ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လှည်းတန်းအများသုံးအိမ်သာ ဗုံးပေါက်ကွဲမှု သပွတ်အူ အရှုပ်အထွေးကြီး...

ဓာတ်ပုံ AP
လှည်းတန်း အများသုံးအိမ်သာ ဗုံးပေါက်ကွဲမှု သပွတ်အူ အရှုပ်အထွေးကြီး
[By အဘ ဥက္ကာကိုကို]

အံ့သြကုန်နိုင်ဖွယ် အမှုအခင်း တစ်ရပ်ပင် ဖြစ်တော့သည်။ ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာပြင်းထန်စွာရရှိသူ မခင်မြတ်နွယ်(၂၄)နှစ်မှာ ယခုဆိုလျှင် နှစ်ကြိမ်သေဆုံး၍ နှစ်ကြိမ်ပြန်လည် ရှင်သန်လာခဲ့သည်။

ကံကြမ္မာက မျက်လှည့်ပြလွန်းသည် ဟူသော ကဗျာစာသားများကို ဖတ်ဖူးသည်။ ယခုအမှုတွင် မည်သူကမည်သူ့ကို မည်ကဲ့သို့ မျက်လှည့်ပြနေမှန်း မသိတော့။ သတင်းသမားများက အမှုမှန်ကို တင်ဆက်နိုင်ရန် အပြေးအလွှားလိုက်ကြသည်။ ပြောနိုင်သိနိုင်မည့် လူများကို မေးမြန်းသည်။

တာဝန်ရှိသူတွေဆိုသည့် ငနဲတွေဆီမှာ စုံစမ်းသည်။ အဖြေမှန်ကို မရရေးချမရ။ ရွေးကောက်ပွဲတုန်းက NO VOTE လုပ်ကြတာနဲ့ တူနေသည်။

နိုး...နိုး... ရက်စ်.. နိုး... ရက်စ်.. ရက်စ်.. နိုး..နိုး... စသဖြင့်။

ဗုံးပေါက်ကွဲမှု အခင်းဖြစ်စဉ်ကတည်းက သတင်းထောက်များ ရရှိနေသည့် သတင်းက မိန်းကလေးနှစ်ဦး၊ ကျားတစ်ဦး။ နှစ်ဦးသေ။ တစ်ဦးဒဏ်ရာရ။ အဲ့သလိုဖြစ်သည်။ နာရီဝက်ခန့်ကြာလာတော့ ယောက်ျားလေးမပါ။ မိန်းကလေးတစ်ဦးသေ။ တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ... ဖြစ်လာသည်။ ဗုံးတစ်လုံး ထပ်တွေ့သည်ဟုဆိုကခွေးရော၊ စစ်သားရော အိမ်သာခြံဝင်းအတွင်း ခြေချင်းလိမ်နေသည်။

သတင်းသမားတွေကလည်း ဟိုမေးဒီမြန်းဖြင့် ရရာသတင်းအစအနကို ဆွဲထုတ်နေကြရသည်။ တစ်ယောက်ကလည်း ဒီတိုနေတာ..ဟု ထင်မှတ်ရတဲ့ အရာတစ်ခုကို ကိုင်လာသည်ကိုလည်း တွေ့ရသည်။ သေချာကြည့်တော့ ရေသန့်ဘူးဖြစ်နေကြောင်းဓာတ်ပုံရိုက်လာသူ သတင်းထောက်တစ်ဦးက ပြောသည်။ ရေသန့်ဘူးထဲတွင် သံချောင်းတစ်ချောင်း ထည့်ထားတာ ဖြစ်ကြောင်း သူကဆိုသည်။

အခင်းဖြစ်ရာနေရာတွင် ဆလွန်းကား မီးခိုးရောင်တစ်စီး ရပ်ထားသည်။ ကားခေါင်မိုးတစ်ခုလုံးတွင် အင်တဲန်နာတိုင်များ ထောင်ထားသည်။စစ်သားတစ်ဦးအနားမှာ ရပ်နေသည်ကို သတင်းထောက်တစ်ဦးက မေးကြည့်တော့ ဂျန်မာ ဟုခေါ်သည့်ကားဖြစ်ကြောင်း၊ ဗုံးကျန်ရှိသေးလျှင် ထပ်မံဖောက်ခွဲမှု မပြုနိုင်ရန်
လှမ်းထိန်းထားသည့် စံနစ်တပ်ဆင်ထားကြောင်း သိရသည်။

