ကချင်တောတွင်း ဒုက္ခသည် စခန်းတခုအား တပ်မ(၉၉)စစ်ကြောင်းမှ ၀င်ရောက် ပစ်ခတ်ပြီး ဖမ်းဆီး၊ သတ်ဖြတ် ခေါ်ဆောင်သွားခံရတဲ့ ကလေးမိခင်(၂)ဦးရဲ့ ရင့်နင့်ဖွယ် အဖြစ်အပျက်..
မြန်မာ့တပ်မတော်မှ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေခြင်း
နေ့စွဲ - ၁၉၊၁၂၊၂၀၁၁
ဒီဇင်ဘာ(၆)ရက်နေ့တွင် တောတွင်း ဒုက္ခသည် စခန်းတခုအား တပ်မ(၉၉)စစ်ကြောင်းမှ ၀င်ရောက် ပစ်ခတ်ပြီး မီးဖွားခါစ ဒေါ်ဆွမ်ခါဂျီးတောင်(ခ) ရွယ်တောင်အား သတ်ထားခဲ့ပြီး၊ လေးနှစ်သမီးလေး ဆိုင်းပန်၏ မိခင်ဒေါ်လဗျတောင်မိုင်အား ဖမ်းဆီး ခေါ်ဆောင်သွားခြင်း..
၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလဆန်း (၂)ရက်နေ့မှစ၍ မန်စီမြို့နယ်တွင်းရှိ ကေအိုင်အေ တပ်ရင်း(၁၂) နယ်မြေ၀န်းကျင်၌ တပ်မတော် စစ်ကြောင်းများ ရောက်ရှိလာကာထိုး စစ်ဆင်ရန် လှုပ်ရှားမှုများ ပြင်းထန်လာသဖြင့် ခင်းဘုတ် ခပရာရွာမှ ရွာသူရွာသား ကလေးသူငယ်၊ အမျိုးသမီး၊ အမျိုးသား သက်ကြီး ရွယ်အို(၃၄)ဦးသည် ဒီဇင်ဘာလ (၄)ရက်နေ့မှစ၍ ရွာမှ၂မိုင်ခန့်သာ ဝေးသည့်တောထဲ စစ်ဘေး တိမ်းရှောင် လာခဲ့ကြသည်။ ထိုနေရာ၌ လုံခြုံမှု သိပ်မရှိသောကြောင့် ပို၍ လုံခြုံစိတ်ချ ရလိမ့်မယ်လို့ ယူဆ ရသည့် ကျောက်ဆောင်များ ထူထပ်ရာ “လုံဘွမ်ခရော့(Lung Bum Hkaraw)” ဟုခေါ်သည့် ချောက်လျှိုတခုသို့ ရွှေ့လာခဲ့ကြသည်။
ဒီဇင်ဘာ(၅)ရက် ညမှစ၍ “လုံဘွမ်ခရော့”တွင် ပါလာသည့် ပလပ်စတစ် များဖြင့် ယာယီတဲများ ဆောက်ကာ စခန်းချနေခဲ့ကြသည်။ ဒီဇင်ဘာ လ(၆)ရက်နေ့ ညနေ ၅နာရီခွဲခန့် အချိန်တွင် အချို့မိသားစုများ ထမင်းစား ပြီးပြီ၊ အချို့ မိသားစုများ မစားရသေးဘဲ၊ ကလေးတွေလဲ ဆူညံဆော့ကစား၊ လူကြီးတွေလဲ စကားစမည် ပြောဆိုနေကြစဉ် စစ်ပြေးဒုက္ခသည် ရွာသားများ ပုန်းအောင်းနေသည့် တောတွင်းဒုက္ခသည်စခန်းသို့ မမျှော်လင့်ပဲ တပ်မတော်စစ်သားများ ရုတ်တရက် ရောက်ချလာကာ လက်နက်ငယ်များဖြင့် ဦးစွာ ပစ်ခတ်မှု ပြုလုပ်ခဲ့သည်။ ထို့နောက် လက်နက်ကြီး သုံးကြိမ်ပစ်သည်။ ထိုသို့ သေနတ်သံထွက်ပေါ်လာသည်နှင့် အားလုံးက အသက်ဘေးလွတ်ဖို့ ခြေဦးတဲ့ရာ ကိုယ်လွတ်ရုံတမယ် ထွက်ပြေးခဲ့ကြရသည်။ အချို့ ပြင်းထန်သည့် ဒဏ်ရာများရရှိပြီး ခြေဦးတည့်ရာ ထွက်ပြေးခဲ့ကြရသည်။
