ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေည၀ါဆရာတော်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများထံသို့ အိတ်ဖွင့် လျှောက်ထားလွှာ(၂) ဆောင်းပါးရှင် ဘိက္ခုဇိနပုတ္တ(ရန်ကုန်)

ရွှေည၀ါဆရာတော်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများထံသို့ အိတ်ဖွင့် လျှောက်ထားလွှာ(၂)
 ဆောင်းပါးရှင် ဘိက္ခုဇိနပုတ္တ(ရန်ကုန်)

ဆရာတော်ကြီးများဘုရား-

မဇ္ဈိမသတင်းဌာနက
“ရွှေည၀ါဆရာတော်မှာ ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှ စ၍ ၂၀၁၂ ဖေဖော်ဝါရီ ၁၁ နေ့အထိ တရား မဟောရန်အတွက် ရန်ကုန်တိုင်း သံဃမဟာနာ ယကအဖွဲ့က ပိတ်ပင်ထားသည်” http://www.mizzimaburmese.com/news/inside-burma/8763-2011-12-15-09-06-14.html ဟု ဆိုရာ ထိုသတင်း မှန်ကန်ပါက ရန်ကုန်တိုင်း သံဃနာယကအဖွဲ့သည် မိမိလုပ်ပိုင်ခွင့် မရှိသော၊ သံ/စည်း၊ လုပ်ထုံးလုပ်နည်း စသည်တို့က လုပ်ပိုင်ခွင့် ပေးမထားသော အလုပ်ကို လုပ်ဆောင်ရာ ရောက်နေပါသည်ဘုရား။

သံဃနာယကလက်စွဲ၊ အခန်း(၁၀) အပိုဒ်-၁၉၈၌ “ဓမ္မကထိကနှင့် အလှူခံပုဂ္ဂိုလ် များအား သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့က ခွင့်ပြုခြင်း/တားမြစ်ခြင်း ပြုနိုင်သည်” ဟု ဆိုထားသဖြင့် တရားဟောရန် တားမြစ်ခြင်းကို တိုင်းသံဃနာယက အဖွဲ့က မလုပ်ဆောင်နိုင်၊ မြို့နယ်သံဃနာယက အဖွဲ့ကသာ လုပ်ဆောင်နိုင်ပါသည်ဘုရား။ ယင်းသို့ မြို့နယ်သံဃနာယကအဖွဲ့က လုပ်ဆောင်ရာတွင်လည်း- တပည့်တော် အထက်တွင် လျှောက်ထားခဲ့သလို နိုင်ငံတော်က ထုတ်ပြန်ထားသော အဓမ္မ၀ါဒများကို ဖြန်ဖြူးနေခြင်း ဟုတ်/မဟုတ် စိစစ်ရန်နှင့် အဓမ္မ၀ါဒများကို ဖြန့်ဖြူးနေခြင်း ဖြစ်ပါက တားမြစ်ရန် ဖြစ်ပါသည်ဘုရား။

ယခုအခါ ရွှေည၀ါဆရာတော်အား သံဃနာယကအဖွဲ့များက တရားဟောခွင့် တစ်နှစ်ပိတ်သည်ဟု ဆိုရာ၌ ယင်းသို့ ပိတ်ရန် သံ/စည်းလုပ်ထုံး လုပ်နည်း စသည်တို့က ခွင့်ပြုထားချက် အလျဉ်းပင် မရှိပါဘုရား။ ဆိုလိုသည်မှာ-အဓမ္မ၀ါဒဖြစ်လျှင် လုံးဝ တားမြစ်နိုင်ပြီး၊ အဓမ္မ၀ါဒ မဟုတ်လျှင် ခွင့်ပြုရမည်သာ ဖြစ်ပါသည်ဘုရား။ ယခုလို တစ်နှစ်ပိတ်ခြင်း၊ နှစ်နှစ်ပိတ်ခြင်း ဆိုတာမျိုးကို လုံးဝ မလုပ်နိုင်ပါဘုရား။ လုပ်လို့လည်း မရပါဘုရား။

