မြောက်အောင် လုပ်ထားပြီး ဖြစ်လို့ ဘယ်လို ကျော့ကွင်းထဲမှ မသက်ဆင်းတော့ပါဘူး။ လောကမှာ ပုထုဇဉ် လူသားတွေ သာယာဖွယ်ရာ အဖြစ် ရှုမြင်ထားတာတွေအားလုံးကို ပုထုဇဉ်တွေ မြင်သလို မမြင်ပါဘူး။ ဒီအရှင်မြတ်တွေ ဟောကြားတဲ့ တရားတော်ထဲက “ဗဟုဇနဟိတာယ-များစွာသော လူတို့အကျိုးစီးပွားဖြစ်ဖို့” “ဗဟုဇနသုခါယ-ချမ်းသာဖို့” ဆိုတာတွေဟာ ကိလေသာ ကျော့ကွင်းထဲက အကျိုးစီးပွားတွေ ချမ်းသာမှုတွေ ဟုတ်နိုင်ပါမလား။ 

 ဒီလိုအကျိုးစီးပွား ဒီလိုချမ်းသာမှုမျိုးကို ဇောင်းပေးပြီး တရားဟောကြပါ့မလား။ ဆိုလိုတာက ဒီအရှင်မြတ်တွေဟာ လောကလူသားတွေအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဆိုတဲ့ လောကအကျိုးစီးပွားတွေကို ဦးတည်ပြီး သာသနာပြုတာ ဟုတ်နိုင်ပါ့မလား။ စဉ်းစားစရာပါ။ အရှင်မြတ်တွေကိုယ်တိုင်က ကိလေသာကျော့ကွင်းက လွတ်ကင်းသွားလို့ ချမ်းသာတဲ့ ချမ်းသာမျိုးကို ကိုယ်တိုင် ခံစားရပြီး ဖြစ်လို့ အရှင်မြတ်တွေ တရားဟောတာ၊ သာသနာပြုတာဟာ သူတို့ကိုယ်တိုင် ခံစားရတဲ့ ချမ်းသာမှုမျိး လူသားတွေ ခံစားရရှိနိုင်အောင် ဦးတည်ချက်ထားကြလိမ့်မယ် ထင်ပါတယ်။ လောကချမ်းသာကို ဦးတည်ချက်ထားမယ်လို့ မထင်ပါဘူး။ လောကလွန်ချမ်းသာကိုသာ ဦးတည်ချက်ထားပြီး တရားဟောကြ၊ သာသနာပြုကြမယ် ထင်ပါတယ်။

ဒီနေရာမှာ “ဗုဒ္ဓ၀ါဒနှင့် တွေးခေါ်မြှော်မြင်ရေး” ဆိုတဲ့ စာအုပ်ထဲက ဆရာကြီး ရွှေဥဒေါင်း ရဲ့ အဆိုအမိန့်ကလေးကလဲ မှတ်သားစရာပါ။ ဆရာကြီးပြောတာက- “ဗုဒ္ဓ၀ါဒသည် လူတွေကို စီးပွားဖြစ်ရေးအတွက် ဦးစားပေး ညွှန်ပြသော ၀ါဒမဟုတ်၊ လောကမှ လွန်မြောက်အောင် နည်းလမ်းညွှန်ပြသော ၀ါဒကြီးဖြစ်၏၊ ဗုဒ္ဓကိုယ်တော်မြတ်သည် စကားစပ်မိသည့်အခါ လူမှုဆက်ဆံရေး ချွေတာသုံးစွဲရေး စသည်များနှင့် စပ်လျဉ်း၍ ဟောတော်မူချက်များ ရှိဘူးသည် မှန်သော်လည်း အခြားလောကီပညာရှိများသည်လည်း ဤကိစ္စမျိုးတွင် အလားတူ သြ၀ါဒမျိုး ပေးတတ်ကြသည် ဖြစ်သောကြောင့် ဗုဒ္ဓကို ဤအသေးအဖွဲ ကိစ္စမျိုးအတွက် စာဖွဲ့ရေးသားကြမည်ဆိုလျှင် ဗုဒ္ဓ၏ဂုဏ်ကို သေးနုပ်အောင် လုပ်ရာရောက်သည် ဟု ကျွန်ုပ် ယူဆသည်။ စင်စစ်မှာ ဗုဒ္ဓပွင့်တော်မူခြင်းသည် လောကကြီးကို စည်ပင်သာယာအောင် ပြုပြင်ပေးရန်အတွက် မဟုတ်၊ လောကကြီးကို ဖျက်သိမ်းရန်၊ (၀ါ) ဆင်းရဲအတိ ပြီးသော လောကကြီးမှ ကျွတ်လွတ်ထိုက်သော သတ္တ၀ါများ ကျွတ်လွတ်စေရန် အတွက်မျှသာ ဖြစ်သည်။ 

