ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမိအဖ ကျေးဇူးနှင့် ကျေးဇူးတရားများ အောင်းမေ့ခြင်း အကျိုးတရား (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

အမိအဖ ကျေးဇူးနှင့်  ကျေးဇူးတရားများ 
အောင်းမေ့ခြင်း အကျိုးတရား
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ကျနော် ဒလ ဆောင်းပါးရေးလျှက် တန်းလှမ်းကနေ စိတ်အာရုံအစွဲနဲ့ အမိအဖ ကျေးဇူးနှင့် တခြားမိမိအပေါ် ကျေးဇူးအနည်းငယ် ပြုဖူးလျှင်ပင် ကျေးဇူးကို ပြန်မဆပ်နိုင်လျှင်သော် ဆပ်ခွင့်မကြုံလျှင်သော် အမြဲသတိရ အစဉ်အမြဲ အောင်းမေ့နေခြင်းကပင်လျှင် အကျိုးကျေးဇူးတွေ ထူးခြားစေပါတယ်။ အထူးသဖြင့်တော့ ဒီလိုယူဆချက်ဟာ ဘာသာရေး သင်ကြားမှုနဲ့ စပ်ဆိုင်နေပါသဖြင့် အမြင်မတူတာရှိခဲ့ပါလျှင် နားလည် ပေးကြပါရန်လည်း ပန်ကြားလိုပါသည် ။

ကျနော်ရေးပြလိုစိတ် ပြင်းပြခဲ့ရတာကလဲ ဒလ-ဆောင်းပါးမှာ ရေစီးအားတွေကနေ လျှပ်စစ်ထုတ်လုပ်နည်းကို အမှတ်မထင်တွေ့ ရှိလာတာဟာ ကျနော့်ပညာ ကျနော့်ဥာဏ်ရည်ကြောင့် အတွေ့အကြုံကြောင့် မဟုတ်ဘဲ ကျနော်ဟာ အမိအဖ ကျေးဇူး ဆရာသမားများ ကျေးဇူး နောက်ဆုံး ကျနော် ထောင်မကျခင် အချုပ်ကာလမှာ ထုံးစံအတိုင်းပေါ့ နိုင်ငံရေးအကျဉ်းသားတွေက အချုပ်ထောင်ဝင်စာ တွေ့ခွင့်မရှိဘူး။ ခိုးဆိုးလူသတ် မုဒိမ်းသမားတွေက တပတ်တစ်ကြိမ် ထောင်ဝင်စာ တွေ့ခွင့်ရှိတာ။ ထောင်ကျပြီးသူက နှစ်ပတ်တစ်ကြိမ်ဘဲ တွေ့ခွင့်ရှိတာ။ အချုပ်သမားက တစ်ပတ်လျှင် တစ်ကြိမ်။ နိုင်ငံရေးသမားကတော့ အာ့ချာ့းနိမ်း။ ပိုဆိုးတာက ဘယ်နဲ့မှ အဆက်အသွယ် လုပ်မရအောင် ကြပ်ထားတော့ ကျနော်တို့မှာ ထောင်ငါးပိလဲ မစားရဲတော့ ထမင်းနဲ့ဆား ဘဲရှိတယ်။ ကျနော်တို့ အခန်းတွေကို ရှာဖွေရေး အသေလုပ်တယ်။ ဘယ်သူ့ဆီကမှ ပစ္စည်းမပို့ရဲဘူး။

အဲဒီအချိန်မှာ ရဲမြင့် ဆိုတဲ့ အကျဉ်းသား။ သူကလဲ အရေးအခင်း ကာလက တောင်ဥက္ကလာ မြင်သာလူသတ်မှုနဲ့ ကျနေသူ။ သူက တန်းစီးဆိုတော့ ကျနော်တို့ကို စားစရာလေးတွေ စွန့်စား ခိုးသွင်းပေးပါတယ်။ ကျနော်တို့ငတ်နေချိန် ကျနော့်ကို ငြုပ်သီးတောင့် အကြော် (လေးတောင့်) ခိုးပေးဖူးတယ်။ ကျနော်က ငြုပ်သီးလေးတွေကို မစားရက်ဘူး။  ကုန်သွားမှာစိုးရလို့..။ ဒီတော့ ထမင်းတွေကို လက်နဲ့ ကြေအောင် ဆုပ်ဆုပ်ခြေပြီး အလုံးလေးတွေလုပ် ဆားလေးဖြူးထား။ ပြီးငြုပ်သီးလေးကို လျှာကို ပူစပ်လာအောင်ပွတ် လျှာမှာစပ်နေတုံး ထမင်းလုံးကို မြိုချရတာပေါ့ဗျာ။ ဒီလိုနဲ့  မြိုလို့မရနိုင်တဲ့ လုံးတီးထမင်းတွေကို ဖြတ်သန်းခဲ့ရတာပါ။ သူမကူနိုင်ခင်ကတော့ ထမင်းတွေကို ဆုပ်နယ်ခြေ။ ပြီး ဆားဖြူး ရေလောင်းထဲ့ ပြီးဆန်ပြုတ်လို ကြိတ်မှိတ်ပြီး ရေခွက်ထဲထည့် သောက်မြိုချရတာပေါ့ ။

ကြားထဲ ညဘက်ညဘက် ၀န်ထမ်းနဲ့ ဦးစိန်လှဦိး (အင်းစိန်မြို့နယ်အမတ်)က ညတွင်းချင်း အပြီးစားခိုင်းတဲ့ ဟင်းလေးတွေ မုန့်လေးတွေ မကြာမကြာ ပို့ပေးတတ်ပါတယ်။ (မနက်အထိ ကျန်နေလို့မိရင် ပြဿနာလေ)အလွန်ကို ကျေးဇူးတင်မိပါတယ်။ ငတ်နေတဲ့အချိန်မှာ မုန့်လေးတဖဲ့က အပြင် လွတ်လပ်နေတဲ့အချိန် ဟော်တယ်ကြီးမှာ ဧည့်ခံကျွေးမွေးတာထက် ကျေးဇူးကြီးလှပါတယ်ဗျာ။ အဟာရချို့တဲ့ ငတ်ပြတ်နေချိန် ယိုသုတ်ထားတဲ့ ပေါင်မုန့်လေး တချပ်ဟာ တကယ့်နတ်သဒ္ဓါ ပါဘဲ။ လူလဲ အင်အားတွေ ပြည့်ဝသလို အားရှိသွားပါတယ်။ ဦးစိန်လှဦးကို အရမ်းကျေးဇူး တင်ပါတယ်ဗျာ။

ကျနော်အပြင် ပြန်ရောက်တော့ ဒီရဲမြင့်ကို သိပ်တွေ့ချင် သူ့ကျေးဇူးကို သိပ်ဆပ်ချင်တာ။ ဘယ်ရှာရမှန်းလဲ မသိဘူး။ အခုနေ သူ့ကိုသာ အဆက်အသွယ်ရရင် ကျနော် ဒေါ်လာ ၁၀၀၀-လောက်ကို ကျေးဇူးဆပ်ချင်တာပါ။ အမြဲသတိရတယ်။ ပြန်လဲဆုံချင်ပါတယ်။ တွေ့ခဲ့လို့ရှိရင် အလုပ်အကိုင်က အစစီစဉ်ပေးချင် မိတာပါ..။

ဒီလိုဘဲ ကျနော်ဟာ ငယ်ငယ်က အထက်ဆောင်းပါးမှာ ရေးခဲ့ သလို မွေးတဲ့အချိန်မှာကို အမေကို သေလုနီးနီိး ခံစားရအောင် မွေးရခက်ခဲခဲ့တယ်။ ခေါင်းကြီးတော့ မေမေ သေလုမတတ် မွေးခဲ့ရတယ်။ ကျနော်လဲ မြော့ထွက်လာတာပါ။ မွေးလာပြန်တော့ အစားအစာမတဲ့ တဲ့ပြသနာ၊ လေနာနဲ့ မိဘတွေ ကျနော့်ကြောင့် အတော်ကို အကုန်အကျများကြရတယ်။ အလုပ်တွေပိုရတယ်။ ဒီကြားထဲ ခနခန နေမကောင်း ဖြစ်လို့လားတော့မသိ အိမ်မှာ အဆိုးဆုံး။ ငယ်ငယ်က ကျောင်းထားလဲမရ။ ဆရာတွေလစ်တာနဲ့ ထွက်ပြေးတော့ လမ်းမှာ ခွေးကိုက်ခံရ။ လမ်းမှာ ပျောက်နေလို့ရှာကြရ။ ကျနော့်ညီ ကျောင်းလိုက်မှ ကျောင်းလိုက်တော့ ကျနော့် အသက်က ၇-နစ်ကျော်နေပြီ။ မကြာခန ရန်ဖြစ်တော့ အိမ်က ပြသာနာ။ နဲနဲကြီးတော့လဲ မိဘကို ဂလန်ကဆန် အပြောဆုံး။

ဒါပေမဲ့ ကျနော် ၁၅-နစ်သားမှာ ဂ-ငယ်ကွေ့ ပြောင်းလာတယ်။ အမေပင်ပန်းတာကို ကျနော် မကြည့်ရက်တော့ဘူး။ အမေ့အလုပ်တွေကို ကူလုပ်လာတယ်။ ကျောင်းပိတ်လို ရွာပြန်ရင်လဲ အဖိုးအလုပ်တွေကို လယ်တော့မှ ၀င်ကူလုပ်လာတော့တယ်။ အဖေါ်တွေနဲ့ ကစားတာ မလုပ်တော့ဘူး။ ကျနော်အသက် ၁၆-နှစ်လောက်ကတည်းက အိမ်အတွက် နေ့စဉ် ၀င်ငွေ - ၈-ကျပ်ကနေ ၁၀-ကျပ်လောက် ရှာပေးနိုင်နေပြီ။ အဲဒီအချိန်က ရွှေဈေးက-၇၀၀-လောက်ရှိသေးတယ်။ ကြက်ဥကို တစ်ကျပ်ဖိုးဆို ကျနော်က -ငါးလုံးရောင်းပေးချိန်။ အမဲသားတပိသာ.၃.၀ ကျပ်ခေတ်ပါ။ ကျနော်ကြက်မွေးတယ် (ကြက်မွေးတာ အမေက လက်မခံဘူး။ မရဘူး စွတ်မွေးတယ်) နှင်းဆီပန်းစိုက်တယ်။ ငြုပ်သီး စတာတွေစိုက်ပြီး နံနက်ဆိုရင် ဈေးမှာသွားရောင်းပြီးမှ ကျောင်းသွားတယ်။ သူငယ်ချင်းတချို့က စသလို ပြောင်သလို နှိမ်ချင်ကြတယ်။ ဈေးသယ်ကြီး ဒီနေ့ရောင်းကောင်းလား ဘာလားပေါ့။

