ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေည၀ါကိစ္စကို ပြန်လည်ရှင်းလင်းခြင်းနှင့် ရွှေည၀ါကိစ္စအတွက် အားလုံးကို တိုက်တွန်း တောင်းပန်ခြင်း (အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး) )

ရွှေည၀ါကိစ္စကို ပြန်လည်ရှင်းလင်းခြင်းနှင့် ရွှေည၀ါကိစ္စအတွက်အားလုံးကို တိုက်တွန်း တောင်းပန်ခြင်း 
(အရှင်ခေမာနန္ဒ မိုးသု.. မန္တလေး)
မနက်က သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ အတူတက်နေတဲ့ သူငယ်ချင်းက လာပြောတယ်။ ခေမာနန္ဒ မင်းဘာတွေ မွှေနေတာလဲ။ ကိုယ့်ဘာသာ အသာနေတာ မဟုတ်ဘူးလို့ ပြောတယ်။ ငါက ဘာလုပ် နေလို့လဲဆိုတော့ မင်းရွှေည၀ါပို့စ်မှာ ကွန်မန့်တွေ ပေးသွားတယ်လေ။ အခုပြဿနာတက်နေပြီ။ ငါလဲ ငါ့ကျောင်းက ရွှေည၀ါမှာ ဆရာလုပ်နေတဲ့ ဦးဇင်းက ပြောလို့ သိပြီး မင်းလာပြောတာလို့ ပြောတယ်။ လာပြောတဲ့ ဦးဇင်းက သွေးဆေးကန်တိုက်ဘေးက ဘယ၀ိသုဒ္ဓိကျောင်းမှာ နေတယ်။

သူလာပြောတော့  ကွန်ရစ်လောင်းဖို့ အုတ်ခဲထုနေတယ်။ ကျောင်းမှာက မီဖိုးချောင်ပြင်နေလို့ ကျောင်းဘုန်းကြီးက ပန်းရံလုပ်ခိုင်းလို့ ပန်းရံလုပ်နေတယ်။ နောက်သူက သီတဂူမှာ ဒီနေ့ ဆွမ်းစားရှိတယ်။ မင်းလိုက်မှာလားလို့ မေးတယ်။ ဟုတ်လား ဆွမ်းစားရှိတာ ငါမသိဘူး။ လိုက်မယ်လေ သွားစို့ဆိုတော့ သူက ကျောင်းပြန်ပြီးတော့ သင်္ကန်းလဲ လိုက်ဦးမယ်။ မင်းကျောင်းလာရင် ကျောင်းကဦးဇင်းက မင်းကိုရန်ရှာနေမှာမို့ ငါလာပြောတာဆိုပြီးတော့ ပြောသွားတယ်။ နာရီဝက်လောက်နေတော့ သူရောက်လာတော့ ခဏစောင့် ငါခြေရေလက် ရေဆေးလိုက်ဦးမယ်လို့ ပြောတာကို ဘုန်းကြီးက ကြားသွားပြီးတော့ ဒီနေ့ အလုပ်မလုပ်တဲ့သူ မှန်သမျှ ဘယ်သူ့ကိုမှ ကျောင်းကို ဆက်မထားနိုင်ဘူး ပြောလို့ သီတဂူတောင် ဒီနေ့ဆွမ်းကပ် မလိုက်နိုင်ဘူး။

ဖေ့ဘုတ်စ် အကောင့်ဆိုရင် ပိတ်တောင်ထားတယ်။ နောက်ပိုင်းမှ ယုံကြည်ရတဲ့ တစ်ယောက်ကို အကောင့်ပါစ်ဝါ့တွေ ပေးပြီးတော့ ဘာသာရေး မေးခွန်းတွေထဲက မင်းဖြေနိုင်တာတွေ ဖြေပေးလိုက်ပါဆိုပြီး သူ့ကို အကောင့်အပ်လိုက်တယ်။ သူဆိုတာလဲ ကိုယ်နဲ့ တကယ် ရင်းရင်းနှီးနှီး သူငယ်ချင်းပါပဲ။ ဒီရက်ပိုင်း ဦးဇင်းစာရွက်နဲ့ ရေးပြီးတော့ စာစီပြီးတော့ တင်ခိုင်းလိုက်တဲ့ ပို့စ်ဆိုလို့ ``အစွန့်ပစ်ခံခဲ့ရတဲ့ ကလေးငယ်´´ဆိုတဲ့ ပို့စ်ပဲရှိတယ်။ ကျန်တဲ့ ပို့စ်တွေကို ကိုယ်ယုံလို့ အကောင့်ပေးသွားတဲ့သူ သူ့ဘာသာ တင်သွားတာတွေပဲရှိတယ်။

