ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အိန္ဒိယရဲ့ ဒီမိုကရေစီ ပို့ချချက် (ဆောင်းပါးရှင် သီတလ)

အိန္ဒိယရဲ့ ဒီမိုကရေစီ ပို့ချချက်
(ဆောင်းပါးရှင် သီတလ)

ဒီကနေ့ (၁၉-၁၂-၂၀၁၁) ထုတ် မြန်မာ့အလင်း သတင်းစာမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၄) ဦးပါ ကိုယ်စားလှယ် အဖွဲ့ အိန္ဒိယနိုင်ငံ သွားရောက်ပြီး သမ္မတတို့ လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံတဲ့ သတင်းကို တော်တော် ပြည့်ပြည့်စုံစုံ ဖော်ပြထားသဗျ။

ဒီအထဲမှာ- ဒီဇင်ဘာ ၁၂-ရက်နေ့က သူရဦးရွှေမန်းနဲ့ အဖွဲ့ အိန္ဒိယအထက်လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယသမ္မတ ရှရီအမ်ဟာမစ်အန်ဆာရီ ကို သွားရောက် တွေ့ဆုံပါသတဲ့။ ဒီလို သွားတွေ့တော့ အိန္ဒိယ ဒုတိယသမ္မတ ပြောတာက-

“အိန္ဒိယနိုင်ငံသည် ၁၉၄၇-ခုနှစ် သြဂုတ် ၁၅ ရက်တွင် လွတ်လပ်ရေး ရရှိခဲ့ပါကြောင်း၊ ထိုအချိန်ကစတင်၍ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် အလေးအနက် စဉ်းစားဆုံးဖြတ်ခဲ့ပါကြောင်း၊ ထို့နောက်
ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးနှစ်မျှ အချိန်ယူရေးဆွဲပြီး ၁၉၅၀ ခုနှစ် ဇန်န၀ါရီလတွင် အတည်ပြုခဲ့ပါကြောင်း၊ ယနေ့အချိန်အထိ ၄င်းဖွဲ့စည်းပုံအခြေခံဥပဒေသည် အသက်ဝင်လျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ကိုးကွယ်သည့်ဘာသာ အယူဝါဒမျိုးစုံ၊ တိုင်းရင်းသားမျိုးနွယ်စုမျိုးစုံနှင့် ဖတ်ရှုလေ့လာစရာ စာအုပ်များစွာရှိသော်လည်း တစ်ခုတည်း ရှိသည့်အရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပင်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံအနှစ်သာရမှာ ပြည်သူများမှ ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ်များကသာ ပြည်သူများအား အုပ်ချုပ်ရမည်ဆိုသည့် အချက်ဖြစ်ပါကြောင်း၊ ပြည်သူများအားအုပ်ချုပ်သည့် ပြည်သူ့ကိုယ်စားလှယ်သည် ယုံကြည်အားကိုးထိုက်သည့် အရည်အချင်းနှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း”
လို့ ပြောပါသဗျ။

အိန္ဒိယ ဒုတိယသမ္မတ ရဲ့ ပြောကြားချက်တွေထဲက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲကြတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ နိုင်ငံနဲ့ ကွဲပြားခြားနားတာကိုတော့ သိပ်ပြီး မပြောလိုပါဘူး။ သူတို့နိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေက သုံနှစ် အချိန်ပေးပြီး ရေးဆွဲခဲ့တာ အခုအချိန်အထိ အသက်ဝင်နေတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ နိုင်ငံကတော့ သုံးကြိမ် သုံးခါ ရေးဆွဲခဲ့ကြပြီးပါပြီ။ အခုနောက်ဆုံးဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့ သက်တမ်းကတော့ ၁၉၉၃-ထဲက ရေးဆွဲလာလိုက်တာ ၂၀၀၈-နာဂစ်ကျမှဘဲ အတည်ပြုနိုင်တယ်ဆိုတော့ ဒီလောက်ကြာအောင် ရေးရတဲ့ အခြေခံဥပဒေမျိုး နိုင်ငံတကာမှာ ရှိမှ ရှိပါရဲ့လား မသိပါဘူး။ ဒါတွေကတော့ ထားလိုက်ပါတော့။ အိန္ဒိယဒုတိယသမ္မတ ပြောတဲ့အထဲမှာ ကျွန်တော် အကြိုက်ဆုံးကတော့- “ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံအနှစ်သာရမှာ ပြည်သူများမှ ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ်များကသာ ပြည်သူများအား အုပ်ချုပ်ရမည်ဆိုသည့် အချက်ဖြစ်ပါကြောင်း“ ဆိုတာပါဘဲ။