ထိုသို့ဖြစ်စဉ် အသက်ဘေးလွတ်ရာ ထွက်မပြေးနိုင်ပဲ ကျန်ရစ်ခဲ့သူ (၄)ဦးရှိသည်။ ထိုသူများမှာ ဒေါ်ဆွမ်ခါဂျီးတောင် (ခ)ရွယ်တောင် (အသက်၃၈နှစ်) နှင့် သူမ၏ (၂၄)ရက်သားသာ ရှိသေးသည့် သားလေးမောင်ဇော်ဂွန်းမိုင်၊ ဒေါ်လဗျတောင်မိုင် (အသက်၂၅နှစ်)နှင့် သူမ၏ လေးနှစ်အရွယ်သမီးလေး ဆိုင်းပန်တို့ ဖြစ်ကြသည်။
“ကျနော် ခြေသံလိုလိုကြားလို့ သေချာအောင်ဆိုပြီး စခန်းအစွန်နားက သစ်ပင်တပင်ကို ကိုင်ပြီး တောထဲကို လှမ်းကြည့်လိုက်တုန်း ကျနော်စပစ်ခံရတယ်။ ဒါပေမဲ့ ကျနော့်ကိုမထိပဲ ကျနော်ကိုင်ထားတဲ့ သစ်ပင်ကတော့ ကျိုးပြတ်သွားတယ်။ ကျနော့်မိန်းမက ကလေးနို့တိုက်နေတာ။ သေနတ်သံ ထွက်ပေါ်လာတာနဲ့ ကျနော်ကတော့ သားလတ်ဇော်တူး(လေးနှစ်)ကို ကမန်းကတန်း ကောက်ချီပြီး၊ သေနတ်သံ ထွက်လာလို့ ကလေးကိုမထိအောင် သူ့ကိုယ်ထည်နဲ့ အုပ်မိုးပြီး ကာနေတဲ့ ကျနော့် မိန်းမကို တဘက်လှည့် သွားအောင်ပဲ ဆွဲလှည့်လိုက်ပြီး ပြေးကြစို့လို့ တခွန်းတည်းပဲ ပြောပြီးထွက် ပြေးခဲ့ရတာ”လို့ ထွက်ပြေး လွတ်မြောက်လာခဲ့သူ ဒေါ်ဆွမ်ခါ ဂျီးတောင်၏ ခင်ပွန်း ဦးဇော်ဘောက်က ပြန်ပြောပြပါသည်။ ထိုနေရာတွင် ၁၅မိနစ်ခန့် ကြာမြင့်အောင် ပစ်ခတ်ခဲ့ကြသည်။
ဦးဇော်ဘောက်မှာ သားလေးမောင်ဇော်တူးနှင့် အတူမိုးလင်းပေါက် အခင်းဖြစ်သည့် နေရာနှင့် မလှမ်းမကမ်း ချုံတွင် ပုန်းအောင်း နေခဲ့ရသည်။ ည(၇) နာရီခန့်တွင် အမျိုးသမီးတဦး (၃)ချက်ငြီးညူသံကြားပြီး အသံထပ် မကြားရတော့ပါ။ နောက်မနက်မိသားစု စုံမစုံလိုက်လံစစ်ကြည့်မှ ဦးဇော်ဘောက်မှာ ၎င်း၏ဇနီးနှင့် သားလေးအပါအ၀င်၊ တူမတော်စပ်သူ ဒေါ်လဗျတောင်မိုင်နှင့် သမီးလေးလဲ ပါမလာမှန်းသိရသဖြင့် အခင်းဖြစ်ခဲ့သည့် နေရာသို့ ဒီဇင်ဘာလ(၇) ရက်နေ့ မနက် (၉)နာရီ ကျော်၊ (၁၀)နာရီခန့်တွင် ဦးလေးဖြစ်သူ ဦးဘရန်နူး (ဒေါ်တောင်မိုင်၏ဖခင်) နှင့်အတူ ပုန်းလျှိုးကွယ် လျှိုးပြန်သွားကြည့်ခဲ့ကြသည်။