နောက်ပြီးတော့ အပြုံးပန်းခင်းဈေးဆိုဒ်မှာ ဆိုဒ်ပိုင်က အက်ဒမင်ကြီးအဖြစ် ပေးပြီးတော့ ထားတောင် အခုထိ ၀င်မသုံးဖြစ်သလို ပို့စ်လဲ မတင်ဘူးဘူး။ အဲဒီ စာမျက်နှာဖွင့်တဲ့နေ့က တစ်ရက်ပဲ အဲဒီဆိုဒ်ကို သုံးဘူးတယ်။ ရွှေည၀ါကိစ္စဆိုတာ ဘာမှန်းတောင် သေချာမသိဘူး။ ရွှေည၀ါကို မဟနက နှင်ထုတ်တယ်။ ဗုဒ္ဓတက္ကသိုလ်ပါပိတ်တယ်လို့ တစ်ရက်က ဆွမ်းဝိုင်းမှာ ကျောင်းဘုန်းကြီးက ပြောလို့ ကိုယ်တောင် စိတ်မကောင်းဖြစ်မိသေးတယ်။ ကိုယ်လဲ အဲဒီကျောင်းမှာ တက်ဘူးတယ်လေ။ နောက်ပြီးတော့ အဲဒီမှာ ဦးစီးပြီးသင်ကြားနေတဲ့ ဦးဝိမလနဲ့ဆိုတာက ရင်းရင်းနှီးနှီးကို သိကျွမ်းတယ်။

အမှန်အတိုင်းပြောရရင် ကိုယ့်ကိုတောင် မကြည်ညိုနိုင်သေးလို့ သူများကို ကောင်းတာလဲ မပြောချင်ဘူး မကောင်းတာလဲ မပြောချင်ဘူး။ ကိုယ်လုပ်နိုင်တဲ့ ဘာသာရေးမေးခွန်းတွေကိုပဲ ဖြေပေးနေတယ်။ ဘာသာရေးတောင် ဘာသာခြားနဲ့ ပတ်သက်လာရင် ကိုယ်တိုင်မဖြေဘူး။ သင့်တော်မယ့် တစ်ယောက်ပဲ ပေးဖြေခိုင်းလိုက်တယ်။

  • Shwenya Warinfo
    23 hours ago
    Shwenya Warinfo
    • ခရေပင်ကြီးအောက်ကနေ မျှော်နေပါတယ်၊ ထိပ်တိုက်ရင်ဆိုင်ပြီး ဆွေးနွေးလို့ရပါတယ် ညီလေးရာ မင်းလောက်သဘောထားသေးသိမ်သူတွေ တစ်ယောက်မှ မပါပါဘူး၊ ဒီနေ့ထိ တမင်ကို စောင့်ကြည့်နေခဲ့ကြတာပါ။
  • Shwenya Warinfo
    23 hours ago
    Shwenya Warinfo အဲဒါတွေက ဖေ့စ်ဘုတ်ခ်မှာ ရွှေည၀ါက တာဝန်ရှိသူက ပေးထားတဲ့ မက်ဆေ့ခ်ျပဲ။ မက်ဆေ့ခ်ျဖတ်ပြီးတော့ တကယ်စိတ်မကောင်းဘူး။