ဟုတ်/မဟုတ်၊ မှန်/မမှန် အတိအကျ မသိရသော်လည်း အင်တာနက်သတင်းများ၌ ရွှေည၀ါဆရာတော်အပြင် ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ စသော ဓမ္မကထိက ဆရာတော်များကိုလည်း သက်ဆိုင်ရာ သံဃနာယကအဖွဲ့များက တရားပွဲကို ကာလ အကန့်အသတ်ဖြင့် ပိတ်သည်-ဆိုတာမျိုးကို တွေ့ရှိနေရပါသည်ဘုရား။ အမှန်တကယ် အားဖြင့် ထိုသို့ လုပ်ဆောင်ပိုင်ခွင့် မရှိပါဘုရား။ ထိုကဲ့သို့ လုပ်ဆောင် နေကြသော သက်ဆိုင်ရာ သံဃနာယက အဖွဲ့များအားလုံးသည် သံ/စည်း လုပ်ထုံးလုပ်နည်းများ၊ အခန်း (၂၀)၊ အပိုဒ် ၁၅၄-အရ တာဝန်ထက်ကျော်လွန်၍ ဆောင်ရွက်ရာ ရောက်နေသဖြင့် ယင်းအခန်း အပိုဒ် ၁၅၅-အရ တစ်ဖွဲ့လုံးကို ဖျက်သိမ်းပစ်သည့်အထိ အရေးယူရပါမည် ဘုရား။

ဆရာတော်ကြီးများဘုရား-
ဆရာတော်ဘုရားကြီးများ၏ ၄၇-ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်၌ “ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်မှ ရွှေည၀ါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်း ကိစ္စ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍” ဟု ဆိုထားရာ ဆရာတော်ကြီးများက ရွှေည၀ါဆရာတော်အား ဆုံးဖြတ်ချက် ၃-ရပ် ချမှတ်နိုင်ရန် တင်ပြလာသော သံဃနာယကအဖွဲ့သည် မန္တလေးတိုင်း ဒေသကြီးသံဃနာယကအဖွဲ့ ဖြစ်မည်လား၊ သို့မဟုတ် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်တစ်ခုခုက မြို့နယ်သံဃနာယကအဖွဲ့ ဖြစ်မည်လား တပည့်တော် မဝေခွဲနိုင်ပါဘုရား။ သို့ရာတွင် မည်သည့် အောက်အဆင့် သံဃအဖွဲ့အစည်းက တင်ပြလာသည် ဖြစ်ပါစေ၊ ဆရာတော်ဘုရားကြီးများ အနေဖြင့် ထိုတင်ပြချက်၏ မူလဇာစ်မြစ် အထိ လိုက်ပြီး စူးစမ်းလေ့လာဖို့တော့ လိုပါမည်ဘုရား။ ထိုသို့ စူးစမ်းလေ့လာမှသာ အောက်ခြေ သံဃာ့အဖွဲ့အစည်းများ၏ တင်ပြချက်သည် မိမိတို့ သံဃာ့အဖွဲ့အစည်းက ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များနှင့် အညီ တင်ပြခြင်းလော၊ သို့မဟုတ်၊ အဏာပိုင် အဖွဲ့အစည်းများ၏ အလိုအကြိုက်ကို လိုက်ပြီး တင်ပြခြင်းလော ဆိုသည်ကို ကွဲပြားစွာ သိနိုင်ပါမည် ဘုရား။

ယခု ရွှေည၀ါဆရာတော်ကိစ္စကို ဆရာတော်ဘုရားကြီးများ ကိုင်တွယ်ပုံမှာ မူလဇာစ်မြစ်အထိ လိုက်ပြီး စူးစမ်းလေ့လာမှု မပြုကြတော့ဘဲ အောက်အဆင့် သံဃအဖွဲ့အစည်းက သက်ဆိုင်ရာဒေသ အာဏာပိုင်များ အကြိုက်လိုက်ပြီး တင်ပြလာသည်ကိုပင် အတည်ပြု ဆုံးဖြတ်ပေးလိုက်ကြသည့် အသွင်မျိုးရှိနေ၍ ဆရာတော်ဘုရားကြီးများ၏ ဆုံးဖြတ်ချက်များ အားလုံးသည် သံဃာ့အဖွဲ့အစည်းက ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များအရ ကြည့်ပါက “အရင်းလဲတော့ အဖျားထင်းဖြစ်” ဆိုသည့်ကိန်းကို ဆိုက်ရောက် သွားပါသည်ဘုရား။

