ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကျီစုဆေးခန်းဖွင့်ပွဲကျင်းပခြင်းနှင့် Health Care for Helpless Patients တစ်နှစ်ပြည့်အခမ်းအနားကျင်းပခြင်း (သတင်း၊ ဓာတ်ပုံ)

၁၂-၁၂-၂၀၁၁(တနင်္လာနေ့)
ဒဂုံမြို့သစ်တောင်ပိုင်း၊ ကျီစုအနောက်ကျေးရွာ၊ သဇ္ဇနာရာမရွှေကျင်ကျောင်း ဆင်းရဲချို့တဲ့ အကူအညီမဲ့ နာမကျန်းသူများအား ကူညီစောင့်ရှောက်သူများ (ဒဂုံတောင်)၏ ၁နှစ်ပြည့် အခမ်းအနားနှင့် ကျီစု ဆေးကုသခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မနက် ၉း၀၀ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
၁၇-၁၁-၂၀၁၀ ရက်နေ့တွင် မဖြူဖြူသင်း ဦးစီးသော HIV ကူညီစောင့်ရှောက်ရေးစခန်းသို့ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လာရောက်ပြီး လမ်းညွန်သြ၀ါဒ ပေးရာတွင် အရပ်ဖက် ဆိုင်ရာ လူ့အဖွဲ့အစည်းများ ပေါ်ပေါက်ဖို့လိုအပ်ပြီး ပြည်သူတို့၏ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စသဖြင့် လိုအပ်သည့်နေရာတွင် ကူညီစောင့်ရှောက်နိုင်ရန်အတွက် လူမှုရေးအသင်းအဖွဲ့များ ကွန်ယက်သဖွယ် ချိတ်ဆက်ပြီး လုပ်ဆောင်ပေးနိုင်ပါက အကောင်းဆုံးဖြစ်သည် ဟုဆိုသော လမ်းညွန်ချက်ကို အလေးထားခံယူပြီး ကျွန်ပ်တို့ ဒဂုံမြို့သစ်မြို့နယ် NLD မြို့နယ်စည်းရုံးရေး ကော်မတီမှ မြို့နယ်လူကြီးများ၊ မြို့နယ်လူငယ်များ၊ လူမှုရေး လုပ်ငန်းများကို စိတ်ပါဝင်စားပြီး NLD ပါတီကို ထောက်ခံအားပေး သူများနှင့် ပူးပေါင်းပြီး ၁၂-၁၂-၂၀၁၁ရက်နေ့တွင် ဆင်းရဲချို့တဲ့အကူအညီမဲ့ နာမကျန်းသူများအား ကူညီစောင့်ရှောက်သူများ (HCHP) အစုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်မှာ တစ်နှစ် တိတိရှိခဲ့ပြီ ဖြစ်ပါသည်။
(၁)နှစ်အတွင်း လူနာမျိုးစုံ ၃၀၀ ခန့်နှင့် ငွေကျပ် (၂၈ )သိန်းခန့် အကုန်အကျခံ ကုသပေးနိုင်ခဲ့ပါသည်။ ထို့အတူ ၂၁-၁၁-၂၀၁၁ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ ကျီစုအနောက်ကျေးရွာရှိ သဇ္ဇနာရာမ ကျောင်းတိုက်ရှိ ဆွမ်းစား ဆောင်တွင် (HCHP)၏ အခမဲ့ဆေးကုသခန်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ ဆေးခန်းဖွင့်လှစ် ကုသစောင့်ရှောက်ရာတွင် တစ်ပတ်လျှင် ၂ ရက်ကြာသပတေးနေ့နှင့် စနေနေ့တို့တွင် ဆရာဝန်တစ်ဦး၊ လက်မှတ်ရ တိုင်းရင်းဆေး ဆရာတစ်ဦး၊ ဆေးဝါးကျွမ်းကျင် (၄)ဦးတို့ဖြင့် ကုသစောင့်ရှောက် ပေးနေပါသည်။ ယင်းကဲ့သို့ ဆေးခန်းဖွင့်လှစ်ရာတွင် ဒေသ ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ကြံ့ခိုင်ရေးပါတီဝင်တို့မှ ဟန့်တားနှောက်ယှက်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအဆင့်မှသည် မြို့နယ်စည်းကော်မတီအဆင့်ထိ နိုဝင်ဘာလတွင် အသိပေးတင်ပြ အစီရင်ခံပြီး သတင်းဌာန အသီးသီးသို့ ကျွန်ုပ်တို့ (HCHP) မှ တာဝန်ရှိသူများအနေဖြင့် သတင်းထုတ်ပြန်နိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့ (HCHP) အနေဖြင့် NLD ပါတီမှ ကျင်းပသော နိုင်ငံရေးလှုပ်ရှားမှု အခမ်းအနားများ၊ အခြားသော ဒီမိုကရေစီအင်အားစုများမှ ပြုလုပ်သော အခမ်းအနားများ လှုပ်ရှားမှုများကို ဒီမိုကရေစီ၏ အခြေခံမူများနှင့်အညီ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနိုင်ခဲ့ပါသည်။
ကျွန်ုပ်တို့ ကျန်းမာရေးပြုစု စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်နေရာတွင် ပရဟိတလုပ်ငန်း သီးသန့် သာမကဘဲ နိုင်ငံရေးဦးတည်ချက်၊ ရည်ရွယ်ချက်အပြည့်အ၀ဖြင့် အနှစ်သာရရှိရှိလုပ်ဆောင်နိုင်ရန် အဓိကရည်ရွယ်ပြီး ဆေးခန်း ဖွင့်လှစ်နိုင်သည်အထိ ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုများမှာ ၁၂-၁၂-၂၀၁၁ တွင် (၁)နှစ်တိတိ ရှိခဲ့ပါပြီဖြစ်ပါသည်။ သို့ပါ၍ (HCHP) အနေဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်အစိုးရတို့၏ အပြုသဘောဆောင်သည့် တွေ့ဆုံညှိနှိုင်းနေမှုအား ကြိုဆို ထောက်ခံသောအားဖြင့် ဆေးခန်းဖွင့်လှစ်ခြင်းနှင့် (၁)နှစ်ပြည့်အခမ်းအနားအား ပူးပေါင်းပြီး ကျင်းပရခြင်းလည်း ဖြစ်ပါသည်။

နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းစဉ်များတွင်လည်း နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များဖြင့် ချိတ်တွဲဆက်ဆက်ပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများသာမကဘဲ ဒီမိုရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ဦးဆောင်မှုဖြင့် ပြုလုပ်သော ဒီမိုကရေစီအရေးတွင်လည်း တက်တက် ကြွကြွပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အခြားသောဒီမိုကရေစီအင်အားစုများနှင့်လည်း ဒီမိုကရေစီ၏ အခြေခံမူများ၊ ဥပဒေများနှင့်အညီ သင့်တော်သလို စဉ်းစားဆုံးဖြတ်ပြီး ပါဝင်လှုပ်ရှား ဆောင်ရွက်သွားမှာဖြစ်ပါသည်။
Health Care for Helpless Patients