သတင်းတွေက အချိန်နှင့်တပြေးညီ အွန်လိုင်းပေါ်ရောက်လာသည်။ သို့သော်လည်း မီဒီယာများကြား ၀ိဝါဒကွဲပြား နေဆဲဖြစ်သည်။နှစ်ဦးသေတာလား။ တစ်ဦးသေတာလား။ စေတနာကိုအရင်းခံကာ ကိုယ့်စာဖတ်ပရိသတ်ကို သတင်းပေးချင်ဇောနှင့် ရသလောက်၊ ကြားသလောက်တင်ဆက်ကြတော့သည်။ စာဖတ်သူများကလည်း 
““ဟယ်.. နှစ်ယောက်တဲ့””..
““အို..တစ်ယောက်တည်းပါအေ”” စသဖြင့် ငြင်းခုံကြကုန်သည်။

ဗုံးပေါက်ကွဲမှု နေ့လည်ပိုင်းမှာတော့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာ သတင်းထောက်တချို့ ဗျာများနေကြသည်။ ခွဲစိတ်ခန်းဝင်နေသော မခင်မြတ်နွယ်၏ ဦးလေးဟုဆိုသူ စည်ပင်ရဲသား ဒုတပ်ကြပ် ဦးခင်မောင်လတ်ကို မေးမြန်းနေကြသည်။

““အခြေအနေမကောင်းဘူး””ဆိုသည့် စကားကို ကြားနေရသည်။ ဆေးရုံတွင် ဖွင့်ထားသော မှုခင်းရဲ ရုံးခန်းကို မေးကြည့်ကြသည်။ မသိဘူး... ဟုတစ်ခွန်းသာ ပြန်ဖြေသည်။ ဘူးဆိုဖရုံမသီးဘူးဟု ခံယူထားပုံရသည့် ဆေးရုံအုပ်ကြီးကလည်း ရေငုံနှုတ်ပိတ်နေသည်။ သတင်းထောက်တွေ ဘာလုပ်ရမှန်းမသိ။ ညနေငါးနာရီကျော်တွင် ခွဲစိတ်ခန်းမှ ထုတ်လာသော မခင်မြတ်နွယ်၏ တွန်းလှည်းနောက်သို့ လိုက်ကြပြန်သည်။ အဲဒီအချိန်မှာ သတင်းတစ်ခုက မခင်မြတ်နွယ် သေဆုံးသွားပြီ ဖြစ်ကြောင်း ဖော်ပြလာသည်။

ရုံးပြန်ရောက်တော့ မခင်မြတ်နွယ် မသေဆုံး သေးပါကြောင်း မျက်မြင်တွေ့ရှိချက်ကို ဖေ့စ်ဘွတ်ပေါ်မှာ ရေးလိုက်သည်။ စာဖတ်သူတွေလည်း သက်ပြင်းချကြသည်။ တော်ပါသေးရဲ့...ပေါ့လေ။ ပွဲချင်းပြီးသေဆုံးသူ မစန်းရည်(၃၀နှစ်) မှာ ခြေနှစ်လက်၊ လက်နှစ်ဖက်ပြတ် ထွက်ကာ ဦးနှောက် ပွင့်ထွက်သွားခြင်း ဖြစ်သည်။

အာဏာပိုင်တွေဆီက သတင်းအစအန အနည်းအကျဉ်းကို သတင်းထောက်တွေ စရလာကြသည်။ လှည်းတန်းတွင် ပေါက်ကွဲမှု မဖြစ်ခင်ကတည်းက တရားခံဟု ယူဆရသူတစ်ဦးကို မြောက်ဥက္ကလာတွင် ဗုံးနှင့်တကွ ဖမ်းမိခဲ့ကြောင်းဖြစ်သည်။ သူ့နာမည်က ကိုစိုင်းတင်ဝင်းထွန်း ဖြစ်သည်။ သူ့ညီက ဗုံးကို အိမ်တွင်လာထားသဖြင့် ကြောက်လန့်ကာ လွှင့်ပစ် ဖျက်ဆီးခဲ့သည်ဟု ကြားရသည်။

ညီဖြစ်သူက စိုင်းတင်ဝင်းကိုဖြစ်သည်။ စိုင်းတင်ဝင်းကိုအား သာယာဝတီနယ်ဖက်တွင် ဖမ်းဆီးခဲ့သည်ဟု ကြားရသည်။ တရားခံမှာ ကုလားဆင်ရုပ်နှင့် အသက် ၁၇ ၊၂၀ အရွယ် အောင်မျိုးသူဆိုသူဖြစ်၍ ထွက်ပြေး တိမ်းရှောင်နေကြောင်း သတင်းတွေ ထပ်ထွက်လာသည်။တစ်ဆက်တည်းပင် ရန်ကုန်-ပဲခူးကားတစ်စီးပေါ်တွင် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထပ်ကြားရပြန်သည်။ မျက်မြင် သက်သေများလည်း ရှိသည်ဟုဆိုသည်။