ဒီစကားက သူရဦးရွှေမန်းတို့အဖွဲ့ကို “မိတ်ဆွေတို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ  ပြည်သူက ရွေးချယ်ပေးလိုက်တဲ့ ပြည်သူကိုယ်စားလှယ်များနဲ့ပဲ ပြည်သူကို အုပ်ချုပ်ရမယ် ဆိုတဲ့ မူကိုအခြေခံမှသာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်တယ်။ မိတ်ဆွေတို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလို “အနာဂတ် နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ရေး” ဆိုတဲ့ မူချပြီး ဘယ်ပြည်သူကမှ ရွေးချယ်တင်မြှောက်မထားတဲ့ စစ်တပ်တစ်မတ်သားက လွှတ်တော်ထဲမှာ အချောင်သက်သက် နေရာဝင်ယူနေနိုင်တာတို့၊ အရပ်ဘက်အုပ်ချုပ်ရေး ဖြစ်တဲ့ ပြည်ထဲရေးဋ္ဌာနကြီး တစ်ခုလုံးကိုလဲ ဘယ် ပြည်သူ့ကိုယ်စားလှယ်ကမှ မတို့ရဲ မထိရဲပဲ စစ်တပ်ကဘဲ စိတ်ကြိုက်ကိုင်တွယ်အုပ်ချုပ်နေနိုင်တာတို့၊ နိုင်ငံတော်သမ္မတက ညွှန်ကြားတာကိုတောင် တပ်ကာကွယ်ရေးဦးစီးချုပ်က လိုက်နာစရာမလိုဘဲ စစ်ရေးစစ်ရာနဲ့ ပတ်သက်ရင် သူလုပ်ချင်သလို လုပ်နိုင်အောင် အခွင့်အရေးတွေ ပေးထားတာတို့ စတဲ့ စတဲ့ အချက်တွေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ဘယ်မှာ ကိုက်ညီနိုင်ပါ့မလဲ။ ဒါတွေဟာ တကယ်တော့ ပြည်သူက ဆင်းသက်လာတာ မဟုတ်ဘဲ သေနပ်ပြောင်းဝက ဆင်းသက်လာတာတွေသာ ဖြစ်တယ် မိတ်ဆွေတို့။
မိတ်ဆွေတို့၊ မိတ်ဆွေတို့ ပြောတဲ့-

“ယခု ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံမှ လွှတ်တော်ဆိုင်ရာ အတွေ့အကြုံနှင့် အလေ့အကျင့်များ၊ ဒီမိုကရေစီစနစ်မှ တဆင့် တိုင်းပြည်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့ဖော်ဆောင်သည် စသည်တို့ကို လေ့လာပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် သင်တော်သကဲ့သို့ ပြန်လည်အသုံးချရန် ရည်ရွယ်ပါတယ်” ဆိုရင်တော့ မိတ်ဆွေတို့ နိုင်ငံရဲ့ ဒီမိုကရေစီမကျတဲ့ ဖွဲ့စည်းပုံ ဥပဒေကြီးကို အရင်ဆုံး ပြင်မှ ဖြစ်မယ် မိတ်ဆွေတို့” ဆိုပြီး သွယ်ဝိုက်ပြောလိုက်တာဘဲလို့ ကျွန်တော်စိတ်ထဲမှာ ခံစားမိပါတယ်ခင်ဗျ။ နောက်ပြီး- အိန္ဒိယ ဒုတိယသမ္မတ ဆက်ပြောသွားတဲ့- “ပြည်သူများအား အုပ်ချုပ်သည့် ပြည်သူ့ကိုယ်စားလှယ်သည် ယုံကြည်အားကိုးထိုက်သည့် အရည်အချင်းနှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း” ဆိုတဲ့ စကားအပေါ်မှာ ကျွန်တော် နားလည်တာက- “မိတ်ဆွေတို့၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ရှိပြီးသည့်တိုင်အောင် လွှတ်တော်ထဲမှာ အရည်အချင်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရောက်လာဖို့ လိုသေးသဗျ။ ဒီလို ရောက်လာဖို့အတွက်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးရမယ်ဗျ။ မိတ်ဆွေတို့ နိုင်ငံမှာ လုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကလိုမျိုး “လမ်းခင်းပေးမယ် ထည့်ကြ ထည့်ကြ ကြိုတင်မဲ” ဆိုတာမျိုးတွေ၊ တခြားပါတီတွေကို လွတ်လွတ်လပ်လပ် စည်းရုံးခွင့် မပေးဘဲ တစ်ပါတီတည်းက ထင်တိုင်းကြဲနေတာမျိုးတွေနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုလို့ကတော့ လွှတ်တော်ထဲမှာ အရေးမပါတဲ့ အကြောင်းတွေ တင်ပြပြီး ထမင်းလုံးစီနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပဲ လွှတ်တော်ထဲ ရောက်လာလိမ့်မယ် မိတ်ဆွေတို့၊ ဒါနဲ့ မိတ်ဆွေတို့ရော အဲဒီနည်းနဲ့ လွှတ်တော်ထဲ ရောက်လာကြတာများလား” လို့ ပြောလိုက်သလို နားလည်မိကြောင်းပါခင်ဗျား။

သီတလ