လသားကလေးငယ်နှင့် လေးနှစ်သမီးလေးတို့ရဲ့ ငိုသံကြား နေရသည်။ မွေးစ(၃)ပတ် အရွယ်ဦးဇော်ဘောက်၏ သားလေးမှာ တညလုံး ငိုရ လွန်းသဖြင့် အသံရဲ့ရဲ့ လေးသာ ထွက်နိုင်တော့သည်။ ထို့ကြောင့် ဖြစ်ချင်ရာ ဖြစ်ဟု ဆုံးဖြတ်ကာ အခင်းဖြစ်ရာသို့ ဦးဇော်ဘောက်နှင့် ဒေါ်တောင်မိုင်၏ အဖေဦးဘရန်နူးတို့ ပြေးသွား ကြည့်သည်။
“ပထမဆုံးတော့ ဘယ်ဘက်နံရိုးမှ ညာဘက်နံရိုး ပေါက်အောင် သေနတ်ဓားမြှောင်ဖြင့် ထိုးသတ်ကာ၊ ညာဘက်ရင်အုံ အထက်တွင် တစုံတရာနှင့် ထုထားသည့်ပုံ ညိုမဲနေသည့် ဒဏ်ရာဖြင့် ကျောက်တုံးကြား၌ ညှပ်ထား ပေးခဲ့သည့် ဇနီးသည် ဒေါ်ဆွမ်ခါဂျီးတောင်၏ အလောင်းကို စိတ်မကောင်း ၀မ်းနည်းစွာ တွေ့ခဲ့ရကြောင်း၊ ထို့နောက် မိခင်နှင့် တလံကျော်အကွာတွင် ပိုးတဘက်နှင့် ရစ်ပတ်ထားသည့် နီတာရဲ သားလေးအားတွေ့သည်။ အလျင် အမြန်ဘေးနားတဲထဲက စောင်တခုနှင့် ရစ်ပတ်ကာအမြန်ပြန် ထွက်ပြေးလာခဲ့ရသည်။ သားလေးမှာ တညလုံးစစ်သား များက ၎င်းတို့၏ ပလာစတစ် မိုးကာရွက်ဖျင် တဲလေးများကိုလဲ အားလုံးဖြိုဖျက်ကာ မိုးကာများလဲ သိမ်းယူ သွားသဖြင့် အမိုးဗလာအောက်၌ တညလုံး ငိုနေခြင်းဖြစ်သည်။
ဒေါ်လဗျတောင်မိုင်၏ ဖခင်ဖြစ်သူ ဦးဘရန်နူးမှာ မွေးကင်းစကလေး နှင့်တတောင်ကျော် အကွာတွင် ထိုင်ငိုနေသည့် မြေးလေး ဆိုင်းပန်အားပွေ့ချီကာ ပြန်ထွက်ပြေးလာခဲ့သည်။ မိခင်ဖြစ်သူ ဒေါ်လဗျတောင်မိုင်အား စစ်သားများက ခြေထောက်တွင် ဒဏ်ရာရထားသည့် နေရာ၌ဆေး ထည့်ဆေးထိုးပေးပြီး ခေါ်သွားကြသည်ဟု သူမသမီးလေးက ပြန်ပြောပြပါ သည်။”
