ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း အဘဦးလွင်(၈၈)နှစ် ကွယ်လွန်...

အဘဦးလွင် - ၈၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သူ ဘဘ ဦးလွင် အသက် (၈၈)နှစ်သည် ၆.၁၂.၂၀၁၁ ရက်နေ့ ည (၈း၄၀) နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) မှ သိရှိရသည့်အတွက် ယင်းည (၉း၀၀) နာရီအချိန်တွင် ဘဘ ဦးလွင် နေထိုင်ရာ ရန်ကုန်မြို့၊ အမှတ် (၁၅/က)၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ်နေအိမ်သို့ အသင်းသားများသွားရောက်၍ ကူညီမှုကို ပြုလုပ် ပေးခဲ့သည်။ ဘဘ ဦးလွင်၏ ကျန်ရစ်သော ရုပ်အလောင်းအား နေအိမ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ အအေးစနစ်သုံး Cool Box ပေါ်သို့ ၀ိုင်းဝန်းချီပိုးကာ ထားရှိခဲ့သည်။ ထို့ကြောင့် နာရေးကိစ္စ များအား လာရောက်နှစ်သိမ့် မေးမြန်းသူတို့အတွက် အသုဘရှုရန်၊ အနိစ္စတရားတို့ကို ရှုနိုင်ရန်အတွက် အဆင်ပြေခဲ့သည်။ ၈.၁၂.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ငါဟုသမုတ်၊ နာမ်ရုပ်နှစ်ထွေ၊ အိုနာသေဘေး၊ ရောထွေးကာနေ၊ အနိစ္စဘဲ၊ မမြဲပုံသေ၊ တစ်နေ့ကျ၊ မရဏသေမင်းပြည်၊ မှန်မလွဲ သေမြဲဧကန်ပေ။
နာရေးကူညီမှုအသင်း (ရန်ကုန်)

အဘဦးလွင် ကောင်းရာသုဂတိလားပါစေ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း အဘဦးလွင်၏ ကိုယ်ရေးအကျဉ်း.. (မိုးမခ)

ဦးလွင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ အသက် ၁၈ နှစ်အရွယ်တွင် ရောက်ရှိခဲ့ကြောင်း ဂျပန်နိုင်ငံထုတ် မာအိနိချိ သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် မြန်မာပြည်ကလာတဲ့စာ အမှတ် ၁၈ တွင် တွေ့ရသည်။

၁၉၄၃ တွင် ဂျပန်နိုင်ငံသို့ ဗိုလ်သင်တန်းတက်ရန် စေလွှတ်ခံရသည်။ လွတ်လပ်ရေးရပြီးနောက် အင်္ဂလန်၊ နောက်ဂျာမဏီတို့ရှိ စစ်ကျောင်းများသို့ သွားရောက်ခဲ့သည်။ ၁၉၅၉ တွင် အမေရိကန်သို့ စစ်သံမှူးအဖြစ် သွားရောက်ခဲ့သည်။ ထို့နောက် အရှေ့တောင်ပိုင်းစစ်တိုင်းမှူး ဖြစ်လာသည်။ နောက်ပိုင်းတွင် အရပ်ဘက်သို့ ပြောင်းရပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ ၀န်ကြီး၊ ဒုဝန်ကြီးချုပ် စသည့်တာဝန်များ ထမ်းဆောင်ရသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပေါ်ပေါက်လာသော မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တွင် ပါဝင်ခဲ့သည်။ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့က NLD ပါတီ တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ခေါင်းဆောင်များ ၁၉၉၀ ရွေးကောက်ပွဲဝင်ရာ ဦးလွင်သည် ရန်ကုန်တိုင်း၊ သုံးခွမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်တွင် အရွေးခံရသည်။ ၁၉၉၂ တွင် NLD ပါတီ၏ အတွင်းရေးမှူး ဖြစ်လာသည်။

ကျန်းမာရေး ချို့ယွင်းလာသဖြင့် ၂၀၀၈ ခုနှစ်မှ စပြီး NLD ရုံးသို့ သွားရောက်ခြင်း မပြုဘဲ နေအိမ်တွင်သာ အချိန်ပြည့် ရှိနေခဲ့သည်။ဦးလွင်သည် တပ်မတော်တွင်ရှိစဉ် တရုတ်ဖြူကျူးကျော်မှုကို တိုက်ထုတ်ရာတွင် အားကိုးရသည့် တပ်မှူးကောင်း တဦးဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ဘီဘီစီ သတင်းဌာနကို ယနေ့ ပြောကြားသည်။

“အဲဒီ တိုက်ပွဲများ အပြီးမှာ ဗိုလ်လွင်ဟာ အလွန် ရင့်ကျက်တဲ့ တပ်မှူးကောင်းတယောက် ဖြစ်သွားပါတော့တယ်။ ကျနော် သူ့ကို သိပ်အားရပါတယ်” ဟု ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ပြောသည်။