ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေကပြုံး သားကရီပေါ့...

အမေကပြုံး သားကရီပေါ့
အမေက … “ပြုံးရင်လှမှာလား” တဲ့။

လှပါတယ် အမေ … ။ အမေကတော့ ပြုံးပြုံး၊ ရီရီ၊ ငိုငို၊ မဲ့မဲ့ လှမြဲလှဆဲပါအမေ။ အမေက သားတို့အတွက် အစဉ်အမြဲလှဆဲ၊ ကြည်ညိုဆဲ၊ လေးစားဆဲပါအမေ။ ၂၀၁၂ ခုနှစ်၊ နှစ်သစ်အတွက် ကိုမျိုး(မြန်မာစာ)ကတော့ အမေ့ရဲ့အပြုံးနဲ့ ကြိုဆိုလိုက်တာပေါ့ အမေ။ သား(ကျော်သူ) အနေနဲ့တော့ မပြုံးနိုင်ပါဘူးအမေရယ်။

ဟုတ်တယ်အမေ …. သားနဲ့ သွေးချင်းနီးတဲ့သူတွေလည်း ပြုံးနိုင်မယ် မထင်ပါဘူးအမေ။ လောကသဘာဝရဲ့ အပြုံးဒဿနတွေကို ဖိဆီးနေတဲ့ လူမှုဒုက္ခ သဘာဝထဲ ရုန်းကန်ပေးဆပ်ရင်းနဲ့ သား မပြုံးနိုင်တော့ဘူးအမေ။

အမေခင်းပေးတဲ့လမ်း၊ အမေဦးဆောင်သွားနေတဲ့လမ်း၊ အမေညွှန်ပြတဲ့လမ်း၊ ငြိမ်းချမ်းရေးလမ်းကို သား လျှောက်လှမ်းရင်း “သေခြင်းဟူသည် ကြီးငယ်မရွေး၊ အချိန်မရွေးနှင့် သက်ဆိုင်သည်” ဆိုတဲ့ အသိတရားတစ်ခုကို သိရှိသွားတဲ့အချိန်မှာ သား မပြုံးပါရစေနဲ့တော့ အမေ။

လောကရဲ့အမှန်တရားကို ရှာဖွေရင်း သားတို့ မပြုံးနိုင်တော့ဘူးအမေ။ လောကရဲ့ သဘာဝကို ပေးဆပ်ရင်းနဲ့ သား လက်တွေ့ခံစား တွေ့ကြုံခဲ့ရတဲ့ ဆရာကြီးတင်မိုးရဲ့ ကဗျာထဲကိုလို -

(ခွေးမသား) တဲ့ … အပြေးရ မှားပြန်ပြီ (အမေ)၊
(အရူးမသား) တဲ့ … ဘီလူးက ကလို့ ဒူးတကွကွနဲ့ ဆူးတမြမြ စူးရပြန်ပြီ (အမေ)၊
(ဂုဏ်သရေရှိသား) တဲ့ … ယုံကြည်မှုအပြည့်ထားမိပြန်ပြီ (အမေ)၊
(ကမြင်းမသား) တဲ့ … အကျဉ်းဝတံခါးမှာ ထမင်း၀၀စားထားလို့ အကြိမ်းခံရပြန်ပြီ (အမေရယ်)။
ဒါကြောင့် … သား မပြုံးနိုင်တော့ဘူးအမေ။

ဒါပေမယ့် … အမေ့ကို သား ကတိပေးလိုက်ပါတယ်။
“သား အစွမ်းကုန်ကြိုးစားပြီး ပြုံးကြည့်ပါ့မယ်” လို့။
“မရဘူး အမေ … မရဘူး” ပြုံးလို့မရဘူး အမေ။
ရှင်းရှင်းလင်းလင်း ငြိမ်းငြိမ်းချမ်းချမ်းဘ၀မှာ နေသွားချင်လို့ စိတ်ရှင်းရှင်းနဲ့ စိတ်အရည်အသွေးကို မြင့်မားစွာထားရှိပြီး၊ စိတ်ရဲ့အဆင့်အတန်းကို မြင့်မားအောင် သတိလေးနဲ့ လေ့ကျင့်ပြီး ဘ၀ကြီးကို ရိုးရှင်း စွာပေးဆပ်ခဲ့တဲ့၊ ပေးဆပ်နေတဲ့ “သား” … ထပ်ကြိုးစားပြီး ပြုံးကြည့်လိုက်ပါတယ် အမေ။

“ဟား … ဟား … ဟား … ဟား”
(ဟုတ်တယ် အမေ … အဲဒါ သားပြုံးလိုက်လို့ ထွက်လားတဲ့အသံပါ။)
လှောင်ရီလား … ထေ့ရီလား … ငေါ့ရီလား … ပေါက်ရီလား … ရီလား … ရီလား … တွေလားတော့ မသိတော့ပါ။ သားမသိတော့ဘူးအမေ၊ ဘာကို ဘာမှ မသိတော့ဘူးအမေ။ ဟန်ဆောင်လုပ်ကြံပြီး ရီလိုက်တာ မဟုတ်ဘူးဆိုတာတော့ အသေအချာပဲ အမေ။

ကျေနပ်မှု၊ ၀မ်းသာမှု၊ ၀မ်းနည်းမှု၊ ကြေကွဲမှု၊ နာကျည်းမှု၊ ပေါက်ကွဲမှု … စတဲ့ “အရီကဏ္ဍ” တွေ၊ “အရီဒဿန” တွေကိုတော့ မခွဲခြားတတ်တော့ဘူးအမေ။ ဒါပေမယ့် …. သားလည်း တာဝန်ကျေသွားပါပြီ အမေ။
အမေကပြုံး … သားကရီပေါ့။
ဒါပေမယ့် …. အမေ့ရဲ့ အပြုံးနဲ့ သားရဲ့ အရီဟာ အဓိပ္ပါယ်အများကြီး ကွာခြားသွားပြီလားလို့။ မည်သို့ဖြစ်စေ … ၂၀၁၂ ခုနှစ်ကို တိုတောင်းလှတဲ့ ဘ၀ကြီးထဲ သား, ကမ္ဘာမြေပြင်က ပြန်လည် မထွက်သွားခင် သားကို အားပါးတရ ရီမောရင်းနဲ့ ဆက်လက် ပေးဆပ်ခွင့်တွေသာ ပြုလိုက်ပါတော့အမေ။ အမေကပြုံး . . . သားကရီပေါ့။
ကျော်သူ