ဘယ်သူ့ကိုမှ ဘာမှ ပြောချင်တော့ဘူး။ ရှင်းလဲ မရှင်းချင်တော့ဘူး။ တစ်ဘက်က ဆရာတော်ခဲ့ဘူးတဲ့သူတွေ တစ်ဘက်က အရင်းနှီးဆုံး သူငယ်ချင်း။ ဒီတော့ ကြားထဲက ကိုယ်ပဲ အနာခံလိုက်တော့မယ်။

ရွှေည၀ါက တာဝန်ရှိသူတွေရော ဆရာတွေရော သူငယ်ချင်းတွေပါ တပည့်တော် သူငယ်ချင်းရဲ့ ကိုယ်စား တောင်းပန်ပါတယ်။ တပည့်တော် လုပ်တာမဟုတ်ဘူး။ ဒါပေမယ့် ပြီးပြီးသားပြီပြီမို့ တပည့်တော် ဘယ်သူလုပ်တယ် ဘယ်ဝါလုပ်တယ်ဆိုတာကိုတော့ မပြောချင်တော့ပါဘူး။

အရှင်ဘုရားတို့ဘက်က ကိုယ်တိုင်လာရောက် တောင်းပန်မှ ကျေနပ်မယ်ဆိုရင် တပည့်တော် လာရောက်တောင်းပန်ဖို့ အဆင့်သင့်ပါ။ အင်တာနက်ခန်းက သူငယ်ချင်းတွေကိုလဲ သက်သက်ညှာညှာ စကားလုံးတွေနဲ့ အိတ်ဖွင့်ပေးစာ ပို့ပေးလို့ ကျေးဇူးတင်ပါတယ်။ အဲဒီမှာ ကျောင်းတက်နေတုန်းက အင်တာနက်ဖိုးတွေ လျှော့ပေးတဲ့အတွက်ရော ကော်ဖီတိုက် ဆွမ်းကျွေးတဲ့ အတွက်ရော ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောလိုက်ပါတယ်။
.......................................................မိုးသု(မန္တလေး)
(အရှင်ဘုရားတို့ အိတ်ဖွင့်ပေးစာ ပို့ပေးထားတဲ့ အပြုံးပန်းခင်ဈေးက တပည့်တော် သုံးနေမကျလို့ အဲဒီမှာတော့ ဒီပို့စ် မတင်တော့ပါဘူး။ ဒီဆိုဒ်မှာလဲ အရှင်ဘုရားတို့ သုံးနေတာသိလို့ ဒီမှာပဲတင်ပါတယ်။ တပည့်တော် ဒီရက် မအားလို့ အင်တာနက်မသုံးသလို အင်တာနက်ဖိုး ပိုက်ဆံလဲမရှိလို့ အင်တာနက်မသုံးပါဘူးဘုရား။ ဒီပို့စ်တောင် ကျောင်းက ကိုရင်ဆီက ပိုက်ဆံတစ်ထောင် ချေးပြီးတော့ လာတင်တာပါဘုရား)

.ရွှေည၀ါကိစ္စအတွက် အားလုံးကို တိုက်တွန်းတောင်းပန်ခြင်း

ရွှေည၀ါကိစ္စနဲ့ ပတ်သက်လို့ ပဌမတစ်ကြိမ် ရှင်းလင်းပြီးပြီ။ အခု ဒုတိယအကြိမ်အနေနဲ့ ပြန်ပြီး ရှင်းလင်းမေတ္တာရပ်ခံ ပန်ကြားချင်တာတွေ ရှိပါသေးတယ်။

အွန်လိုင်းကိစ္စက အွန်လိုင်းတင်မပြီးပဲ အပြင်ပါ ရောက်လာနေပါပြီ။ ဦးဇင်းမှာ ကိုယ်မလုပ်တဲ့ ကိစ္စတစ်ခုအတွက် ပုဂ္ဂိုလ်ရေးထိခိုက်မှုတွေ တအားများနေပါပြီ။ ဒါပေမယ့် မပြေးသော်လည်း ကန်ရာရှိဆိုတာလို ကိုယ့်နာမည် ကိုယ့်အကောင့် ဖြစ်သွားတဲ့ ကိစ္စဆိုတော့ ဦးဇင်းအနေနဲ့ လုံးဝရှောင်လွှဲလို့ မရတဲ့ကိစ္စဆိုတာကို နားလည်ပါတယ်။