ကျနော်မရှက်ပါဘူး။ သူတို့ကို သနားတောင် သနားသေးတယ်။ သူတို့က မိဘဆီက မုန့်ဖိုးတောင်းရင် မိဘက စိတ်အခန့်မသင့်ရင် အကြွေစေ့တွေကို ကြမ်းပြင်ပေါ် ပြစ်ချတာ ကောက်ယူတဲ့ လူတွေ သနားတောင် သနားမိတယ်။ အခုလို အသက်ကြီးလာချိန်မှာ ကျနော့်လို ငါ့ကငယ်ငယ်ကတည်းက မိဘကို   လုပ်ကျွေးနိုင်ခဲ့တယ် ဆိုတာမျိုး သူတို့မှာ ကြွားစရမရှိဘူး။ ကြွားစရာနော်။ ဂုဏ်ယူစရာနော်။ သနားတယ်။

ပိုဆိုးတာက တချို့ဆိုရင် မိဘကို ပြန်ကျေးဇူးဆပ်ဖို့ နေနေသာသာ ခေတ်ကာလကြီးက မကောင်းတော့ သင်ထား တတ်ထားတဲ့ပညာက ဘ၀ရပ်တည်ရေးတောင်မဖြစ်နိုင်တော့ မိဘကိုပြန်လည် ကျေးဇူးဆပ်ဖို့ နေနေသာသာ မိဘဆီက အသက်ကြီးလာတဲ့ အထိလက်ဖြန့် တောင်းရင်း ဘ၀ကို ဖြတ်သန်းကြရပါတယ်။ အာဏာရှင် အုပ်ချုပ်လိုက်တာ လူအများစု မိဘကို လုပ်မကျွေးခွင့် မကြုံကြရ ဆပ်ခွင့် မရလိုက်ကြရပါဘူး။ အာဏာရှင်တွေမှာ တာဝန်ပိုရှိပါတယ် ။

ကျနော်က မိဘတွေ ကြပ်တည်းတာကို ခေါင်းထဲမှာ အမြဲပူနေ ခံစားနေတော့ ဆပ်ခွင့် ခနခန ကြုံခဲ့ပါတယ်။ ကျနော့် ပထမဆုံး ဆောင်းပါးတွေမှာပါတဲ့  ရွှေငါးလေးတွေရောင်းဖို့ ဂွင်ကြုံလာတယ်။ ကြုံလာပြန်တော့ သူတော်ကောင်းတွေ စောင့်ရှောက်မှုကြောင့် ဈေးကွက်မရှိတဲ့ တစ်မတ်တန် (၂၅-ပြားတန်) ငါးလေးတွေကို ရွှေရောင် ချွတ်တတ်ပြီး ၂၀-ကျပ်အထိ ရောင်းခဲ့ရတဲ့ဂွင် ကြုံခဲ့ရပါတယ်။ ကိုယ်စဉ်းစားလို့ မဟုတ် ကံက ဖန်ပေးလာတာ။ နောက် ၁၉၇၅-ခုနစ်မှာ စားဆီကို မှောင်ခိုရောင်းဝယ်ရင် သေဒါဏ်ဆိုပြီး ဦးနေ၀င်း အမိန့်ထုတ်လိုက်ချိန် မိဘအတွက်ရည်စူးပြီး မှောင်ခိုချတဲ့အထိ မိဘအတွက် အသက်ပါစွန့်စားခဲ့ပါတယ် ။

တခါ ဆယ်တန်းအောင်တော့ အစိုးရဆီက ပညာသင်ဆု (SCHOLARSHIP) ရခဲ့တော့ လစဉ်တလကို - ၇၅-ကျပ်ရခဲ့ပါတယ်။ ကျောင်းလခက တလကို ၁၅-ကျပ်။ အဆောင်လခက -၄၉-ကျပ် သွင်းလိုက်ရင် အပို ၁၁-ကျပ်လောက် ပိုပါသေးတယ်။ ကြားထဲ မိုးကုတ်ကျောက် ကျောက်စိမ်းတွေ ရောင်းပြီး မိဘဆီကိုလစဉ် ငွေတွေပြန်ပို့ ပေးနိုင်ခဲ့ပါတယ်။ နောင်လဲမိဘကို အထူးအလေး ထားခဲ့ပါတယ်။ မိဘနှစ်ပါးရဲ့ အသည်းနှစ်လို ချစ်တာကိုလဲ အထူးရခဲ့တော့ မိဘတွေ အဒေါ်တွေ အဖိုးအဖွားတွေရဲ့ စိတ်ချမ်းမြေ့မှု ကိုလည်း ကျနော် ဆောင်ကျဉ်း ပေးနိုင်ခဲ့ပါတယ်။ အဖိုးက ကျနော် ဆေးကျောင်း တက်နေစဉ် ဆုံးတယ်။ မဆုံးခင် (ငါမြေးကြီး လက်ကလေး ကိုင်ပါရစေ.. ငါ့မြေးကြီး ဆေးထိုးတာလေး ခံသွားပါရစေ) ဆိုပြီး အသက် ထွက်သွားရှာတာပါ။ ကျနော်မမှီလိုက်ပါဘူး။ အဖိုးမှာ ဆေးကျောင်းသူ၊ ကျောင်းသား အားလုံး မြေးငါးယောက်ရှိတာပါ ။

ကျနော် ပြန်မဆပ် နိုင်ခဲ့တာကတော့ ဆရာ/ဆရာမကြီးများရဲ့ ပညာသင်ပေးခဲ့တဲ့ ကျေးဇူးကို အားရပါးရ မဆပ်နိုင်ခဲ့တာပါ။ ဆရာတချို့ကိုတော့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ကျနော်ဈေးရောင်းစဉ်က ကျနော်ကို ကူညီစောင့်ရှောက်ခဲ့တဲ့ အမေကျား ဆိုတဲ့ ဈေးသည် အဒေါ်ကြီးကိုတော့ ကျေကျေနပ်နပ် ကျေးဇူးပြည့်ပြည့်၀၀ ဆပ်ခွင့်ရခဲ့ပါတယ်။ သူ့နံမည်က ဒေါ်ဒေါ်ကျား ကျနော်က အမေလိုသဘောထားပြီး.. အမေကျားလို့ဘဲ ခေါ်တာပါ။ သူကလဲ သားလေးတစ်ယောက်လိုကို ခင်ရှာတာပါ။ အားရပါးရ ဆပ်ခွင့်ရလိုက်ပါတယ်။ ဒီလိုဘဲ ကျနော်တို့ကို အ၀တ်လျှော်ပေးခဲ့တဲ့ အဒေါ်ကြီး (ဒေါ်ဒေါ်ခွေး) ကိုလည်း အားရပါးရဆပ်ခွင့် ကျေကျေနပ်နပ် ရလိုက်ပါတယ်။ ဘ၀မှာ ဒီကျေးဇူးရှင် နစ်ဦးကိုတော့ တကယ်အားရပါးရ ဆပ်ခွင့်ရလိုက်ပါတယ်။ သူတို့နှစ်ဦး နေမကောင်းလို့ ကျနော့် ဆေးခန်းကိုလာရင် ဆေးကုမပေးဘူး ပြန်ခိုင်းတာ။ တခါထဲ အိမ်အထိလိုက်ပြီး အမေတစ်ဦးလို အားရပါးရ ကုပေးခဲ့တယ်။ ဆေးခန်းကို အလာမခံဘူး။ အားရလိုက်ပါတယ်။

လူငယ်လေးတွေကို အထူးပြောချင်တာကတော့ အမိအဖ ကျေးဇူး ဆရာသမား ကျေးဇူးတွေ ကိုယ့်အပေါ် တခြားလုပ်ခလေးနဲ့ဘဲ ပြုစုဥိး လုပ်ကိုင်ပေးဖူး သူတိုင်းကို ကျေးဇူးတင်ကြပါလို့။ လုပ်ခနဲ့ဘဲ လုပ်ပေးဖူးဦး ကျနော်တို့ မြန်မာပြည်က ပေးတဲ့ လုပ်ခဆိုတာ အလွန်နည်းတော့ သူတို့ရဲ့ ကျေးဇူးတွေ ကျနော့်တို့မှာ စွန်းနေပါတယ်။ တချို့အလုပ်ရှင် တွေကတော့ ငါတို့က သူတို့ကို အလုပ်ပေးထားတာ ငါတို့က သူတို့ရဲ့ ကျေးဇူးရှင်လို့ အထင်ရှိတတ်ကြပါတယ်။ ကျနော်ကတော့ ပြောင်းပြန် ယူဆတယ်။ ကျနော်ထောင်ကျတော့ အိမ်မှာ သစ္စာရှိရှိ လုပ်ပေးခဲ့တဲ့ မလှဝင်း ဆိုရင် ကျနော်သြဇီ ရောက်တော့ ငွေစုပြီး မလေးရှားကို အလုပ်ရအောင် စီစဉ်ပေးပြီး ပို့ပေးပါတယ်။ သူက တခါ သမီိးနှစ်ယောက်ကို ဆက်ခေါ်တော့လည်း ကူပေးခဲ့ပါတယ်။ နောက် ဒုက္ခသည်မဟာမင်းကြီးရုံးမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်တာ အဆင်ပြေပြီး အခုဆို အမေရိကားကို ရောက်သွားတဲ့တဲ့အထိ ကူညီနိုင်ခဲ့ပါတယ်။ ကျနော်တို့ပေးတဲ့ လစာက မတရားနည်းနေတော့ အလုပ်သမားတွေရဲ့  ကျေးဇူး.. ကျနော်တို့မှာ စွန်းနေပါတယ်။

