မီးဘေးကြုံနေရသော သာသနာ (ကဗျာရှင် ဆရာနေရဲနီ)...
(ကဗျာရှင် ဆရာနေရဲနီ)
မီးဗျို့မီး မီး ဒေါင်ဒေါင်ဒေါင် ဒင်ဒင်ဒင်
ဝေါ ဝေါ ဝေါဝေါ ပက်ဟ ပက်ဟ
မီးတဲ့ဟေ့ မီးတဲ့ ရှင်မရေ ကလေးတွေရော
ဟေ့မိန်းမဘာငေးနေတာလဲ
အိမ်ကိုမြန်မြန်ပြေး ရနိုင်သမျှထုပ်
မီးက တို့အိမ်နဲ့သိပ်မကွာတော့ဘူး
အကောင်း၊ အဆိုး၊ အယုတ်အလတ် အမြတ်မရွေးနေနဲ့
မျက်စေ့ရှေ့မှာတွေ့တာ အကုန်သာထည့်
မရှိရင် အကုန်ဝယ် ရတာချည်းဘဲ။
တအောင့်ကြာသော်
ဟူးတော်ပါသေးရဲ့ မီးက တို့အိမ်နား ရောက်ကာနီးမှ ငြိမ်းသွားလို့
ကဲ ကဲ ကဲ ရှင်မရေတို့အထုပ်တွေ အိမ်ပေါ်ပြန်တင်ကြစို့
သားတို့သမီးတို့ရေ လာကြ
အထုပ်တွေပြန်တင်ပြီး နေရာပြန်ချကြစို့
အထုပ်များကိုဖြေလေသော်
ဒါက လက်နှီးစုတ် မီးဖိုပေါ်သွား
ဒါကမင့်ထမီ ဘီရိုအောက်ဆင့်သွား
ဒါကငါ့လုံချည် အပေါ်ဆင့်သွား
ဒီဘုရား ဆင်းတုတော်က ဘုရားစင်ပေါ်မှာကြွ
မင့်ဟာက အားလုံးကို စုထည့်ထားတာပါလား။
အိုတော် မီးဟေ့ဆိုတော့ အယုတ်အလတ်အမြတ်
မရွေးနေနှိုင်ပါဘူး အကုန်စုထည့်ရတာဘဲ
မီးငြိမ်းတော့လည်း သူ့နေရာသူပြန်သွားပေါ့။
ကျွန်တော်တို့မြန်မာပြည်၏
ပစ္စက္ခသာသနာတော်သည် ဤသို့ဤနှယ် ဖြစ်တော့သည်။
အကြောင်းသော်ကား
ယခု နရသိန် နန်းစံနေရသော ၀န်ကြီးချုပ်
ဘုန်းတောက်စဉ်က
ဗေဒင် ယတြာ ဓာတ်ရိုက် ဓာတ်ဆင်အရာ၌
နာမည်ကြီးသော ဘုန်းကြီးတစ်ပါးရှိလေ၏။
ဝန်ကြီးချုပ် အရှိန်အ၀ါနှင့် ရှည်လျားသော ဘွဲ့တစ်ခုကို ရလေသောအခါ
ထိုဆရာတော်ဘွဲ့ယူပြီး ပြန်အလာ
ကြိုဆိုဖို့အရေးမ၀တမှ မြို့ပေါ်ကျောင်းတိုက်များမှ ဆရာတော်များ
ကိုယ်တိုင်ထွက်ကြိုရန် လျှောက်ထားလေသည်။
ဆရာတော်များမှလည်း လျှောက်ထားချက်ကို လက္ခံကာထွက်ကြိုကြသည်။
မြို့အ၀င်၌ဘွဲ့ခံဆရာတော်သည် ဝေါယာဉ်ပလ္လင်ပေါ်မှနေ၍
သူ့အားလာကြိုသော ပရိသတ်များ အကြားတွင်
မြို့ပေါ်ကျောင်းတိုက် အသီးသီးမှ ဆရာတော်များကို တွေ့လေသော်