အင်တာနက်ဆိုတာ လုံးဝမသုံးဘူးတဲ့ ကျောင်းဘုန်းကြီးကတောင် ဦးဇင်းကို ဒီနေ့ စစ်လားဆေးလားတွေ လုပ်ပါတယ်။ ပြီးတော့ ပြည်ပသတင်းဌာနက သတင်းထောက် တစ်ယောက်ကလဲ ဖုန်းဆက်ပြီးတော့ မေးမြန်းလာပါတယ်။ သူရဲ့မေးမြန်းမှုကို “ဦးဇင်းအနေနဲ့ ဘာမှပြောစရာမရှိပါဘူး၊ ဘာမှလဲ ဦးဇင်းမသိပါဘူးလို့ပဲ”ဖြေပေးလိုက်ပါတယ်။

ကျောင်းဘုန်းကြီးက “သီတဂူက မိုးသုဆိုတဲ့ ကိုယ်တော် ရွှေည၀ါကိစ္စကို အတိုက်အခံ လုပ်နေတယ်”လို့ သတင်းကြားခဲ့တယ်တဲ့။

ဦးဇင်းနဲ့ သီတဂူဆိုတာ ဘာဆိုဘာမှကို မပတ်သက်တာပါ။ ကိုယ့်ကိုလည်း ဘယ်တုန်းကမှ သီတဂူကပါလို့ မကြေငြာဘူးပါဘူး။ facebook က Infoမှာ ယူနီဗာစီတီဆိုတဲ့ နေရာမှာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)လို့ ဖြည့်ထားတာလေးပဲ ရှိပါတယ်။ ဒါလဲ ကျောင်းတက်နေတဲ့ ကျောင်းသား တစ်ယောက်အနေနဲ့ ဒီလောက်တော့ ဖြည့်ခွင့်ရှိမယ်ထင်လို့ ဖြည့်ထားတာပါ။ သီတဂူဆိုတဲ့နာမည်ကို ဘယ်တုန်းကမှ ကိုယ်ကျိုး စီးပွားအတွက် အသုံးမချပါဘူး။ ဒါကြောင့် ဦးဇင်းနဲ့ သီတဂူဟာ ကျောင်းသားနဲ့ ကျောင်းဆိုတဲ့ ပတ်သက်မှုအပြင် ဘာဆိုဘာမှမရှိပါဘူးလို့ ပြောကြားလိုပါတယ်။ နိုင်ငံရေးသမားများ သတင်းသမားများ အနေနဲ့ ကိုယ်လိုရာဆွဲပြီးတော့ ပုံကြီးမချဲ့ကြပါနဲ့လို့ မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်။ ဦးဇင်းအတွက် အများကြီး ထိခိုက်နစ်နာရပါတယ်။ ဦးဇင်းတို့ သီတဂူ တက္ကသိုလ်မှာ ကျောင်းသားတွေကို အင်တာနက် သုံးခွင့်လဲ မပြုပါဘူး။ ကျောင်းစာကြည့်တိုက်ထဲမှာ ဘာအင်တာနက်မှလဲ သုံးလို့မရပါဘူး။

နောက်ပြီးတော့ ဦးဇင်းမဟုတ်ဘူး ဦးဇင်းယုံကြည်လို့ ဦးဇင်းရဲ့အကောင့်ကို ပေးသုံးထားတဲ့ သူငယ်ချင်းက ဦးဇင်းအကောင့်ကို အလွဲသုံးစား လုပ်သွားတာလို့လဲ ဦးဇင်း ရှင်းလင်းပြီးဖြစ်ပါတယ်။ ရွှေည၀ါက တာဝန်ရှိသူများအနေနဲ့လဲ ကိုယ့်နာမည်နဲ့ ကိုယ့်အကောင့်နဲ့ ကိုယ့်ထင်မြင်ချက်ကို မပေးရဲ့တဲ့ လူတစ်ယောက်ရဲ့ ကွန်မန့်အတွက်ကို စိတ်ထဲထား မနေကြနဲ့လို့ တပည့်တော် တိုက်တွန်းအပ်ပါတယ်။ ခွေးလှေးခုန်လို့ ဖုန်မထဘူးလို့ တွေးပြီးသာ သည်းခံပေးတော်မူကြပါလို့ တပည့်တော် ထပ်မံတောင်းပန် အပ်ပါတယ်။