အဲဒီလို သူတထူးရဲ့ ကျေးဇူးတွေကို မဆပ်နိုင်တောင် အမြဲအောင်းမေ့နေတာ သူတော်ကောင်းတွေ သာဓုခေါ်တဲ့ စေတနာ အလုပ်ပါ။ တနည်း စေတနာဆိုတာ ကံပါဘဲ။ မိဘနှစ်ပါးရဲ့ ကျေးဇူးကို အထူးအလေးထား ဟောကြားထားတဲ့ တရားတော်ကတော့ စစ်ကိုင်းတောင်ရိုး မြစင်္ကြာ ဆရာတော်ဘုရာကြီး ဦးလက္ခဏရဲ့ တရားတော်ကို နာကြည့်စေလိုပါတယ်။ မိဘကျေးဇူး ဒီဘ၀မှာ ဆပ်ရတာ အားမရလိုက်တော့ ကျနော်သြဇီရောက်ပြီး ကတည်းက အော်ငါ့အဖေ၊ ငါ့ယောက်ခမ ဒီလိုနေရာမှာ ပြုစုချင်လိုက်တာဆိုတာ မိဘတွေကို တွေးမိတိုင်း စိတ်ထဲမှာ ခံစားမိနေတတ်တယ်။ ငါကျေးဇူးအားရပါးရ ဆပ်ချင်လိုက်တာ အမြဲ သတိရနေမိတယ်။

အဲဒီလို မိဘကျေးဇူး သတိအထူးရမှုကြောင့် ကျနော်ဟာ အစိုးရက နိုင်ငံကူးလက်မှတ် ပိတ်ပင်ထားတဲ့ကြားက ချက်ချင်းရလာခဲ့တယ်။ တခါ ဘန်ကောက်ရောက်တော့ သမီးက သြဇီကနေ ငွေ လွှဲပေးတာကို ထိုင်းအစိုးရက ထုတ်မပေးလို့ မရဘူး။ အဲဒီမရလိုက်တာကို ကျေးဇူးတင်မိတယ်။ အော်ဇီက လုံခြုံရေး အရာရှိတွေကလည်း သမီးကိုမေးတော့ စစ်ဆေးမေးမြန်းပြီး သမီးရှင်းပြတာ သိလိုက်တော့ ..အခြေအနေအမှန်ကို နားလည်ပြီး မင်းအဖေကို ထိုင်းအစိုးရ စောင့်ကြည့်နေပြီ အခြေအနေ မကောင်းဘူး လစ်ခိုင်းတော့အထိ အကြံပေးလာပါတယ်။ သိလိုက်ရတာပေါ့။ ငါ့ကို ဥိးသန်းရွှေ တခုခုကြံနေပြီဆိုတာ။ နောက်မှ တခြားသူတွေက တဆင့်သိရတာက ကျနော့်ကို အကြမ်းဖက်သမားလို့ သတင်းပို့ ထားတာကိုး။ အဲဒီလိုပို့ထားတာ ရုတ်တရက်ဆို မကျေနပ်စရာပေါ့။ ထိုင်းဗီဇာ ကုန်လို့ မလေးရှားဘက် လစ်တော့ သတင်းကလည်း ဟိုရောက်ထားပြီ။ အကြမ်းဖက်သမား။ အော် နိုင်ငံတကာ ရဲတွေနဲ့ မလေးရှား ထောက်လှမ်းရေးတွေကို ကျနော့်ကို အထူးစောင့်ရှောက်ပေးပါလို့ တဖက်လှဲ့ ပြောထားပေးမိတာလို့ ဦးသန်းရွှေ မသိလိုက်ဖူး။ သူတို့  ပြန်ပေးဆွဲဖို့ ကြံစည်တော့ အခုကျနော်နဲ့ ဆက်သွယ်လို့ အဖမ်းခံထားရတဲ့  ဗိုလ်မှုးကြီးအုန်းကြိုင်၊ အောင်နိုင်ဦး ဗိုလ်မှုး (တစ်ဦး နာမည် မထုတ်ဖေါ်ချင်သေးပါ)တို့ ကျနော့်ကို လာဆွဲတော့ မလေးရှား ထောက်လှမ်းရေးက ကြိုသိလိုက်တာပါ။ အခုတော့ ကျနော် ဂဂဏဏ သိရတော့တာပေါ့။ သူတို့ က၀န်ခံထားပြီးပြီလေ။

ဗိုလ်သန်းရွှေရဲ့ တကယ့် လက်ရွေးစင် လုံခြုံ/လျှို့ဝှက် အမာခံတွေက ကျနော့်ကို လေးစားပြီး ဆက်သွယ်လာတယ်။ ဗိုလ်သန်းရွှေတို့သိလို့ အခု အဲဒီလူတွေကို ဖမ်းထားရတုန်း။ အမှုက အဆုံး မသတ်နိုင်သေးဘူး။ ကျနော့်ဘ၀မှာ ဒီလို သူတပါးကျေးဇူးတွေ အမြဲအောင်းမေ့ နေတာကြောင့် သူတော်ကောင်းတွေ စေ့ဆော်လို့  ဒီလူတွေ ကျနော့်ကို ရှာကြံဆက်သွယ် လာကြတာပါ။

ကျနော့်ဘ၀မှာ ဂုဏ်ယူစရာများရှိလား မေးလာရင်ပေါ့ (သူများတွေလို ဗျူးမဲ့သူ မရှိတော့ ကိုယ့်ဟာကို ဗျူးကြည့်ရတာလေ) ဆေးကျောင်းသား ဘ၀မှာ အတန်းလိုက် ဘောလုံးပြိုင်ပွဲတွေ လုပ်တယ်။ ကျနော်က ကျောက်ကပ် ကွဲထားလို့ မကစားရတော့ ဒိုင်လူကြီးလုပ်ပေးတယ်။ ကျနော်တို့အတန်းနဲ့ ကျနော်တို့ အထက် ၂-နစ်စောတဲ့ အတန်းနဲ့ ၂-နစ်ငယ်တဲ့အတန်း။ ဒီသုံးသင်းက ဘော်လုံးလဲ တော်တယ်။ အမြဲလိုလို ရန်ဖြစ်တတ်တယ်။ ဗထူးကွင်းက ဒိုင်သူကြီးတွေပါ ပြသနာ တက်တတ်တယ်။ ကန်တာက ကျနော့်အတန်းနဲ့။ ဒိုင်မရှိတော့ ကျနော့်ကို တောင်းဆိုတယ်။ ကျန်ပြိုင်ဘက် နှစ်သင်းလုံးက ဘီလီ လုပ်ပါ ပြောလာတာ ဘ၀မှာ အခုထက်ထိ ဂုဏ်ယူတယ်ဗျာ။ ကိုယ့်အသင်းနဲ့ ပြိုင်ဘက်အသင်း ကန်တာကို အားလုံးက ကျေကျေနပ်နပ် လက်ခံတယ်။ ကျနော်မှားသွားတာ ရှိရင်တောင် ခွင့်လွတ်ကြတယ်။ သိပ်ဂုဏ်မိပါတယ်။

အခုလဲ တကယ့်ကျနော့် ရန်သူရဲ့  ညာလက်ရုံးတွေက ကျနော့်ကို လျှို့ဝှက်ဆက်သွယ်လာတာ ကျနော့်ကို သူတို့ ဆရာထက် ပိုလေးစားလာတာ ဂုဏ်ယူမိပါတယ်ဗျာ။ ဘယ်လို ဂုဏ်ရှိမှန်း မပြောတတ်ပါဘူး။ အန္တာရယ်ကို ရင်းပြီး ဆက်သွယ်လာကြတာ တော်တော်လေးကို ကျနော့်အပေါ် လေးစားတယ်ဆိုတာ ပြတာပါဘဲ။ ခက်တာက အတိုက်အခံလုပ်နေတဲ့ အဖွဲ့တွေက ကျနော့်ကို သူတို့အဖွဲ့ထဲထည့်ဖို့ ကော်မတီမှာ အစည်းအဝေး လုပ်တယ်။ လူမစုံလို့ ကော်မတီ လူမပြည့်တာတောင် ကျနော့်ကို ထဲ့မပေးနိုင်ဘူးတဲ့။ အစည်းအဝေးတွေကို ပုံမှန်မတက်သူ မလာသူကို ကော်မတီထဲ ထဲ့တယ်ဗျာ။ အဲဒီလိုကရှိသေး ။ အဲဒီတော့ ကျနော်ကလဲ နောင် ဘာအစည်းအဝေးမှ မတက်တော့ဘူး။ မသွားတော့ဘူး။ သူတို့ထဲ့ထားတဲ့ ကော်မတီဝင်တချို့ က မြန်မာပြည်ကို  တနှစ်ကို တခါပြန်နေသူတွေ။ သူတို့က ကျနော့်ကို နအဖသူလျှိုလို့ သံသယ ရှိလို့တဲ့။ ပြန်တာမှ နေပြည်တော်အထိသွား ဗိုလ်မှုးကြီးတွေ ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံ စားသောက်ကြသူက ရှိသေး။ သူတို့ က ကျနော့်ကို သံသယ ရှိတယ်ဆိုတော့ ....ဗိုလ်မှုးကြီးသား ဗိုလ်မှုးနဲ့ သမီိးပေးစား ဗိုလ်မှုးကို သားမက်တော်တဲ့ သူကရှိသေး ..သူတို့က သံသယ ရှိတယ်ဆိုတော့လဲ ရှိတယ်ပေါ့လေ။ ထားပါတော့....။