ချွေးဒီးဒီးကျကာ ဦးခေါင်းငိုက်စိုက်နှင့် မျက်နှာပျက်၍နေလေသည်။
အဘယ့်ကြောင့်ဆိုသော် ဘွဲ့ခံဆရာတော်သည်
ငယ်စဉ်ကတည်းက သာသနာ့ဘောင်သို့ ၀င်လာသော ငယ်ဖြူမဟုတ်။
အသက်ကြီးခါမှ ၀တ်သောတောထွက် ရဟန်းဖြစ်လေ၏။
လာကြိုကြသော သက်တူရွယ်တူနှင့် သူ့ထက်အသက်အားဖြင့် ငယ်ကုန်သော
ဆရာတော်အပေါင်းသည် ဝေါယာဉ်အောက် ရောက်နေသော်လည်း
ဝါအားဖြင့်သူက ငယ်နေသောကြောင့်
ဝိနည်းတော်အရ အာပတ်သင့် နေလေပြီ။
ထိုအထဲတွင် မည်သည့် ဘွဲ့ဂုဏ်ပုဒ်ကိုမျှ မမက်မောဘဲ
သာသနာတော်ကို တကယ့်စွမ်းစွမ်းတမံ
ဆောင်ရွက်နေကြသော စာသင်တိုက်များမှ
ကျောင်းထိုင် ဆရာတော်များလည်း ပါဝင်နေရာ
မိမိသည်ကား ရိပ်သာအယောင်ပြ၍ သာသနာတော်ကို ခုတုံးလုပ်ကာ
ဝန်ကြီးချုပ်အရှိန်အ၀ါနှင့် ရသော ဘွဲ့ဖြစ်လေ၍
ပရိတ်သတ်အကြား အနေအထိုင်ပျက်ကာ
ခေါင်းငိုက်စိုက်နှင့် မျက်လွှာချလျှက် ရှိနေလေတော့သည်။
ခေါင်းငိုက်စိုက်နှင့် မျက်လွှာချလျှက် ရှိနေလေတော့သည်။
ဇာတ်မင်းသားတစ်ဦး၏သူ့အားချီးကျူးဂုဏ်ပြုသော
သီချင်းသံနှင့် ဆိုင်းသံတို့ကိုလည်း မကြားနိုင်တော့ပြီ
ဝတ်ရွတ်အသင်းအဖွဲ့များမှ ရွတ်ဆိုပူဇော်နေကြသော
ရှစ်လုံးဖွဲ့ ကဗျာသံများကိုလည်း မကြားချင်တော့ပြီ။
သူ၏ရင်တွင်းမှ ခံစားချက်ကို သူသာလျှင် အသိဆုံးဖြစ်ပေတော့မည်။
တို့သာသနာတော်ကြီးက
ခုချိန်မှာတော့ မီးဝိုင်းခံနေရတော့
အယုတ်အလတ် အမြတ် မရွေးအားဘူး
အားလုံးကို စုထည့်ပြီး ထုပ်ထားရတာ
မီးငြိမ်းသွားတော့လည်း သူ့နေရာသူ ပြန်သွားကြပေါ့ကွာ။ ဟူ၍
ကြိုဆိုသည့်အထဲတွင် ပါဝင်သော ဆရာတော်တစ်ပါးက
အထက်ပါ မီးဘေးကြုံရသော ဥပမာကိုပေး၍
အထက်ပါ မီးဘေးကြုံရသော ဥပမာကိုပေး၍
သူ၏အတွေ့အကြုံကို ပြန်ပြောင်း ပြောပြလေသည်။
နောက်ပိုင်းတွင်ဝန်ကြီးချုပ် ထောင်နန်းစံရသောအခါ
ထိုဆရာတော်သည်လည်း တဖြေးဖြေး တိမ်မြုပ် သွားလေတော့သည်။
မှတ်ချက်။
တကယ့်အဖြစ်အပျက် ဖြစ်ပါသည်။
နေရဲနီ