အထက်ပါ အချက်အလက်များသည် တာဝန်ရှိသူဟု ဆိုသည့် သတင်းရပ်ကွက်အတွင်းမှ ထွက်လာခြင်းဖြစ်သည်။ တရားခံဟု ယူဆရသူများ၏ ပုံကြမ်းများကိုတောင် ရေးဆွဲထားပြီးဖြစ်သည်ဟု ကိုယ်တိုင်ကြည့်ရှုခဲ့သူ သတင်းထောက်တစ်ဦးက ပြောသည်။ ၂၂ ရက်ညနေပိုင်း၊ မနေ့ညနေကပေါ့လေ။ ဆေးရုံတာဝန်ရှိသူ တစ်ဦးက သတင်းထောက်တစ်ဦးကို လူနာမခင်မြတ်နွယ် ဆုံးသွားပြီဖြစ်ကြောင်း ပြောလွှတ်လိုက်သည်။

တခြားသတင်းထောက် တစ်ဦးကလည်း ၄ နာရီခွဲတွင် မခင်မြတ်နွယ် သေဆုံးသွားပြီဟု သိရကြောင်းကို ဆေးရုံမှ သတင်းလှမ်းပို့သည်။ သို့ဖြင့် ၀မ်းနည်းကြောင်း သတင်းကို တင်ဆက်ကြပြန်သည်။ စိတ်မကောင်းဖြစ်သူဖြစ်။ တောက်ခေါက်သူခေါက်။ လက်သီးဆုပ်သူဆုပ်၊ အံကြိတ်သူကြိတ်၊ ဆဲသူဆဲပေါ့လေ။ မခင်မြတ်နွယ် သေဆုံးသွားသည့် သတင်းက မနေ့တစ်ညလုံး ညလုံးပေါက် အတည်ဖြစ်နေသည်။

နံနက် အိပ်ရာမှနိုးလာတော့... ဖုန်းတွေတဂွမ်ဂွမ်ဝင်လာသည်။ ဟော..ဟော.. မခင်မြတ်နွယ် မသေသေးဘူးတဲ့။ ကိုယ့်နဖူးကိုယ်ရိုက်ကာ အောင်မောင်းခြေထိုး တစ်ကွက်လောက်ထက ပြီး လဲသေချင် စိတ်ပေါက်သွားကြသည်။ သတင်းလှမ်းပေးနေသူ သတင်းထောက်ကလည်း အခိုင်အမာပင် မခင်မြတ်နွယ်နေထိုင်ရာ နေအိမ်ထဲမှာ ငုတ်တုတ်ထိုင်၍ မိသားစုများရှေ့မှ ဖုန်းဆက်နေခြင်းဖြစ်သည်။
အဲဒီလိုနဲ့... သေဆုံးကြောင်း သတင်းတင်ထားသည့် မီဒီယာတချို့က သတင်းထောက်များထံသို့ ဖုန်းဆက် အကြောင်းကြားရသည်။

““ဟင်... ပြန်ရှင်လာပြီလား... ””  
““သွားပါပြီ..ဂျာနယ်မှာ သေပြီဆိုပြီး ရိုက်လိုက်မိပြီ””... စသဖြင့် ထိုင်ငိုမတတ်ဖြစ်ကုန်သည်။

ဒီအတောအတွင်း ဖုန်းဆက်ရတာလည်း သိပ်ကီးမကိုက်ပေ။ ဖုန်းလာတိုင်း... သတင်းထောက်တို့မှာ ““ မသေသေးဘူးလား.. မသေသေးဘူးလား”” ဟူသည့်စကားကိုသာ အော်အော်နေကြရသည်။ ဘေးလူကြားလို့မှ မသင့်တော်ဖြစ်ရသည်။ ထိုသို့ဖြင့် ထပ်စုံစမ်းလိုက်တော့ မခင်မြတ်နွယ် မသေသေးပါဟူသော သတင်းကို အတည်ပြုလာနိုင်သည်။

သတင်းထောက်များ ဆေးရုံသို့ပြေးကြသည်။ ဆေးရုံတွင်တော့ မခင်မြတ်နွယ်ကိုမတွေ့ရ။ ရဲတွေလည်း တစ်ကောင်တစ်မြီးမှ မရှိတော့။ အော်ပရေးရှင်း ၀င်နေသည်ဟု ဆေးရုံကပြောသည်ဟု ဆိုသည်။ သို့နှင့် မသေသေးဘူးဆိုတာ အတည်ယူ ရမလိုဖြစ်သည်။လူနာကိုလည်းမတွေ့ရတော့ သိပ်တော့မယုံချင်ကြသေး။ ဒီနေ့မနက်တော့ မခင်မြတ်နွယ်အမျိုးသားရော.. အာကာလင်းလင်းဟု ခေါ်သည့် နှစ်နှစ်သားအရွယ် သားလေးရော ရောက်နေပြီဖြစ်သည်။