ဒီတော့ အခု ကျနော်တွေ့တဲ့ ရေအားလျှပ်စစ်ဆိုတာက ဒီမြေးလေးနှစ်ယောက် သယ်ဆောင်လာတဲ့ စီးပွားလို့ဘဲ ကျနော်က ယုံကြည်နေတယ်။ ရှေးလူကြီးတွေ ပြောစကားပါ။ ကိုယ်အမိအဖ အဖိုးအဖွား ကိုယ့်မိသားစုထဲ ပြန်ဝင်စားရင် စီးပွားရေးဆိုတာ လှဲ့ကြည့်စရာမလိုအောင်ကို သူ့အလိုလို တက်လာတယ်တဲ့။ ဟုတ်တယ်လို့  မှန်တယ်လို့ ပြောရပါမယ်။

လူငယ်လေးတွေကို အထူးပြောလိုပါတယ်။ အမိအဖ၊ အဖိုးအဖွား၊ ဦးလေး ဆရာသမားတွေ ကျေးဇူးကို အမြဲအောင်းမေ့နေပါ။ ကံကောင်းတာတွေ မရလာရင်တောင် ကံဆိုးတွေကို ပယ်စေပါတယ်။ တခုတော့ရှိတယ်။ အမိအဖ ကို ATM စက်လို သဘောထားပြီး ငွေရဖို့ ဟန်ဆောင် ချစ်ပြတာမျိုးတော့ မလုပ်ကြပါနဲ့။ တချို့ ရှိတယ်။ အမိအဖ ချမ်းသားတုန်းကတော့ ချစ်လိုက်ကြတာ အလုအယက်။ မိဘလဲ ကျသွားရော ငါရတာက နည်းနည်းလေး သွားဟိုအများကြီး ပေးတဲ့သူဆီ သွားမလုပ်မိကြပါနဲ့လို့။ အဲဒီလိုဖြစ်ခဲ့ရင် ငါက မိဘကျေးဇူး ဆပ်ခွင့်ပိုရတယ်လို့ ၀မ်းသာလိုက်ကြစမ်းပါ။ နောင်ဘ၀ ယခုဘ၀အတွက် ကံတွေ ကိုလာပုံပေးထားတယ်လို့ မြင်တတ်ကြပါစေ။

နောက် အနောက်တိုင်းသားတွေ အဆိုပါ။ မြန်မာလိုတော့ မရှိသေးဘူးထင်တယ်။ ကျေးဇူးကန်းတာဟာ အပြစ်တကာ အပြစ်အားလုံးတို့တွင် အရုပ်ဆိုး အကျဉ်းတန်ဆုံးသော အပြစ်တဲ့။ Ingratitude is the ugliest of all sins..
ကျနော် အဲဒီလို အမိအဖနဲ့ ကျေးဇူးပြုခဲ့ဖူး သူတွေကို အမြဲသတိရနေတာဟာ ကောင်းသော ကံတွေကို တက်စေတယ်လို့ ရိုးရိုးသားသားဘဲ ယုံကြည်ပါတယ်။ အဲဒီကံကြောင့်လဲ ရန်သူ့ရဲ့ တကယ့် လက်ရွေးစဉ် လူယုံတွေဟာ ကျနော့်ကို လေးစားလာဖို့ သူတောင်ကောင်းတွေက မစတယ်လို့ ယုံကြည်ပါတယ်။ သူတို့က စတင်ပြီး ဆက်သွယ်လာတယ်။ ၀န်ခံလာကြတယ်။ အဲဒီဝန်ခံတဲ့ အထဲမှာ တစ်ဦးက ပြောပါတယ်။ ကျနော်တို့က ခင်ဗျားစိတ်ဓါတ်ကို လေးစားကြတယ်။ ခင်ဗျားကို ကျနော် ထိပ်ပိုင်းက လူတွေကအစ ဒီလူဟာ လူကောင်းဆိုပြီး ပြောတတ်ကြတယ်လို့ ပြောပြပါတယ်။ သူတို့အထဲမှာ ကျနော့်ကို လေးစားသူတွေ မနည်းဘူးဆိုတာ ပြတာပါဘဲ။ သူတို့ ပြောတာ ပြန်ပြောပြတာပါ။

မိဘလုပ်ကျွေးတာတွေ နိုင်ငံအတွက်လည်း တကယ်ကို နှစ်နှစ်ကာကာ မိမိအိတ်စိုက် လုပ်နေသူဆိုတာ သိလို့ ဒီလူကိုငါတို့ မဖမ်းချင်ဘူး ဆိုပြီး အချိန်ဆွဲနေ ပြီးသူတို့က ကျနော့်ကို ဆွဲမယ်ဆိုတဲ့ သတင်းကို ကျနော်တို့လူဆီကို ထဲ့လိုက်တယ်လို့ ပြောပါတယ်။ ဟုတ်ပါတယ်။ မလေးရှားထောက်လှမ်းရေးက ခေါ်သတိပေးတာက ၂၀၀၆- ဇွန်လ- ၂၆-ရက်နေ့မှပါ။ ကျနော့်ကို NLD/LA (Malaysia) ကိုတင်အေး (အိုကာရှာ)က ဇွန်လ- ၂၁-ရက်နေ့ ဆရာ့ကိုပြန်ပေးဆွဲဖို့ အဖွဲ့တခု ရောက်နေတယ်ပေါ့။ သူကြားတာ သေချာတယ် ဆရာပုန်းတော့ ပြောလာတာပါ။ သူကျေးဇူး ကျနော့်အပေါ်မှာ အများကြီး စွန်းနေပါတယ်။ မလေးရှား ထောက်လှမ်းရေးထက် ငါးရက် ကြိုပြောနိုင်ခဲ့ပါတယ်။ မလေးရှား ထောက်လှမ်းရေးက မလေးရှား NLD/LA (Malaysia) အဖွဲ့ကိုခေါ်တော့ ဘာရယ်မပြောပါဘူး။ ထောက်လှမ်းရေး ရုံးကိုလာခဲ့ဖို့ ဘဲပြောပါတယ်။ ကိုတင်အေးကသိလိုက်ပြီ ဒါကျနော့်ကိစ္စဆိုတာ။

မိဘကျေးဇူးက အန္တာရယ်ကြီးကနေကို ကာကွယ်နိုင်တာပါ။ ဒါတွေက မမြင်ရ လက်ဆုပ် လက်ကိုင်တော့ ပြလို့မရနိုင်ပေမဲ့ ဆင်ခြင်စဉ်းစားနိုင်ရင် ထင်ရှားပါတယ်။ သူတို့ အဲဒီလိုကြံတာ ကျနော့်ကို ယူအင်ကဒ် နေ့ချင်းထုတ်ပေးဖို့ ဖြစ်လာပြီး နှစ်ရက်နေတော့ သြဇီသံရုံး (မဟာမင်းကြီးရုံး)ကို ယူအင်ရုံးက ဂျပန်အရာရှိမ.. ယူကီကိုအာကာ ကိုယ်တိုင် လိုက်အပ်ပေးပြီး (ဘာအကြောင်းနဲ့မှ ကျမတို့ ယူအင်ရုံး လာစရာ မလိုတော့ဘူး။ တခုခုဖြစ်ရင် ကျမတို့နဲ့ မဆိုင်တော့ဘူး ပြောအပ်ခဲ့ပါတယ်)။ မဲလ်ဘုန်းက ချင်းလူမျိုး ဘာသာပြန် တစ်ယောက် ပါသေးတယ်။ ဗီဇာလဲ တခါထဲ ထုတ်ပေးပါတယ်။ ဦးသန်းရွှေရဲ့ စောင်မမှု ကျေးဇူးတွေလေ။ မိဘတွေ စောင့်ရှောက်ပေးတာပါ။

ဒိကျေးဇူးတွေကို ကျနော် အမြဲအောင်းမေ့နေပါတယ်။ သိနေပါတယ်။ ဒီလိုဖြစ်လာအောင် မိဘတွေ စောင့်ရှောက် နေတာပါဆိုတာကို သိလာလေ မိဘနှစ်ပါး (အဖေနဲ့ ယောက်မခ) ကျေးဇူးတွေကို ပြန်ဆပ်ချင်လာလေ ဖြစ်နေမိပါတယ်။ အဲဒီလို ကျေးဇူးတွေ တင်နေမိလေ ပိုဆပ်ခွင့်ရချင်လေ ဖြစ်နေမိချိန် ထူးထူးခြားခြား ထင်ထင်ရှားရှား အိမ်မက် တစ်ခုမက်တော့တာပါဘဲ ။

အဲဒီလို မမက်ခင်ပေါ့ ရွှေဝါရောင်တော်လှန်းရေး ပေါ်လာတော့ ကျနော် ပထမဦးဆုံး အင်တာနက် စာမျက်နှာပေါ်မှာ ၈၈ကျောင်းသားခေါင်းဆောင် မမီးမီး ကျောပိုးအိတ်ကလေးနဲ့ လက်သီးလက်မောင်းတန်း ဟောနေတဲ့ပုံလေး မြင်ရတော့ ကျနော့်မှာ အလုပ်က ပုံမှန်မရသေးဘူး လက်ထဲငွေလေး ၆၀၀-ရှိတာနဲ့ ဒေါက်တာအေးကျော် (ယခု-NLD / LA-) ဒုဥက္ကဌ ကို ငွေ.၄၀၀- ခေတ္တစိုက်ခိုင်းပြီး (ဒီအမည်မသိသေးတဲ့ အာဇာနည်မလေး) ကိုဂုဏ်ပြုဖို့ အပ်လိုက်ပါတယ်။ မမီးမီးဆီ ရောက်မယ်ထင်ပါတယ်။ တခါ သံဃာတော်တွေ ဒေါ်စုခြံရှေ့ ဖြတ်နေချိန်လောက်ပေါ့ PERTH မြို့ မိတ်ဆွေတွေကနေ.. ဒေါ်လာ--၁၂၀၀- ကို ရန်ကုန်က မိတ်ဆွေ နိုင်ငံရေး ရဲမေကြီးဆီ လွှဲလိုက်ပါတယ်။ ပတ်မြို့ က လူတွေက ထပ်ဖြည့်ထဲ့ကြတော့ စုစုပေါင်း-၁၈၀၀- ဖြစ်သွားပါတယ ။