ထို့ကြောင့် ဗုဒ္ဓသည် လူ့လောကတွင် စည်းစိမ်နှင့်နေကြသော သူဋ္ဌေး သူကြွယ်ကြီးများအား “မင်းတို့ စည်းစိမ်တွေထက် မွန်မြတ်သော သုခချမ်းသာကို ငါပေးနိုင်သည် ဆိုကာ ဖော်ထုတ်သွားတော်မူခြင်း ဖြစ်လေသည်” တဲ့။ ဤစာရေးသူကိုယ်တိုင် ဗုဒ္ဓတရားတော်တွေကို (ဗုဒ္ဓစာပေတွေကို)သတိထားပြီး လေ့လာတဲ့အခါ ဆရာကြီးဆိုတဲ့ အဓိပ္ပာယ်မျိုးကိုသာ သဘောပေါက် နားလည်မိတဲ့အတွက် ဆရာကြီး အယူအဆနဲ့ ဤစာရေးသူရဲ့ အယူအဆ တူမျှတယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒီလိုပြောလိုက်တာဟာ ရဟန်းတော်တွေအနေနဲ့ အားသန်ရာ ၀ါသနာအတိုင်း ပါရမီမြောက်အောင် ဆောင်ရွက်နေကြတဲ့ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ စတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေ လုံးဝ လုံးဝ မလုပ်ရ၊ နိဗ္ဗာန်ရောက်ကြောင်းတရားတစ်ခုတည်းကိုသာ ကျင့်ပြီး အဲဒီတရားဘဲ ဟောကြလို့
ပြောလိုရင်း မဟုတ်ပါဘူး။

ပြောချင်တာက အဲဒီလို နိုင်ငံရေး လူမှုရေး ပညာရေး ကျန်းမားရေး စတဲ့ စတဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေလုပ်မှ သာသနာပြုရာရောက်တယ်၊ “ဗဟုဇနဟိတာယ ဗဟုဇနသုခါယ”- လောကကြီး၏ အကျိုးစီးပွားကို ဆောင်ရွက်ရာ ရောက်တယ် ထင်ပြီးတော့ ကိုယ်အားသန်ရာ ၀ါသနာရှုထောင့်ကနေ ဗုဒ္ဓတရားတော်တွေကို သဒ္ဒတ္ထလောက်ကိုသာ ကြည့်ပြီး ပုံပျက် ပန်းပျက် ဖြစ်အောင် အဓိပ္ပာယ် မဖွင့်ဆိုမိကြဖို့ပါ။ ကိုယ်အကြိုက်ဟာ ပုထုဇဉ် ရှုထောင့်ကနေ ကြိုက်နေတာ ဖြစ်လို့ ကိုယ့် အကြိုက်အတိုင်း အဓိပ္ပာယ်ဖွင့်ရင် ဘုရားကျောင်းဆောင်ကို အိမ်ပေါက်ဝ အတက်အဆင်းမှာ သွားထားသလိုမျိုး ဖြစ်နိုင်ပါတယ်။

ဘိက္ခုဇိနပုတ္တ(ရန်ကုန်)