မခင်မြတ်နွယ်က ဦးလေးဆိုသူ ခင်မောင်လတ်တို့အိမ်တွင် အခကြေးပေး၍ နေထိုင်ခြင်း ဖြစ်သည်ဟု သိရသည်။ အိမ်သားတွေကလည်း အေးဆေးပဲဟုဆိုသည်။ မသေသေးဘူးပေါ့လေ။ မခင်မြတ်နွယ်၏
မိခင်လည်းရောက်နေသည်။ တစ်ခုတော့ ရှိသည်။မခင်မြတ်နွယ်၏ မိခင်မှာ နှလုံးရောဂါသည်ဖြစ်သည်။

ဒီမနက် ၁၀ နာရီက ရွှေဂုံတိုင်မှာလုပ်တဲ့ အန်အယ်လ်ဒီ သတင်းစာရှင်းလင်းပွဲမှာ စရဖတစ်ဦးကို တွေ့သဖြင့် မေးကြည့်ရာ သူကလည်း မသေသေးပါဘူးဟု ပြောသည်။တရားခံဟု ယူဆသူ စိုင်းတင်ဝင်းကိုအား ဖမ်းမိထားကြောင်းလည်း ပြောသည်။ နေ့လည် ၁ နာရီခန့်မှာ ဗုံးသတင်း နောက်ဆက်တွဲကို လိုက်လံစုံစမ်းနေသော သတင်းထောက်များ သမ္မတရုပ်ရှင်ရုံအောက်မှာ ဆုံကြသည်။ အချင်းချင်း ကွဲပြားကြပြန်သည်။ သေဆုံးသည်မှာ အမှန်ဖြစ်ကြောင်း အခိုင်အမာပြောကြသည်။ မသေဆုံးသေးတာလည်း အမှန်ဖြစ်ကြောင်း ပြောကြသည်။

““တစ်ဖက်ဖက်ကတော့ ဖုံးကွယ်နေပြီ။ ဘယ်ဖက်က ဖုံးကွယ်နေတာလဲတော့ မသိဘူး””ဟု
သတင်းထောက်တစ်ဦးက စိတ်ပျက်လက်ပျက်ပြောသည်။

တရားခံမှာ စွမ်းအားမြှင့် စစ်သည်တော် ကျောင်းသားများအဖွဲ့မှ ဖြစ်သည်ဟု တာဝန်ရှိသူများက ယူဆနေကြကြောင်း သူတို့က ပြောကြသည်။ ဗုံးဖောက်ခွဲမည့်သတင်းကို ကြိုတင်ရရှိ ထားသောကြောင့် အစိုးရဖက်ကလည်း အသည်းအသန် စုံစမ်းနေကြောင်း၊ အဓိကပစ်မှတ်မှာ ဆူးလေနှင့်မြို့တွင်းတ၀ိုက်ဟု ယူဆနေကြကြောင်း သတင်းထောက်တစ်ဦးက ဆိုသည်။

ကဲ... တရားခံဘယ်သူလဲ။ မခင်မြတ်နွယ်ရော... သေလား.. မသေဘူးလား... ဘယ်လိုလဲ။ ဆေးရုံမှာ သွားကြည့်တဲ့နေ့က မခင်မြတ်နွယ်ကို ဓာတ်ပုံရိုက်လိုက်သော သတင်းထောက်လေး တစ်ဦးအား ရဲအရာရှိတစ်ဦးက ပုခုံးပုတ်ကာ စကားတစ်ခွန်း ပြောသွားသည်။

““ဟေ့ကောင်... ကိုယ့်အလုပ်ကိုယ်လုပ်ကွာ”” တဲ့။

တာဝန်ရှိသူဟု ဆိုသူများကိုယ်တိုင်က ဖင်တမျိုး ခေါင်းတမျိုး ပြောဆိုနေကြသည့် ဤရှုပ်ထွေးလှစွာသော အမှုအခင်းသတင်းကို လက်ရှောင်ရကောင်းမလား... ဆက်စုံစမ်းရကောင်းမလား.. သတင်းထောက်များ သက်ပြင်းပြိုင်တူ ချလိုက်ကြလေသည်။ ။

ဥက္ကာကိုကို

၂၃.၁၂.၂၀၁၁

-- သူ၏ ကြိုးစားမှုက လေးစားစရာပါ၊ သဘောကျ၍ ဖြန့်ပေးလိုက်သည်၊  ဖတ်ပြီးသူများကို အားနာပါသည်။ အစိုးရ၏ သတင်းမှန် လှည့်စားမူကို အရှုံးမပေးပဲ လိုက်ခဲ့ပုံက ချစ်စရာပါ၊ အားကျစရာပါ၊ ။

ကိုပီတာ
စမ်းချောင်း