နောက်ပြီးတော့ ဦးဇင်းအကောင့်နဲ့ မွှေသွားတဲ့ ကွန်မန့်တွေကို ပို့စ်လုပ်ပြီးတော့ တင်ထားကြသူများလဲ အဲဒီပို့စ်တွေကို ဖျက်ပေးပြီးတော့ အခု ဦးဇင်းပြန်လည်ရှင်းလင်းတဲ့ ပို့စ်တွေကို ပြန်လည်တင်ဆက်ပေးကြဖို့ မေတ္တာရပ်ခံ အနူးအညွတ်တိုက်တွန်း တောင်းပန်အပ်ပါတယ်။ အထူးသဖြင့် အပြုံးပန်းခင်းဈေး ဆိုဒ်ပိုင်ရှင်နဲ့ ဖေ့စ်ဘုတ်ခ်က ရန်အောင်ဆိုတဲ့သူများ ဦးဇင်းပြန်လည်ရှင်းလင်းထားတဲ့ ပို့စ်တွေကို မိမိတို့ရဲက ဆိုဒ်များ စာမျက်နှာများမှာ တင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ဦးဇင်း ချစ်ခင်ကြတဲ့ ကြည်ညိုကြတဲ့ သူငယ်ချင်းမိတ်ဆွေများ ဒကာဒကာများလဲ ဦးဇင်းရဲ့ ပြန်လည်ရှင်းလင်းတဲ့ ပို့စ်တွေကို မိမိတို့မှတစ်ဆင့် အခြားသူများ ပြန်လည်မျှဝေရှယ်လုပ်ပေးခြင်း ဖော်ဝပ်မေးလ်ပို့ခြင်းများဖြင့် ဦးဇင်းကို ကူညီပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်း တောင်းပန်အပ်ပါတယ်။ ဦးဇင်းအနေနဲ့ အမြဲသုံးဖြစ်တာက ထာဝရသူငယ်ချင်းဆိုဒ်နဲ့ ဖေ့စ်ဘုတ်ခ်ပါပဲ။ ရွှေမြန်မာဆိုဒ်မှာ ခဏသုံးဖြစ်သေးပေမယ့် နောက်ပိုင်း မသုံးဖြစ်တော့ပါဘူး။ အပြုံးပန်းခင်းဈေးလဲ ဒီအတိုင်းပါပဲ။ ချောကလက်မြိုကတော်လဲ စာမျက်နှာဖွင့်ထားဘူးပေမယ့် မသုံးဖြစ်ပါဘူး။ ဧဒင်ဥယျာဉ်ဆိုတာ စာမျက်နှာတောင် မဖွင့်ဘူးပါဘူး။

ဒါကြောင့် ဦးဇင်းအနေနဲ့ ဦးဇင်းပို့စ်တွေကို ထာဝရသူငယ်ချင်းနဲ့ ဖေ့စ်ဘုတ်ခ်နှစ်နေရာပဲ တင်ဆက်ပေးနိုင်ပါတယ်။ အသိမိတ်ဆွေသူငယ်ချင်းများ ဒကာဒကာများ ကူညီပေးကြဖို့ အကူညီ တောင်းခံအပ်ပါတယ်။ ဦးဇင်းမှာ ကိုယ်မလုပ်တဲ့ ကိစ္စအတွက် စိတ်ဖိစီးမှုတွေ အနှောက်အယှက်တွေ အများကြီး ကြုံတွေ့ နေရပါတယ်။

အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)ဆိုတဲ့ နာမည်ကောင်းတစ်ခုကို ရရှိဖို့အတွက် ဦးဇင်းမှာ အချိန်တွေ အများကြီးပေးဆပ်ခဲ့ရပါတယ်။ ဘာသာခြားတွေ ဘာသာဝင်ထဲက အတွင်းလောက်တွေရဲ့ ဗုဒ္ဓဘာသာကို ထိုးနှက်စော်ကားမှုတွေကို ကိုယ်တတ်နိုင်သလောက် ခုခံကာကွယ်ပေးခဲ့ပါတယ်။ ဒကာဒကာမတွေရဲ့ ဘာသာရေးမေးခွန်းတွေကို ကိုယ်ပင်ပန်း စိတ်ပင်ပန်းခံပြီးတော့ ဖြေပေးခဲ့ရပါတယ်။ ပညာစမ်းချင်းတဲ့ သူတွေရဲ့ ထိုးနှက်မှုတွေကို အံကြိတ်ခံ့ခဲ့ရပါတယ်။ ဒုက္ခပေါင်းသောင်းခြောက်ထောင် ခံခဲ့ရပြီးမှ အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)ဆိုတဲ့ နာမည်လေးတစ်လုံးဖြစ်လာတာပါ။ သူများရဲ့ နောက်ကျောကို ဓားနဲ့ထိုးပြီးတော့ ဒီနာမည်ရခဲ့တာမဟုတ်ပါဘူး။

အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး)ဆိုတဲ့ နာမည်ကို အသုံးပြုပြီးတော့ ထာဝရသူငယ်ချင်းဆိုဒ်မှာ ဗုဒ္ဓဘာသာအခြေခံသင်တန်းတွေ ဖွင့်လှစ်ပြီးတော့ သင်တန်းမှုးအဖြစ် ဆောင်ရွက်ပေးတယ်။ ဘာသာရေးမေးခွန်းတွေ ဖြေပေးခဲ့တယ်။ လူမှုရေးစိတ်ဒုက္ခဖြစ်နေတဲ့ သူတွေကို အတတ်နိုင်ဆုံး ကူညီဖြေသိမ့် အကြံဥာဏ်ပေးခဲ့တယ်။ ဒီနာမည်ကို အသုံးပြုပြီးတော့ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှာ မကောင်းမပြောခဲ့ပါဘူး။ မဝေဖန်ခဲ့ပါဘူး။ အခြားနာမည်နဲ့လည်း အကောင့်ဖွင့်ထားတာ စာမျက်နှာ ဖွင့်ထားတာမျိုးလဲ ဦးဇင်းမလုပ်ပါဘူး။

နိုင်ငံရေး နယ်ပယ်ဆိုတာ ဦးဇင်း အလှမ်းဝေးလွန်းလှပါတယ်။ ဘာသာရေးတောင်မှ တချို့မေးခွန်းတွေဆိုရင် တစ်လလောက် စာပြန်ဖတ်ပြီးမှ ဖြေပေးနိုင်ပါတယ်။ ဘာသာရေး ဇာတ်ခုံပေါ်တောင် ကောင်းကောင်း မကတတ်သေးလို့ နိုင်ငံရေး ဇာတ်ခုံပေါ်တက်ဖို့ဆိုတာ အိပ်မက်တောင် မမက်ဘူးပါဘူး။ ထာဝရသူငယ်ချင်းမှာ ၂၀၀၉-၂၀၁၀ ကာလတွေတုန်းက ဗုဒ္ဓဘာသာတွေ အပေါ်ကို ထိုးနှက် တိုက်ခိုက်မှုများကို ခုခံကာကွယ် နေပြီးတော့ အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး)ဆိုတဲ့ နာမည်လေး လူသိများလာခါစက ပြည်ပမှ လူတစ်စုက နိုင်ငံရေးဆောင်းပါး (စစ်အစိုးရ မကောင်းကြောင်း ဆောင်းပါး) ရေးပေးမယ်ဆိုရင် သူတို့ကြိုက်ရင် တစ်ပုဒ်ကို ကန်ဒေါ်လာ ၅၀မှ၅၀၀အထိ ပေးမယ်ဆိုတုန်းကတောင် ဦးဇင်း မလုပ်နိုင်ဘူးလို့ ငြင်းဆန်းခဲ့ပါတယ်။

