ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရေရှားပါးမှုကို အာဏာပိုင်များ လျစ်လျှူရှုဟု လူမှုအဖွဲ့များ အပြစ်တင်....


ချင်းမိုင် (မဇ္ဈိမ) ။ ။ ရာသီဥတု ပူပြင်းမှုကြောင့် ရေပြတ်လပ်နေသည့် ပြည်သူများအား အာဏာပိုင်များက အချိန်မှီ မကူညီသဖြင့် အခက်ခဲများ ပိုကြီးလာနေသည်ဟု ပြည်နယ်နှင့်တိုင်းများရှိ လူမှုကူညီရေးအဖွဲ့များက အပြစ်တင်နေကြသည်။

ပဲခူးတိုင်းအတွင်း၌ ရေကြောင့် ဝမ်းရောဂါ ဖြစ်ပွားနေပြီး ရေမရသည့် ရွာ ၄ဝ ကျော် တိုးလာပြီး စုစုပေါင်း လူ ၇ သောင်းကျော် ရေရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ကူညီရေးအဖွဲ့ဝင်များကပြောသည်။

ဝေါ၊ သနပ်ပင်၊ ပဲခူး၊ ကဝ၊ ဒိုက်ဦး စသည့် မြို့နယ် ၅ ခုတွင် ယခင် က ရွာပေါင်း ၆ဝ သာ အခက်ကြုံနေခဲ့ပြီး ထပ်တိုးလာခြင်းဖြစ်သည်။
losewaterinygns
“ကျနော်တို့ဆီကို စာရင်းလာပေးထားတဲ့ရွာ ၁ဝဝ ကျော်ပြီ။ အစိုးရရုံးတွေက စဖြစ်ကတည်းက လူမှုအဖွဲ့အစည်း တွေနဲ့ပေါင်းပြီး လုပ်ခဲ့ရင် ဒီလောက်များ မလာဘူး။ အခုဆိုရင် ဝေါမြို့နယ်မှာ ဝမ်းလျော၊ ဝမ်းပျက်ရောဂါတွေ တောင်ဖြစ်နေပြီ” ဟု ကူညီရေးအဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။

ရေပြဿနာသည် ယခုလဆန်းကတည်းက စတင်ဖြစ်နေသော်လည်း ရက်တပတ်ကျော် ကြာပြီးနောက် ယခုလ ၁ဝ ရက်မှသာ “အစိုးရ၏ စီမံညွှန်ကြားမှု” ဖြင့် ဒေသအာဏာပိုင်များနှင့် ဌာနဆိုင်ရာများက သောက်သုံးရေများ ဖြန့်ဝေကြောင်း ယနေ့ထုတ် သတင်းစာများက ဖော်ပြနေသည်။
ဝေါမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မေလ ၅ ရက်မှ ၁၁ ရက်ထိ ဝမ်းရောဂါဖြစ်ပွားသည့် စုစုပေါင်း ၈၂ ဦး ဆေးဝါးကုသမှုခံယူခဲ့ရာ ၅၅ ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး ၂၇ ဦး ကုသခံနေရဆဲ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းအတွင်းမှ ကျေးရွာများကို ယခုလ ၂ ရက်နေ့မှစ၍ ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ် များက စတင်ကူညီခဲ့ပြီးနောက် စီးပွားလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့ ပါဝင်လာပြီး စည်ပင်၊ ရဲနှင့် စစ်တပ်တို့ကမူ ယမန်နေ့မှ စတင်ကာ သီးသန့်ကူညီမှုများ ပြုလုပ်လာကြသည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း တို့တွင် ရေတွင်း၊ ရေကန်များ ခန်းခြောက်ကုန်သဖြင့် အခက်ကြုံနေရသည်။
losewater1
အလားတူ မွန်ပြည်နယ် အပေါင်နှင့် ဘီလူးကျွန်း မြို့နယ်များတွင် ကျေးရွာပေါင်း ၆ဝ ကျော်မှ လူဦးရေ ၅ သောင်းကျော် သောက်ရေ ရှားပါးမှု ကြုံနေရကြောင်း သောက်သုံးရေ ကူညီပေးရေး စုပေါင်း လုပ်ဆောင် နေကြသည့် အပေါင်မြို့မှ လူမှုရေးအဖွဲ့တခုထံမှ သိရသည်။

“ဒီမှာက ကွင်းပိုင်းက ရွာတွေအားလုံးလိုလို ဖြစ်နေကြတာ။ ဇင်းကျိုက်တို့၊ ကျွဲခြံတို့ကသာ ရေပုံမှန် မလှူပေးရင် ဒီပြဿနာက မလွယ်ဘူး။ အာဏာပိုင်အဖွဲ့ အစည်းတွေကတော့ အထက်အမိန့်မရသေးလို့ ကျုပ်တို့ မလှူသေး တာလို့ ပြောတယ်” ဟု အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

မွန်ပြည်နယ် ကျေးရွာများတွင် သောက်သုံးရန် သိုလှောင်သုံးစွဲနေသည့် ရေတွင်း၊ ရေကန်များသာမက စိုက်ပျိုး ရန် သိုလှောင်သည့် ရေကန်များပါ အပူရှိန်ကြောင့် ခန်းခြောက်ကုန်သဖြင့် ယခုလဆန်းပိုင်းမှ စတင်ကာ ရေရှား ပါးမှုနှင့် ကြုံတွေလာရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒလမြို့ပေါ်ရှိ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးကလည်း “ကျနော်တို့ ဒီ ဒလမြို့ပေါ်က လူတွေ ဆိုရင် ရန်ကုန်မြစ်ရေကို ချိုးရေအဖြစ် သုံးနေရတဲ့အထိ ဖြစ်နေပြီ။ အခုချိန်ထိ နိုင်ငံတော် အုပ်ချုပ်တယ်ဆိုတဲ့ လူတွေ ဘာအကူအညီမှ လာမပေးနိုင်သေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

ဒလမြို့ပေါ်ရှိလူဦးရေ ၃ ပုံ ၂ ပုံ ခန့်နှင့် ယင်းမြို့နယ်အတွင်းမှ ကျေးရွာပေါင်း၂ဝ ကျော်မှ လူဦးရေ ၃ဝဝဝဝ ကျော်တို့ ရေရှားပါးမှုကြုံနေရသည်မှာ တလနီးပါးပင်ကြာပြီဖြစ်သည်။

ဒလမြို့နယ်အတွင်း၌ လိုအပ်နေသည့် သောက်သုံးရေကို တွံတေးမြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ၊ လုပ်ငန်းရှင် များနှင့် ဒလမြို့နယ်အတွင်းမှ သောက်သုံးရေ ကျန်ရှိနေသေးသည့် ကျေးရွာများက ကားများဖြင့် တင်ဆောင် ကာ ရေဖြန့်ဖြူးပေးနေသည်။