အဲဒီလိုငွေပို့တော့ ဇနီးကို မင်းကွာ.. မင်းလဲဗုဒ္ဓဘာသာပါ သံဃာတော်တွေ ငါ့တို့အပေါ်လဲ ကျေးဇူးကြီးလှပါတယ်။ ထဲ့ပါအတင်းပူဆာတော့ သူက ၂၀၀- ထဲ့ပါတယ်။ ဒီတစ်ခါလေးဘဲ ထဲ့ဘူးတာပါ။ အဲဒီငွေထဲ့ပြီး လေးရက်နေတော့ သူက ပါမဲနင့်အလုပ် (Permanent job)ကို စနေနေ့ တနင်္ဂနွေ နေ့နှစ်ရက်လုံးပါ ရလိုက်ပါတယ်။ အလုပ်ခန့် စာက အလှုထဲ့အပြီး နောက်တနေ့နဲ့ ထွက်လာတာ။ အဲဒီလို စေတနာသန့်ရင်အကျိုးပေးတာပါ။ စနေနေ့ အလုပ်က ပုံမှန်လစာ (သူ့လစာက ပုံမှန်က တစ်နာရီကို ၂၀-ဒေါ်လာ ရတာ.. စနေနေ့ ဆိုရင် ၅၀-% အပိုဆောင်းပေးတော့ တစ်နာရီကို ၃၀- ဒေါ်လာရပါတယ်။ တနင်္ဂနွေနေ့ဆိုရင် -၇၅-% အပိုဆောင်းပေးတော့ - တစ်နာရီကို ၃၅-ဒေါ်လာရတာပါ) သူတို့ဌာန မှာ သူလို စနေနဲ့ တနင်္ဂနွေ နှစ်ရက်လုံး အလုပ်ရသူ မရှိပါဘူး။ သူကို Lucky Su Su ဆိုပြီးနာမည်ကိုကြီးလို့။

ထားပါတော့ တစ်ခါ နာဂစ်ဖြစ်တော့ ကျနော် အများကြီးပို့ပါပြီ။ တစ်ခါပို့ ရင် ၁၀၀၀- လေးကြိမ် အထက်ပို့ နိုင်ခဲ့ပါတယ်။ တခြားလဲ ၂၀၀၀-လောက် ပို့ဖြစ်ပါသေးတယ်။ ဘိုကလေးက မိတ်ဆွေ အဆက်အသွယ် ပြတ်နေပေမဲ့ ရှာပြီး ၁၀၀၀- ပို့လိုက်ပါတယ်။ ဘိုကလေးမှာတော့ အားလုံး အားကျနေကြတာပေါ့။ အဆက်အသွယ် မရှိတော့ပေမဲ့ ရှာကြံပို့ပေးတယ်လို့။ မိတ်ဆွေကတော့ ဆုံးသွားပါပြီ။ နိုင်ငံရေးသမားကြီး မ.ဆ.လ ခေတ်က နှစ်ခါ အဖမ်းခံထားရဖူးသူ။ ကျေးဇူးလဲရှိလို့ သူ့ သားသမီးတွေဆီကို ပို့ပေးတာပါ။ ဘိုကလေးမှာ သွားပုန်းတာ သူ့ လယ်တဲမှာပါ။

အဲဒီလို ကျေးဇူးရှင်တွေကို ရှာဆပ် နေချိန် ၂၀၀၈- ဇူလိုင်လ- ၂၁-ရက် တနင်္လာနေ့ နံနက် ၆.၀၀နာရီ လောက်မှာ ထင်ထင်ရှားရှား အိပ်မက် မက်တော့တာပါ။ Courrier Sevivce ကုမ္မဏီတခုက ကားလေးတစ်စီး (ပေါင်မုန့်ကားလေး) အိမ်ဘေးလာရပ်ပြီး ကားဘေးတံခါးကို လက်နှစ်ဘက် ထောက်နေတဲ့ မိန်းခလေးက Billy Billy.. Parcel parcel လို့အော်ခေါ်တယ်။ ကျနော်ပြူတင်း ပေါက်ကနေ ငုံ့ကြည့်တော့ come down.. special parcel for you တဲ့။ ကျနော်ဆင်းသွား တံခါးဖွင့်လိုက်တော့ ဖေဖေက ကျောက်ပြားခုံလေး တစ်ခုပေါ်ထိုင်ရင်း သိုးမွှေးခေါင်းစွပ်လေးကို ယပ်တောင်လေးလိုလုပ် ယပ်ခတ်ရင်း.. မင်းကောင်မလေးကကွာ ရေမွှေးတွေ မတရားသုံးထားတာ ငါ့နှာခေါင်းတွေ ပိတ်ပြီး နာနေတာဘဲ အသက်တောင် ရှုမရဖူး ပြောပြီး ကျနော်နိုးသွားပါတယ်။

ဘာပါလိမ့်ပေါ့။ သတိမရဘူး။ ညနေ အလုပ်က ဇနီးပြန်လာတော့ ပြောပြတာပေါ့။ အိပ်မက်က သိပ်ထင်ရှား လွန်းတယ်ပေါ့။ ခေါင်းထဲ ထင်းနေတာ။ နောက်တနေ့ မိတ်ဆွေတဦးကို ပြောပြတော့ သူက ဆရာ့အဖေ ပြန်ဝင်စားမယ်လို့ အိပ်မက်ပေးတာလို့ ပြောတော့မှ ဟာဟုတ်တာပေါ့ဆိုပြီး သတိရလိုက်တာ။ ဒါနဲ့ ဘာဘူ(Hip Hop အဆိုတော် ဆရာလှိုင်မြင့်သား)တို့ဆီလဲ ဖုန်းမဆက်ရဲဘူး။ ဖုန်းလေးနှစ်ခါ ခနလေး ပြောဘူးတာ ဖုံးချလို့ နာရီဝက်မကြာဘူး ရဲသတင်းတပ်ဖွဲ့က လာခေါ် မေးမြန်း ပတ်စ်ပို့ သိမ်းတာ လုပ်ထားဘူးတော့ မဆက်ရဲဘူး။ ဘာလုပ်ရမလဲမသိ။

အဲဒီရက်ပိုင်းက ခရိယာန်သာနာပိုင် ပုတ်ရဟန်းမင်းကြီး ဆစ်ဒနီကို ရောက်နေချိန်ဆိုတော့ မြန်မာပြည်က ခရိယာန်အဖွဲ့တွေကို ဆစ်ဒနီက နိုင်ငံရေးအဖွဲ့နဲ့ ဖါသာတွေ ဘီရှော့တွေ မသိအောင် ခိုးချိန်းတွေ့ ပေးတော့မှ ကျနော့်ချွေးမရဲ့ ညီမတစ်ဝမ်းကွဲကို တွေ့ပြီး ဟာ ..အားခွန် ငါ့ကို နင့်ညီမ အဂျီးဆီ ဖုံးဆက်ပေးပါဦးပေါ့  ဘယ်တော့လဲ မေးတော့ အခုအခု။ ငါသိပ်သိချင်နေပြီ မရဘူး။ အခုဆက်ပေးပေါ့။ သူက ခရိယာန်ဆိုတော့ လူဝင်စားဆိုတာ လက်မခံနိုင်လို့ ဆက်မပေးချင်ဘူး။ အတင်းတောင်းဆိုလို့ ချက်ချင်း ဆက်ပေးတယ်။ အိပ်မက်ကို ပြောမပြဘူး။ လှည့်ပတ်မေးခိုင်းတာ။ ဖုံးချအပြီး သူပြန်ပြောပြတာက ဘာဘူတို့က လုပ်ငန်းတွေ အများကြီးချဲ့နေလို့ ကလေးကို ၂၀၁၁-အထိ မယူသေးဘူးတဲ့။

ကျနော် တော်တော်လေး စိတ်ပျက်သွားတာပေါ့။ ငါ့အိပ်မက်က လွဲပြန်ပြီပေါ့။ နှစ်ပတ်နေတော့ မယ်မင်းကြီးမ စမူးအန်တော့တာပါဘဲ။ သူ့အမ( သန္တာလှိုင်)ဆီ ဖုန်းဆက်လာတော့ ပျော်လိုက်တဲ့ဖြစ်ခြင်း။ မဘုတ် (သန္တာလှိုင်) ကလည်း အဲဒီကျမှ အိပ်မက်ကို ပြောပြတော့တယ်။ တလလဲရရော ချွေးမခမျာ နာခေါင်းတွေပိတ် သွေးတွေကျ နာလို့ငိုနေရပါလေရော။ အော်ဇီကိုလာဖို့ ခေါ်တာ အလုပ်လောဘ တက်နေတာ မလာဘူးပေါ့။ နောက်နှာခေါင်းပိတ်တာ မခံနိုင်တော့လို့ အော်ဇီကို လာဖို့ပြောတာ လက်ခံတယ်။ အော်ဇီမှာက လေသန့်တယ်လေ။ တခါဗီဇာ လျှောက်တာ အထောက်အထား မပြည့်စုံတာကိုပင် သံရုံးက ခရစ်စမတ်ပိတ်တော့မှာမို့  ထုတ်ပေးလိုက်ပါတယ်။ ကျနော့်ဘ၀မှာ အပျော်ဆုံး ခရစ်စမတ် လက်ဆောင်ရလိုက်သလို မင်္ဂလာသတင်းပါဘဲ။