ဦးဇင်း မနက်လေးနာရီထိုးကို အိပ်ရာထပြီးတော့ ကျောင်းရှိ ရဟန်း၊ သာမဏေတွေအတွက် အာရုဏ်ဆွမ်းကို ကိုယ်တိုင်ချက် ဆွမ်းဝိုင်း ကိုယ်တိုင်ပြင်ပြီးတော့ ကျောင်းဝေယျာဝစ္စလုပ်ပါတယ်။ ငါးနာရီအထိပါ။ ခြောက်နာရီခွဲမှာ ဆွမ်းခံထွက်ပါတယ်။ ခုနှစ်နာရီခွဲ ကျောင်းပြန်ရောက်ပါတယ်။ ကျောင်းရောက်တော့ တံမျက်လှည်း အမှိုက်ကျုံးပြီးတော့ ရေချိုးပါတယ်။ ရှစ်နာရီခွဲမှာ ညက စာစီထားတဲ့ အမေးအဖြေတွေကို စတစ်ထဲထည့်ပြီးတော့ အင်တာနက်ဆိုင်သွားပြီးတော့ ပို့စ်တင်ပါတယ်။

မနက်ကိုးနာရီလောက်မှာ နေ့ဆွမ်းအတွက် အရည်သောက်ချက်ပါတယ်။ ၁၁မှာဆွမ်းစားပါတယ်။ ၁၁ခွဲမှာ တက္ကသိုလ်သွားပါတယ်။ ညနေ၅နာရီ၄၅မိနစ်မှ တက္ကသိုလ်ကနေ နေတဲ့ကျောင်းကို ပြန်ရောက်ပါတယ်။ ညနေ၆နာရီ၁၅မိနစ်မှာ ဘုရားဝတ်ပြုပါတယ်။ ပြီးရင် အင်တာနက်ဆိုင်သွားပြီးတော့ မနက်ကတင်ခဲ့ပို့စ်ရဲ့ ကွန်မန့်တွေစစ်ပြီးတော့ မေးခွန်းတွေကူးလာပြီးတော့ အဖြေရေးပါတယ်။ ပြီးရင် စာကျက်ပါတယ်။ ည၁၀နာရီမှာ အိပ်ရာဝင်ပါတယ်။ (တစ်ခါတစ်ရံမှာ မြက်စိုက်ရတာ မြက်ခင်းရေလောင်း ရတာ ပန်းရံ လုပ်ရတာတွေလဲ ရှိပါသေးတယ်)

ဦးဇင်းတစ်နေ့တာကို ရိုးရိုးရှင်းရှင်းပဲ ဦးဇင်း ဖြတ်သန်းနေပါတယ်။ ဆန်းဆန်းပြားပြား ပူပူလောင်လောင် မဖြတ်သန်းလိုပါဘူး။ ဒါကြောင့် ဦးဇင်းကို နိုင်ငံရေးဇာတ်ခုံပေါ် ဆွဲခေါ်ချင်သူများ ဦးဇင်းကို ဓားစာခံလုပ်လိုသူများ စိတ်မကောင်းပါဘူးလို့ ဦးဇင်း ပြောချင်ပါတယ်။

ဦးဇင်း ရဟန်းကောင်းတစ်ပါးကလွဲရင် ဘာမှမဖြစ်ချင်ပါဘူး။ မဖြစ်လိုပါဘူး။
……………………………………………………………………………………………မိုးသု(မန္တလေး)         
ဦးဦးမှော်ဆရာသို့ ပေးပို့လာတဲ့ (အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး)ရဲ့ စာဖြစ်ပါတယ်...။ မနစ်နာသင့်သူ မနစ်နာရအောင် တောင်းပန်စာအား ပြန်တင်ပေးလိုက်ပါတယ်..။