ဆရာတော်ကြီးများဘုရား-
ရွှေည၀ါဆရာတော်သည် မန္တလေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောခြင်းအတွက် ဆရာတော်ဘုရားကြီးများက ရွှေည၀ါဆရာတော်အပေါ် ဆုံးဖြတ်ချက် ၃-ရပ်ချမှတ်လိုက်ရာတွင် တပည့်တော်အနေဖြင့် အာဏာပိုင်ဆိုသူများ၏ ပယောဂကြောင့်သာ ဖြစ်ရမည်ဟု တစ်ထစ်ချ ယုံကြည်ပါသည်ဘုရား။ ထိုသို့ ယုံကြည်သည်မှာ အကြောင်းမဲ့ မဟုတ်ပါဘုရား။ တပည့်တော်ကို ကိုယ်တွေ့ကို လျှောက်ထားလိုပါသည် ဘုရား။

ဘုရားတပည့်တော်သည် ကြံဖွံ့ပါတီဝင် ဒကာ၊ ဒကာမများ သာရေးနာရေး ကိစ္စဖြစ်၍ လာပင့်လျှင်လည်း လိုက်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒကာ၊ ဒကာမများ သာရေး နာရေး ကိစ္စရှိ၍ လာပင့်လျှင်လည်း လိုက်ပါသည်ဘုရား။ ထိုသို့ လိုက်ရာတွင် ကြံဖွံ့ပါတီဝင် ဒကာ၊ ဒကာမများအိမ်သို့ လိုက်ရာ၌ ဘာထူးခြားချက်မှ မရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒကာ၊ ဒကာမများအိမ်သို့ လိုက်သွားမိလျှင်မူ တပည့်တော်အတွက် ထူးခြားပါသည်ဘုရား။

ထိုထူးခြားချက်မှာ တပည်တော်၏ ဘွဲ့၊ ကျောင်းတိုက်အမည်၊ ထိုအိမ်နှင့်ဘယ်လို ပတ်သက်သည်၊ တပည့်တော် နောက်ကြောင်း ရာဇ၀င်ဘယ်လို-ဆိုတာမျိုးတွေကို သက်ဆိုင်ရာ အထက်အာဏာပိုင်များ ဆိုသူများအား အချိန်နှင့် တပြေးညီ တင်ပြပေးရကြောင်း အောက်ခြေအာဏာပိုင်ဆိုသူများက ပြောပြ၍ သိရပါသည်ဘုရား။ အချို့ဆရာတော်များဆိုလျှင် “နောက်အဲဒီအိမ်မကြွပါနှင့်” ဟု အတိအလင်း ဖိအားပေးတာမျိုးကိုပင် ခံကြရပါသည်ဘုရားဤအခြေအနေများမှာ ယနေ့တိုင်အောင် ရှိနေပါသေးသည်ဘုရား။ ဘာမျှ မပြောင်းလဲသေးပါဘုရား။ တပည့်တော်များမှာ ဗုဒ္ဓဘာသာဝင် အားလုံးတို့၏ အကိုးကွယ် အပူဇော်ကို ခံယူကြသည့် ဘုရားသားတော် သံဃာတော်များ ဖြစ်ကြ၍ ဗုဒ္ဓဘာသာဝင် အားလုံးအပေါ်မှာ တူမျှသော မေတ္တာဓာတ်ကိုသာ ထားသင့်ပါသည်ဘုရား။

အုပ်ချုပ်သူ အာဏာရနေသူတို့၏ အာဏာရိပ်ကို တကယ်အရိပ်ကြီး တစ်ခုအဖြစ် မှတ်ထင်ပြီး ဓမ္မ၀ိနယစည်းကို မျက်ကွယ် မပြုသင့်ပါဘုရား။ ဘုရားတပည့်တော် နိဂုံးချုပ်အားဖြင့် လျှောက်ထား ပါမည်ဘုရား။ ဆရာတော်ဘုရားကြီးများက ရွှေည၀ါဆရာတော် ဦးပညာသီဟအပေါ် ချမှတ်လိုက်သော ဆုံးဖြတ်ချက်များသည် ဓမ္မ၀ိနယနှင့် ညီ/မညီ၊ ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီးက ထုတ်ပြန်ထားသော သံ/စည်းလုပ်ထုံးလုပ်နည်း စသည်တို့နှင့် လျော်ကန်သင့်မြတ်မှု ရှိ/မရှိ အမြန်ဆုံး ပြန်လည် သုံးသပ်ပေးတော်မူကြပါရန် ရိုသေလေးစားစွာ လျှောက်ထား အပ်ပါသည်ဘုရား။

ဘိက္ခုဇိနပုတ္တ(ရန်ကုန်)