ဒီရောက်ပြန်တော့ ကျနော်နေတဲ့ တိုက်ခန်းမှာက ဘေးအခန်းတွေက အညှော်နံ့တွေနဲ့ ဆိုတော့ တခါလေးဘဲ အလည်လာတယ်။ မဘုတ်အိမ်က ကျယ်လည်းကျယ် ခြံကြီးက အကျယ်ကြီး သူဌေးရပ်ကွက်ဆိုတာ အဲဒီမှာဘဲနေတယ်။ ဖြစ်ချင်တော့ တရက်အလုပ် ကိစ္စတခု စကားပြောစရာရှိလို့ အိမ်မှာ ဆုံကြတယ်။ မဘုတ်ကလဲ ကိစ္စတခုပေါ်တာနဲ့ တနေရာသွားရတော့ ပြန်မကြိုနိုင်ဖူး။ ကဲ ဒီတညတော့ ပါပါကြီးတို့ အခန်းမှာ သည်းခံပြီးအိပ်ပေါ့။ တခါလေးအိပ်ပါတယ် မနက် ၄.၀၀နာရီထိုး ကျနော့်ကုတင်ပေါ် ရေမွှာပေါက် ကျတော့တာပါဘဲ။

ကလေးမွေးပြီး နောက်တနေ့ ချွေးမနှာခေါင်းပိတ်တာလဲ သူ့အလိုလိုပွင့်ပြီး အကင်းပျောက် သွားပါတော့တယ်။ ကလေးက မွေးလာပြီး ညတိုင်း ကောင်းကောင်းမအိပ်။ တော်တော်လေး ဒုက္ခရောက်ကြရပါတယ်။ လေနာထင်လို့ ဆရာဝန်နဲ့က ၃-ခါ။ ကလေးပြုစု စောင့်ရှောက်ရေးနဲ့က -၃-ခါပြယူပါတယ်။ ဟိုတွေကလဲ လေနာမဟုတ်ပေါ့။ တရက်ကျမှ ချွေးမက သတိထားမိတာ။ ပါပါကြီးသိပ်ပေးရင် ၃-နာရီ ၄-နာရီလောက် အိပ်တယ်ပေါ့။ ဟုတ်တယ်ဗျာ။ ကျနော်လဲအလုပ်က ခွင့်ရသလောက်ယူ ညတိုင်း ကလေးသိပ် ပေးရတော့တာ။ ကျနော်က ဖေဖေက ကျနော်ကို ငယ်ငယ်က လေချွန်သိပ်ခဲ့သလို သူ လေချွန်တတ်တဲ့သီချင်းလေးတွေနဲ့ လေချွန်သိပ်ပေးတာပါ။

နောက်ရှစ်လသမီးက စပြီး သူက တခါတခါ လေချွန်တာမှ လူကြီးလေချွန်သလို ချွန်တတ်လာတယ်။ လေးနှစ် ကလေးတွေတောင် လေမချွန်တတ်ကြဘူး။ ကျနော်အဖေရဲ့ ထူးခြားချက်က အမြဲတမ်း လေလေးတချွန်ချွန်နဲ့ နေတတ်တာပါ။ လူတိုင်းသိတယ်။ သူလေအမြဲချွန်တတ်တာ။

နောက်ခါ ၂၀၀၉- ဒီဇင်ဘာ-၃-ရက်နေ့ ည မှာ ည-၂.၀၀ လောက်မှာ အိပ်မက်တခု ထပ်မက်ပြန်တယ်။ အိပ်မက်ထဲမှာ လူတစ်ဦးက ကျနော်ကို လာပြောတယ်။ ဆရာ ဟိုမှာ အဘ (ယောက်ခမ)က အဝေးကျွန်းလေး တခုပေါ်မှာ မြင်နေရတယ်။ (ဆရာ အဘက ဆရာကိုတွေ့ချင်လို့ လာခဲ့ပါဦးတဲ့။ ကျနော်ကဟာ ငါကဗမာပြည်ကိုပြန်လို့ မရတာ မင်းအဘလဲ သိတာဘဲ။ ငါကလဲတွေ့ချင်နေတာ မင်းအဘကို ဒီကိုလာခိုင်းပါကွာ ပြောတော့ သူက ဘယ်လို လာရမှာလဲ လာလို့မှမရတ)။ ကျနော်က (မပူနဲ့  မပူနဲ့ အဘကိုပြောလိုက် ငါလူတစ်ယောက် လွှတ်ပြီး အခေါ်ခိုင်းလိုက်မယ်ပေါ့။ ဒါပေမဲ့ လာရင် မိန်းခလေး ပုံစံနဲ့ မလာခဲနဲ့လို့ ပြောလိုက်တယ်။ သူက ဆရာပြောတာ အဘကမရှင်းဘူးတဲ့။ အဘကိုပြောလိုက်ကွာ လာရင်မိန်းခလေး အနေနဲ့ မလာခဲ့နဲ့။

နောက်သုံးရက်နေတော့ မဘုတ် (သန္တာလှိုင်)က မြန်မာပြည်ပြန်တော့ သူနဲ့စာတိုတိုလေး ရေးပြီး ယောက်ဖ နဲ့ခယ်မဆီကို နင်တို့အဖေ ငါတို့ မိသားစုထဲ ပြန်ဝင်စားတော့မယ်။ သားအငယ်ကောင်က မိန်းမယူစဆိုတော့ သူကအမေရိကန်မှာ သူ့ဆီသွားပြီပေါ့။ စာတိုလေးရေးလိုက်တယ်။ မဘုတ်သွားပြီး တလခွဲလောက်နေတော့ သူ့အမျိုးသားက မြန်ပြည်ကို အလည်လိုက်သွားပါတယ်။ နှစ်ပတ်ခရီးပေါ့။ မြန်မာပြည်မှာ ကိုယ်ဝန်ရလာတာပါဘဲ။ မဘုတ်က အလုပ်တွေ မနိုင်သေးချိန် ကိုယ်ဝန်ရတော့ စိတ်တိုနေတာပေါ့။ ဒါနဲ့ ကျနော်က မဘုတ်ကို ဖုန်းဆက်ပြီး... သမီး ပါပါကြီးအိမ်မက်မှာကို လူတစ်ယောက့် နဲ့အခေါ်လွှတ်လိုက်မယ် ရေးပြီး သမီးနဲ့စာပါးလိုက်တာ။ သမီးနဲ့စာပါးလိုက်တာက အခေါ်လွှတ်ရာ ဖြစ်သွားတာ။ မိဘ အဖိုးအဖွား ၀င်စားရင် စီးပွားရေးက လှည့်ကြည့်စရာ မလိုအောင် သူ့အလိုလို တက်လာတာ။ နင့်စီးပွားတွေ ခေါက်ထားလိုက်ပေါ့။ နောက်နင့်အဖိုးက အရင်ဘ၀ကလဲ သူ့အထုပ်နဲ့ သူလာတာ။ သူမွေးပြီး မိဘတွေ မတရားစီးပွား တက်လာတာပေါ့။

ကျနော်ဟာ ဒီရေစီးကနေ လျှပ်စစ်ထုတ်နိုင်တယ်ဆိုတာကို ၁၉၉၁-နစ်ကထဲက သိနေပြီ။ ဘယ်လို ထုတ်ရမယ်ဆိုတာကို ပုံစံထုတ်ယူလို့မရဘူး။ အင်ဂျင်နီယာတွေနဲ့လဲ တိုင်ပင်တယ်။ သူတို့က သိပ်တောင် အလေးမထားဘူး။ ရနိုင်ဆိုတာလဲ လက်ခံတယ်။ စိတ်သိပ်အား မထက်သန်ကြဘူး။ ဒီလိုနဲ့ ထောင်ကျတယ်။ ထောင်ထဲမှာလဲ တွေးဆနေတာ။ မပေါ်လာဘူး။ ထောင်ကထွက်တော့ ဘယ်သူကမှ အလုပ်မပေးရဲ။ အားနေတော့ ပုံတွေဆွဲကြည့် .. မရ။ မပေါ်ဘူး။ ကျနော့်အဖိုးတို့ရဲ့ ခေတ်က IRRAWADDY FLOTILLA သင်္ဘောဟောင်းကြီးတွေထဲက ပိတောက်၊ ပွင့်ဖြူ စတဲ့ သင်္ဘောကြီးတွေက ရေဒလက်ကြီးတွေနဲ့ ပုံစံကိုနမူနာယူ ပုံဖေါ်ကြည့်တယ်။ ကောင်းကောင်း မရပါဘူး။ အားအားရှိ စိတ်ကူးနဲ့ပုံတွေ ဆွဲကြည့်မိတာ ခနခန။ မရပါဘူး ။

တခါ အခုမြေးလေး နှစ်ယောက် (အားလုံး မြေး-၃-ယောက် ရှိတယ်) ကျနော့်ဆီ အိမ်မက်ပေးပြီး ရောက်လာတယ်။ မြေးလေးတွေကို ကျေးဇူးရှင်လို့လဲ လုံးဝယုံကြည်ထားတယ်။ ကျေဇူးဆပ်ရမယ် ဆိုတာလဲ တာဝန်လို သိနေတယ်။ ခက်တာက လစာကနှစ်ပတ် တခါမှ ဘဏ်ကဒ်ထဲ ၀င်လာတာ။ ကြာသာပတေးနေ့ပေါ့။ အဲဒါ ကြာသပတေး မနက်ဆို အလုပ်သွားရင်း စာတိုက်ကနေ ကျနော့် တပ်ဖွဲ့တွေဆီ ငွေပို့ခဲ့ပြီ။ စာတိုက်ပိုင်ရှင်က မြန်မာလူမျိုး။ ကိုစိုးတင့်။ သူလက်ထဲအပ်ထားခဲ့။ ညနေအလုပ်ပြန်ချိန် လက်ခံကို ပြန်ယူပေါ့။ အလုပ်ကိုဖြစ်လို့။