ဦးလဖိုင်ဇော်ဘောက်တို့၏ တဲနားရှိချုံတွင် ပုန်းခိုကာ အခြေအနေ စောင့်ကြည့်နေစဉ် အထိစစ်သားများ ထိုနေရာ၌ရှိနေခဲ့သည်။ သမီးလေးဆိုင်းပန်မှာ သူ့မိခင်အား စစ်သားများခေါ်သွားသဖြင့် လိုက်ငို သောကြောင့် စစ်သား တယောက်ယောက်က မလိုက်ဖို့ ကလေးအား တောက်ခေါက်ကာ ပြန်ခြောက်သည့် အသံများလဲ ကြားနေရသည်ဟု ဆိုသည်။ စစ်သားများ ထိုဒုက္ခသည် စခန်းမှ ထွက်သွားကြသည်နှင့် တပြိုင်နက် ဦးဇော်ဘောက်တို့ တူဝရီးမှာလည်း ကလေး တွေကို ၀င်ယူခြင်း ဖြစ်ပြီး ထိုစဉ်အထိ စစ်သားများ ဆက်သွယ်ရေးစက် ဖြင့်စကားပြော သည့်အသံများ ကြားနေရသေးသည်ဟု ဆိုသည်။ ဒေါ်လဗျတောင်မိုင် ၀တ်သည့်ထမီ၊ အ၀တ်အစားများကိုတော့ စစ်သားများထွက်သွား သည့်လမ်း၌ ဖရိုဖရဲနှင့် ပစ်ထားခဲ့တာကို နောက်တော့ တွေ့ခဲ့သည်ဟု ဦးဇော်ဘောက်က ပြန်လည် ပြောပြခဲ့ပါသည်။ ဒေါ်ဆွမ်ခါဂျီးတောင်၏ အလောင်းကို ဒီဇင်ဘာ(၉)ရက်နေ့မှ မိသားစု ၀င်များ ထိုနေရာသို့ ပြန်သွားကာ ဖြစ်သလို မြေမြုပ်င်္သဂြိုလ် ခဲ့ကြရသည်။ ဒေါ်ဆွမ်ခါ ဂျီးတောင်တွင် ယခုအချိန်၌ ၂လသားအရွယ် သားလေးတဦး၊ ၄နှစ် အရွယ်သား လေးတဦး၊ ၈နှစ်အရွယ် သမီးလေးတဦး၊ ၁၄နှစ်အရွယ်သားတဦး စုစုပေါင်းသားသမီး (၄)ယောက် ကျန်ရစ်ခဲ့သည်။ ဦးဇော်ဘောက်မှာ သားသမီး(၄)ယောက် အပြင် အသက်(၈၀)ကျော်ပြီဖြစ်သော မိခင်နှင့်ဇနီးသည်၏ ဖခင်အား ကြည့်ရှုစောင့်ရှောက် နေရသည်။ အလုပ်အကိုင်မှာ တောင်ယာလုပ်ငန်းဖြစ်သည်။ ယခုအချိန်တွင် လုံခြုံစိတ်ချရ သည့်နေရာတွင် ရောက်ရှိနေပြီဖြစ်သည်။
ဤဖြစ်ရပ်တွင် ကေအိုင်စစ်သားများ အထင်ဖြင့် မှားယွင်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပါ။ ကလေးတွေလဲ ဆူညံ ဆော့ကစားနေသည်။ ရွာသားဒုက္ခသည် တွေဆိုတာလဲ သိနိုင်သည်။ အနီးကပ် သေချာကြား တွေ့လျက်ပစ် ခြင်းဖြစ်သည်။ ဒေါ်ဆွမ်ခါဂျီးတောင်မှာ အဝေးက ပစ်လိုက်သည့် သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း မဟုတ်ပါ။ သက်သက်မဲ့ နို့စို့လသားကလေးလေးရဲ့ မိခင်မှန်းလဲသိလျက်နဲ့ ခုခံဖို့ တစုံတရာ လက်နက်လဲ ဘာမှမပါဘူး ဆိုတာသိပါလျက် ယခုလိုလူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ် ခံရခြင်းဖြစ်သည်။ ထို့အပြင် ကလေးအမေတဦးကိုလဲ အရှင်လတ်လတ် ဖမ်းဆီးခေါ်ဆောင် သွားသည်မှာ ယနေ့ ထိပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပါ။