ငါဒီလို ငွေအကုန်သုံးနေရတာ။ အော်ဒါကလဲ ငါဒီလိုရောက်လာအောင် ဒုက္ခရောက်ကြရ သေကြရတဲ့ ငါတို့လူမျိုးတွေအတွက် ငါကျေးဇူးပြန်ဆပ်ရမဲ့တာဝန်။ ကျေးဇူး ဆပ်နေရတာဘဲပေါ့။ အခုဒီမြေးလေးနှစ်ဦး (ကျေးဇူးရှင်တွေ)ကို ငါဘယ်လို ကျေးဇူးဆပ်ရပါ့။ အမြဲတွေးနေမိတယ်။ ငွေတွေအပို့ များတော့ မိသားစုတွေနဲ့ကို စကားများရတော့တာပါဘဲ။ ကျနော်ကလဲ ငါဗမာပြည်မှာသာ ဆက်နေရရင် ဒီလိုဝင်ငွေမျိုး အိပ်မက်တောင် မမက်နိုင်ပါဘူး။ ငါတို့နိုင်ငံက ပြည်သူတွေ သေကြရ ဒုက္ခတွေ ရောက်ကြရလို့ ငါအခုလို ခံစားခွင့်ပေါ်တာလာတာ။ ဒီလူတွေ လွတ်မြောက်ဖို့ ငါ့မှာ တာဝန် ကျေးဇူးဆပ်ရမယ် ခံယူထားတာ။ ဒီလိုခံယူထားလို့ပို့တယ်ဗျာ။ အဲဒီလိုအမြဲပို့နေတော့ အခု မြေးလေးနှစ်ယောက်အတွက် ငါဘယ်လို ဆပ်နိုင်ပါ့မလဲ အမြဲတွေးပူနေမိတယ်။

အဲဒီစေတနာ ကျေးဇူးဆပ်ချင် နေတဲ့စိတ် စေတနာကြောင့် အခု ရေအားလျှပ်စစ် ထုတ်နိုင်တာကြီး ပေါ်လာတာပါဘဲ။ ကျနော်က အားရင် လုပ်အားပေးပေါ့။ သူများအိမ်ခြံရှင်းတာ ကူပေးရင်း အမှိုက်သွားပစ်တာ အမှိုက်ပုံမှာ အရာတခု လာပစ်ချိန်နဲ့ ကြုံလိုက်ပါတယ်။ တွေ့လိုက်တာနဲ့ မျက်စေ့ထဲ စွဲနေမိတယ်။ နောက်တော်တော်လေးကြာမှ ဟာ ဒါငါ့အတွက်ဘဲ ရေအားလျှပ်စစ် ဘဲပေါ့။ ပျော်လိုက်တဲ့ဖြစ်ခြင်း။ အော် လွယ်လွယ်ရှင်းရှင်းလေးကို အနှစ် နှစ်ဆယ်ကျော် တွက်လိုက်ရတာ တွက်လိုက်ရတာ။ ဘယ်လောက်ဘဲ တွက်နေနေ မတွေ့နိုင်ပါဘူး။ ကံကပေးလာချင်တော့ လွယ်လွယ်လေးကိုး။ လွယ်တာမှ အခု ကျနော်သာ ပုံဆွဲ ပြလိုက်ရင် အားမလိုအားမရ ဖြစ်နေမှုတွေ ရှင်းသွားပါမယ်။

လူငယ်လေးတွေကို အထူးပြောလိုပါတယ်။ မိဘကျေးဇူး ဆိုတာ ယောင်လို့တောင် သံသယ မဖြစ်သင့်ကြပါနဲ့လို့။ ကျနော့်အကြောင်းနဲ့ဘဲ နမူနာပေးပါရစေ။ ခင်ဗျားအကြောင်းတွေ ကလည်း ပြောမကုန်နိုင်တော့ဘူး မလုပ်ကြပါနဲ့။ မေမေက အမြဲပြောတတ်ပါတယ်။ ငါ့မှာ သားသမီး ၇-ယောက်။ ပြောပြစရာ ပုံပြောရကြေးဆိုလို့ ပြောစရာပုံတို အခု ၅၀- လောက်ရှိရင် မောင်ဘီလီ အကြောင်းက ချည်း-၃၀-လောက်မက ရှိတယ်တဲ့။

ကျနော်ဟာ အသက်ကြီးလာတဲ့အထိ အလွန်အအိပ် မက်ပါတယ်။ အိပ်ပြီဆိုရင် ကြိုက်သလို နိုးတော့ မနိုးရေးချာ မနိုးဘဲ။ အခု -၄၇-လမ်းမှာ နေပြီး စာပေလုပ်ငန်း လုပ်တဲ့ ကိုချစ်ဆွေပေါ့။ သူကကျနော့် အခန်းဖေါ်။ တည ရုပ်ရှင်သွားကြည့်တယ်။ အခန်းသော့ မေ့သွားတော့ ပြန်လာတော့ တဒုံးဒုံး ထုနိုးတာ မနိုးဘူး။ ဆေးကျောင်းဆောင် တခုလုံး နိုးလာပြီး ၀ိုင်းထုကြပေါ။ ဘေးအခန်းကနေ အုတ်နီခဲနဲ့  ထုနိုးတာ သစ်သားပြားတွေ ပေါက်ကျိုးပေါ့။ ကျနော်က မနိုးဘူး။ ဒါနဲ့အခန်းကို လှေကားနဲ့ထောင်တက် ကျော်ဝင်။ ကျနော့်လက်ကို ဆေးလိပ်မီးတွေနဲ့ ထိုး.အပ်တွေနဲ့ထိုးပေါ့။ လူကို ထူဆွဲထောင်လှုပ်နှိုးမရ။ ဘယ်နိုးမှာလဲ။ အဲဒီကျမှ တဆောင်လုံးက လက်ခံတယ်။ ဒီလူတကယ်ကိုမနိုးတာ။ မနက်ကျတော့ လက်မှာ ဆေးလိပ်မီးနဲ့ ထိုးထားတာ မီိးလောင်ဖုတွေ။ မနက်ကျမှ ဘာတွေလဲပေါ့။

ဒါလားဆိုတော့ အိမ်ထောင်ကျခါစ ဇနီးက ရုပ်ရှင်သွားကြည့်တယ်။ ကျနော်က အိမ်ရှေ့ တံခါးသော့ယူသွား ငါကဘယ်လို နိုးနိုးမနိုးတတ်ဘူး ပြောတာမရ။ ယူမသွားဘူး။ ပြန်လာ အုတ်နီခဲတွေနဲ့  ထုနိုးတာ မနိုးတော့ အိမ်နီးချင်းအိမ်မှာ အိပ်ရတာ။ မနက်ကျတော့ ဒေါကန်ပေါ့။ ငါ့အကြောင်း ဆေးကျောင်း တစ်ဆောင်လုံး သိတယ် ပြောပြရတာပေါ့။ အဆောင်တခုလုံး မဟုတ်ဘူး ဆရာ/ဆရာမတွေ ကစအ တကျောင်းလုံး သိကြတာ ။

အဲဒီမှာ မိဘမေတ္တာ မိဘမေတ္တာ ပြောပြပါမယ်။ သမီိးလေးမွေးလာတော့ ကျနော်က အိပ်ရင်လဲ အိပ်မက်မက်ပြီး ကန်တတ်တယ်။ လက်သီိးလဲ ထိုးတတ်တယ်။ အခုထိ ကန်တုံး။ အဲဒီတော့ ဇနီးက ကလေးကို သူ့ဘက်မှာထားသိပ်ပေါ့။ အဲညကျ ကလေးတွေက နို့ဆာရင် ပထမ ပါးစပ်လေးကို ဟပြီး ပလွတ်ပလွတ် အသံလေးပေး စုတ်သလိုလုပ်တာ။ မငိုသေးဘူး။ အဲဒီပလွတ်ပလွတ် လုပ်တာနဲ့ ကျနော်က နိုးပြီ။ ဇနီးကိုနိုးရတာ။ ငိုတဲ့အဆင့်ကို မရောက်စေရဘူး။ အိမ်နီးချင်းတွေက အံ့သြလို့။ အဲဒီလိုနိုးတာ ကလေးအသက် ၂- နစ် လောက် ရတော့ တခါမနိုးကြေး ပြန်အိပ်တော့တာ။ ကြိုက်သလို နိုးတော့ဘဲ။ မနိုးပြန်ဘူး။

အဲဒါမယုံမရှိကြပါနဲ့။ မိဘမေတ္တာ ဆိုတာ သံသယ မဖြစ်ကြပါနဲ့လို့။ ကျနော်လို ဘယ်လိုမှ နှိုးမရတဲ့လူဗျာ။ ကလေးပါးစပ်လေး လှုပ်တာနဲ့တင် နှိုးပါတယ်ဆိုတော့ မိဘမေတ္တာအပေါ် သံသယမဖြစ်ကြပါနဲ့လို့။ မိဘကျေးဇူးကို မဆပ်နိုင်ရင်တောင် မိဘကို အသက်ရှင်နေလဲ အမြဲသတိရ နေကြစေချင်ပါတယ်။ ဥပမာတချို့ ဆိုရင် မိဘနဲ့  တနေရာဆီ အဝေးရောက်နေတယ်။ သူငယ်ချင်းတွေဆီကို ဖုံးဆက်တာ ဥပမာ တလကို ဒေါ်လာ ရာနဲ့ချီ အကုန်ခံဆက်တယ်။ မိဘဆီကို တစ်ဒေါ်လာဖိုးတောင် ဆက်ဖေါ်မရကြဘူး။ တစ်ဒေါ်လာမပြောပါနဲ့ ဆယ်ဆင့်ဖိုးတောင် မဆက်သူကရှိသေး။ ပြောရင်ယုံကြမှာ မဟုတ်ဘူး။ ရှိသမှ သိပ်ရှိ။

အခု ကျနော် ဒီရေအားလျှပ်စစ် ထုတ်တဲ့နည်းနဲ့ ပြန်လာမယ်။ အစိုးရက ကျနော့်ကို လက်ခံမယ်ထင်ပါတယ်။ အလည်လာတာ မဟုတ်ဘူး။ တိုင်းပြည်ထူထောင်ရေးမှာ အရေးတကာ့ အရေးကြီးဆုံး စွမ်းအင်။ ဘယ်တိုင်းတပါးကိုမှလဲ အရင်းအနှီိး မတတ်နိုင်လို့ အောက်ကြို့ဖက်ပေါင်း တောင်းနေစရာ မလိုတဲ့ စွမ်းအင်။ သဘာဝပတ်ဝန်းကျင်လဲ မပျက်စီးဘူး။ ရမဲ့ပမာဏကလဲ အများကြီး။ လာပြီပေါ့ဗျာ။ ကုမ္မဏီထောင်ပြီဆိုရင် ကျနော်ကတော့ အစွဲကြီးတယ်။ ကျနော်တွေ့လာတာ တကယ်တော့ တွေ့တာမဟုတ်လို့ ယူဆထားသူ။ ကျေးဇူးရှင်လေးနှစ်ဦးးက ပြပေးလို့တွေ့လာတာ။ မိဘ နှစ်ပါးက ပေးလာတာ။

ဒီတော့ကျနော့်ကုမ္ပဏီ နာမည်က ရနိုင်ရင်ပေါ့ ..ကျေးဇူးကို အခြေခံထားတဲ့ နာမည်နဲ့။ ဒါတင်လား...မဟုတ်သေး အလုပ်သမားတွေ ခန့်ရင် အမိအဖကို ပြုစုမဲ့သူ ပြုစုသူတွေကို ဦးစားပေးခန့်မှာ။ မိဘ စော်ကားသူဆို အလုပ်တောင် အပြစ်မရှိလဲ ပထုတ်ပြစ်မယ်ဗျာ။ ကမ္ဘာကြီးကို ယှဉ်ပြိုင်နေရတဲ့ခေတ်မှာ ကုမ္ပဏီရဲ့ကံ ပိုပိုပြီးတက်နေဖို့လိုတယ်။ အဲဒီလောက်ကို အခုကထဲက စိတ်ဆုံးဖြတ် ထားတာပါ။  လစာလဲ ပြောထားပြီးပြီ။ အနိမ့်ဆုံး..၂၀၀- ၂၅၀- ဘဲ။ လစာကိုတော်လှန်ရေး လုပ်မယ်ဗျာ။

မိဘအပေါ် အထက်မှာ လျှစ်လျှူရှုတတ်သူတွေကို ပြောလိုပါတယ်။ အဲဒီလိုမိဘအပေါ် လျှစ်လျှူရှုတော့ သူတို့ လုပ်တဲ့အလုပ်က (၁၀-ဖိုး) လုပ်ပြီး (၁၀- ဖိုး) ပြန်မရဘူး။ ကြိုးစားမှု ၀ါယမကြောင့် အကျိုးအမြတ်ရပေမဲ့ တကယ်ရသင့်တဲ့ အကျိုးအမြတ် မရနိုင်တော့ဘူး။ မြစင်္ကြာ ဆရာတော်ဘုရားကြီး ဟောကြားတော်မူသလိုပါဘဲ အမိအဘကို စော်ကားတဲ့သူ လျှစ်လျှူရှုတဲ့သူနဲ့ ဆို စီးပွားရေးမလုပ်လေနဲ့။ သူကတော်လို့  မြတ်ရင် ၁၀၀-ထားပါတော့။ အမိအဖ ကိုစော်ကားထားတဲ့ ကံကြောင့် စီးပွားပျက်လိုက်ရင် ၁၀၀၀-လောက်ဖြစ်သွားနိုင်တယ်။

နောက်တခုပေါ့။ ကျနော်က အသက် ၃၁-နစ်ကထဲက မိဘမဲ့လေး (ဖခင်ဆုံးပါးသူတွေ) တွေကို တက္ကသိုလ် ကျောင်းထားပေးခဲ့ပါတယ်။ အားလုံး လေးယောက်ပေါ့ ။ တစ်ဦးက ဆရာဝန်ဖြစ်သွားပါတယ်။ တစ်ဦးက အင်ဂျင်နီယာ ဖြစ်သွားပါတယ်။ ကျနော့်ကိုဘာမှ ပြန်မကန်တော့နဲ့။ မင်းတို့ အမေကိုသာ ဥိးထိပ်ထားပြုစုပေါ့။ ငါ့ဆီကို ၃-၅-နှစ်တခါ စာလေးရေး ဓါတ်ပုံလေးတွေ ပို့ပေးပါပေါ့။ ၀မ်းနည်းဖို့ ကောင်းတာက နှစ်ဦးစလုံး တခါမှ စာလဲမရေး ကြဖူး။ ဆရာဝန်ဖြစ်သူကဆိုရင် ကျနော့်အမ မကွေးမှာ တာဝန်ကျလို့ ကျနော်သွားလည်တော့ အမဆီမှာသူက လက်ထောက်ဆရာဝန်.. အမက မင်းအကို ငါတို့အိမ်မှာ မင်းမိသားစုလေးနဲ့ လာတွေ့ပါဥိး မင်းကလေးတွေကို တွေ့ချင်ရှာနေတယ် .ပြောတာ လာလဲမတွေ့  ဖုန်းတောင်မဆက်ပါဘူး ။

ဒီလိုဘဲ အင်ဂျင်နီယာက အင်ဂျင်နီယာဖြစ်ပြီး သင်္ဘောတက်ဖို့ ငွေလိုတော့ -ဒေါ်လာ-၁၂၀၀ လောက် လာချေးပါတယ်။ ဒီငွေတော့မင်းလခ ရရင်ပြန်ဆပ်ပါဆိုပြီး ချေးပေးလိုက်တယ်။ သင်္ဘောတက်ပြီး ကတည်းက တခါမှ မလာတော့ပါဘူး။ ၂၀၀၈- တုန်းကလည်း မွေးစားသား တစ်ဥိးက စင်ကာပူ အလုပ်သွားလုပ်ဖို့ ငွေလိုလို့ ဒေါ်လာ-၁၈၀၀-ချေးလို့ ပို့ပေးပါတယ်။ ပြန်လဲမဆပ် အီးမေးလ်တောင် အဆက်အသွယ် မလုပ်တော့ပါဘူး။

အဲဒီလို ကျနော်တို့က ဘာမှ သွေးမတော် သားမတော် မွေးစားတယ်။ အရေးရှိကူညီတယ် ။ ဒီလို ကျနော်ကိုဆီကို စာလေးတစ်စောင်တောင် မရေးတာ ဒီလို လုပ်တာကျတော့ ကျေးဇူးကန်းတယ် မပြောချင်ပါဘူး။ ထားပါ..နောင် တခြားသူကိုကူညီဖို့ ကြုံလာတော့ ကျနော့်မှာ စဉ်းစားရပြီ။ မိသားစုတွေကလဲ ပါပါကြီး အချိန်တန် ဒီလူတွေက ကျေးဇူးသိဖို့ နေနေသာသာ ကိုယ်ကိုတောင် ပြန်လိမ်သွားဦးမယ်။ ပြောစရာသာဓက ကရှိနေပြီလေ  အခုလိုရေးရတာကို မရေးချင်ဘူး။ လိုအပ်လို့ ရေးရတာပါ။ ကျနော့်ဆောင်းပါးကို မုံရွာကလူတွေ ဖတ်ပြီးရင် ဒီကောင်တွေ ဒီလိုပါလား ထင်ပြီး အကြည်အညို ပျက်သွားစေနိုင်မှာ ပူတယ်။ မုံရွာကလူတွေက ဘယ်သူတွေဆိုတာ သိကြပါတယ်။ ဒီလိုမဖြစ်သင့် မဖြစ်စေချင်လို့ ရေးရတာပါ။

အချုပ်အနေနဲ့တော့ လူငယ်လေးတွေကိုပေါ့။ ခင်ပွန်းကြီးဆယ်ပါးကို နားလည်အောင် ဖတ်ကြပါ။ ကျေးဇူးရှင်ကိုအမြဲ ကျေးဇူးဆပ်ဖို့  တရားတော်တိုင်းမှာ ဆိုထားပါတယ် .။ Ingratitude is the ugliest of all sins ဆိုတာကိုလဲ ခေါင်းထဲမြဲမြဲစွဲ ထားစေချင်ပါတယ်။

ကျနော်ကတော့ အလှုအတန်းလုပ်တိုင်း လုပ်တိုင်း ကျေးဇူးရှင်တွေကို ရည်စူးပြီးလုပ်ပါတယ်။ ပြီးဒီလိုလှုတဲ့အတွက် ဖြစ်လေရာဘ၀မှာ တိရိစ္ဆာန်ဖြစ်ရင်တောင် အမိအဖ ကောင်းသောသူနဲ့ ကြုံရပါစေ၏လို့ ဆုမှ တစ်ဆု ထည်းဘဲ ပန်ပါတယ်။ ချမ်းသာရပါစေလို့လဲ မပန်ဘူး။ ဘာဖြစ်ရပါစေ၏ လို့လဲ တစ်ခုမှ မပန်ဘူး။ မိခင်စိတ်ပြည့်ဝသော အမိနဲ့သာ ကြုံရပါစေ၏လို့ ဆုမှတစ်ဆုထဲ သာပန်ပါကြောင်း တင်ပြရင်း...

အမိအဖ တို့ရဲ့ကျေးဇူး ဆရာသမား အလုပ်ရှင် စသည်မိမိအပေါ်တွင် ကျေးဇူးရှိဖူးသူ အားလုံးကို အစဉ်အမြဲ သတိရကြပါလို့ အကြံပြုရင်း အမိအဖ၊ အဖိုးအဖွား တွေ ပြန်ဝင်စားရင် စီးပွားဆိုတာ မေ့ထားလို့ ရပါတယ်ဆိုတာလဲ လက်ခံကြပါလို့ ပြောကြားရင်း ကျနော်ပြန်လာရချိန် နီးပါပြီ။ ကျနော်ပြန်လာရင် လက်ဗလာ သက်သက်ချည်း မလာပါဘူး။ အကြံဥာဏ်တွေ နည်းပညာတွေ ပါလာပါမယ်။ လူငယ်လေးတွေ နဲ့ရွှေလက်တွဲပြီး ကျနော်တို့ ရွှေပြည်တော်ကြီးကို ပြန်လည်တည်ဆောက် ကြရအောင် လက်တွဲကြပါလို့ ဖိတ်ခေါ်ထားပါတယ်....။

အားလုံးကိုလေးစား လျှက်

လှိုင်မြင့်