ယခုနှစ် အောက်တိုဘာလ(၂၈)ရက်နေ့ကလည်း ဒုဗိုလ်မှူးကြီးဇော်မျိုးထွဋ် ကွပ်ကဲ သည့်ခမရ(၃၂၁) တပ်ရင်းလက်အောက်ခံ ရှေ့တန်းစခန်းတခုဖြစ်သည့် မို့ဘွမ်စစ်တပ်စခန်းတွင် မိုးမောက် မြို့နယ်၊ ခိုင်ဗန်ကျေးရွာမှ ဒေါ်ဆွမ်လွတ်ရွယ်ဂျားအား တောင်ယာမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်မှာ ယနေ့တလခွဲ တင်းတင်း ပြည့်လွန်ခဲ့ပြီ ဖြစ်ပါသည်။
ယခုနှစ်အတွင်း ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ကေအိုင်အေတပ်များအား ထိုးစစ်ဆင်မှုကြောင့် လက်နက်မဲ့ ဒေသခံသာမာန် ရွာသူရွာသားများအား မတရားဖမ်းဆီး ခေါ်ဆောင်သွားကာ ပေါ်တာအထမ်း ပို့ခိုင်းခြင်း၊ စစ်ကြောင်းလမ်းပြ လုပ်ခိုင်းခြင်း၊ ပေါ်တာများကို မတရားညှင်းပန်း နှိပ်စက်ခြင်း၊ အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ အမျိုးသမီး အပျိုအအို အရွယ်မရွေး အဓမ္မပြုကျင့်ခံရခြင်း၊ စစ်ကြောင်း အတွင်း ခေါ်ဆောင်သွားကာ ခရီးတလျှောက် အဓမ္မပြုကျင့်နေခြင်း၊ စစ်ပွဲဓား စာခံအဖြစ် ဖမ်းဆီးချုပ် နှောင်ခံရခြင်း၊ ရွာသားများ ထွက်ပြေးသွားစဉ် ကျန်ခဲ့သည့် ပစ္စည်းဥစ္စာ အိုးခွက်၊ ပန်းကန်ကအစ အားလုံးသိမ်းယူ သွားခြင်းစသည့် အဖြစ်အပျက်များ အမှန်တကယ်ရှိနေပါသည်။
ယခုလိုဖြစ်ရပ်များအား အများပြည်သူ သိအောင်တင်ပြခြင်းသည် တပ်မတော်အား အသေရေဖျက်ချင်၍ လုပ်ဇာတ်ထွင်၍ ပြောနေခြင်းမဟုတ်ပါ။ အမှန်တကယ်ရင်နာ စရာဖြစ်ရပ်များ၊ စိတ်ပျက်ဝမ်းနည်း ကြေကွဲစရာဖြစ်ရပ်များ၊ တပ်မတော်က ဒီလိုလုပ်နေပါတယ် ဆိုတာ မယုံနိုင်စရာ ဖြစ်ရပ်များ အမှန် တကယ်တွေ့ကြုံ ခံစားနေကြရပါသည်။ ပြည်သူ့တပ်မတော်သည် ဤကဲ့သို့သော လုပ်ရပ်များ မလုပ်စေချင်ပါ။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျပါသည်။ ပြည်သူတွေရဲ့ အကျိုးသယ် ပိုးသည့်တပ်မတော်၊ ပြည်သူကို လေးစားသည့် တပ်မတော် ဖြစ်စေချင်ပါသည်။ ကျမတို့တပ်မတော်ဟာ ပြည်သူတွေကို ဒီလိုလုပ်ပါတယ်ဆိုတာ ပြောပြရင် ကျမတို့နဲ့ တွေ့တဲ့ တရုတ်လူမျိုး တွေက မယုံချင်ကြဘူး။ ဘာကြောင့်လဲဆိုရင် သူတို့နိုင်ငံကစစ်သား၊ ရဲတွေက ပြည်သူတွေကို စစ်ဆေးစရာ ရှိရင်တောင် အရင် အလေးပြုပြီးမှ လိုအပ်တာကို စစ်ဆေးကြတယ်။ စစ်ဆေးပြီးရင် ပစ္စည်းတွေကိုလဲ ပြီးရင်သေချာ ပြန်ထည့် ပေးတာလေ။ ဘာပဲဖြစ်ဖြစ် မြန်မာ့တပ်မတော်သည် ပြည်သူတွေကို လေးစား၊ တန်ဖိုးထားပြီး ကာကွယ်တဲ့ တပ်မတော်မျိုးပဲ ဖြစ်စေချင်ပါသည်။
ထို့ ကြောင့် စစ်တပ်စစ်ကြောင်းများက ဖမ်းဆီး ခေါ်ဆောင်သွားသည့် အမျိုးသမီးများနှင့် ပြည်သူများအား အမြန်ဆုံး လွတ်ပေးရန်နှင့် သေဆုံးသွားသူများ အတွက် နိုင်ငံ တော်က တာဝန်ယူပေးပါရန် တောင်းဆိုအပ်ပါသည်။
“မတရားမှုများအား ရေငုံနှုတ်ပိတ်၊ ခေါင်းငုံခံ၊ ကြောက်ရွံ့ နေသရွေ့ ပြောင်းလဲမှု၊ တရားမျှတမှု ဆိုတာရရှိလာမည် မဟုတ်ပါ။ တရားမျှတမှု မရရှိပါက အတူတကွ ယှဉ်တွဲနေထိုင်ကြရမည့် သူအချင်းချင်း ပြန်လည်သင့်မြတ်ခြင်း ဆိုတာလည်း ရရှိတော့ မည်မဟုတ်ပါ။ ပြန်လည်သင့် မြတ်မှုမရှိပါကစစ်မှန်သည့် ငြိမ်းချမ်းမှုနှင့်လည်း ကင်းဝေးရမည်သာ ဖြစ်သည်။”
အမျိုးသမီး အခွင့်အရေး၊ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒေသခံအမျိုးသမီးများမှ စုံစမ်းတင်ပြသည်။
ဒေါ်ဆွမ်လွတ်ရွယ်ဂျား၏ ကျန်ရစ်ခဲ့သူသမီးလေး လွမ်းနောနှင့် အသက်ကြီး ပြီဖြစ်သော အဖိုးနှင့်အဖွား။ လွမ်းနော၏ ဖခင်မှာ ဒုက္ခသည်စခန်းတခုတွင် မိသားစုနှင့် တကွဲတပြားဖြစ်နေပါသည်။
“ကိုးကွယ်ရာ မရှိသော သူအပေါင်းတို့၏ အမှုကိုစောင့်ခြင်းငှာ စကားအသော သူတို့ဘက်မှာ နေ၍ပြောလော့။” _သုတ္တံကျမ်း ၃၁း၈
“Speak up for those who cannot speak for themselves; ensure justice for those being crushed. Yes, speak up for the poor and helpless, and see that they get justice.” Proverbs 31: 8
ထပ်မံစုံစမ်းလိုပါက
(၁) ၀၀၈၆ ၁၅၃၆၈၉၆၉၃၇၆
(၂)၀၀၈၆ ၁၃၅၇၈၂၇၁၉၆၀