နဂိုကတည်းက ယုံစရာမကောင်းလို့ စစ်အစိုးရပြောတာတွေမို့လို့ လို့ ၊ စိတ်အခံကြောင့် လက်မခံ တာမျိုးမဟုတ်ပဲ လုပ်ကြံဖန်တီးထားတဲ့ဇတ်လမ်းဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီ ဆက်စပ်ပြနေတဲ့အလွဲ တွေကနေကို တွေးမိခဲ့တာပါ ။ အဲဒီမှာ ဘာကြောင့်လုပ်ကြံဇတ်ထွင် ရသလဲဆိုတာနဲ့ ကိုဖြိုးဝေအောင် က ဘာကြောင့်တရားခံအဖြစ်ပြခံရလဲဆိုတာ ပြောစရာ ရှိလာပါတယ် ။
အဓိကလုပ်ကြံ ဇတ်ထွင်ရတဲ့ အကြောင်းက သူ့တပ်သူထိမ်းဘို့ပါ ၊ စစ်အစိုးရဟာ ဘယ်ပြည်သူ ဘာပြော ပြော ၊ ကမ္ဘာကဘာပြောပြော ဘယ်တုံးကမှဂရုမစိုက်ပါဘူး ၊ ကမ္ဘာနဲ့ပြည်သူတွေ ကိုလိမ်ဘို့ဆိုတာ ထက် သူ့တပ်ထဲမှာ ဖြစ်လာတဲ့ ပြဿနာတွေကိုရှင်းဘို့ ၊ အာဏာရှင်သန်းရွှေနဲ့ စဉ်းစားဥာဏ်မရှိတဲ့ သူ့တပ်အသိုင်းအ၀ိုင်းကိုပြန်လိမ်တာပါ ။
X2O ရေကစားမဏ္ဍပ်ဟာ စစ်အုပ်စုရာထူးကြီးပုဂ္ဂိုလ်များရဲ့ သားသမီးတွေစုဝေးရာဖြစ်ပြီး ဗိုလ်ချုပ် မှုးကြီးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့်ခေါ်နေရွှေသွေးအောင်ပါ လာ သွားနေခဲ့ပါတယ် ၊ အမှတ်(၄)စစ်ဒေသမှုးဗိုလ်မှုးကြီးအုန်းချိုက သူ့အပိုင်စစ်ဒေသမဟုတ်ပဲ ဖိုးလပြည့်နဲ့ VIP သားသမီး များလုံခြုံရေးအတွက် သီးသန့်လာစောင့်ပေးနေရတာပါ ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် ၀င်ထွက်ခွင့် တံဆိပ်ပါကားတွေရပ်ထားပြီး ဗိုလ်မှုးကြီး ကိုယ်တိုင်လုံခြုံရေးယူ ပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှုးနဲ့မယကဥက္ကဌအပါအ၀င် လုံခြုံရေးများစွာ ရှိနေတဲ့ ကြားမှာကွဲခဲ့ထိခဲ့တာကြောင့် အချင်းချင်း ပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ် ၊ ဖိုးလပြည့်ကိုမကြည်တဲ့ တပ်တွင်းအသိုင်းအ၀ိုင်း ၊ တခြား VIPသားသမီး တချို့ကိုမကြည်တဲ့ တပ်တွင်းအသိုင်းအ၀ိုင်း ၊ ဗိုလ်မှုးကြီးအုန်းချိုကိုမကြည်တဲ့ တပ်တွင်း အသိုင်းအ၀ိုင်း တခုခုက လုပ်တာလို့ သူတို့အချင်းချင်းကြားမှာကို ထင်ကြေးတွေယူဆချက်တွေ အမျိုးမျိုးဖြစ်လာ ခဲ့တာပါ ၊ ၂၀၁၀ ဇန္န၀ါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ် ၊ ချယ်ရီဥယျာဉ်အိမ်ယာက နေပြည်တော်တိုင်းမှုး ဗိုလ်မှုးချုပ်ဝေလွင်နေအိမ်နဲ့ နယ်စပ်စည်ပင်ဒုဝန်ကြီး ဗိုလ်မှုးကြီးတင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေတွေ့ခဲ့ပြီး သတင်းထုတ်ပြန်ခြင်းမရှိပဲ ဖုံးကွယ်ထားခဲ့ပါတယ် ၊
(သုံးလကျော်ကြာပြီးမှ ခု သတင်းစာရှင်းပွဲမှထုတ်ပြောတာပါ ) ၊ ထောက်လှမ်းရေးအသိုင်း အ၀ိုင်းနဲ့ အရာရှိကြီးတွေသာသိခဲ့ပြီး ချယ်ရီဥယာဉ်အိမ်ယာကိုဆောက်နေတဲ့ ဆာကူရာ ဆောက်လုပ်ရေးက ၀န်ထမ်းတွေနဲ့အလုပ်သမားတွေကိုတောင် အဲဒီဝန်းထဲမှာပဲကျိတ်ပြီး စစ်ခဲ့ပါတယ် ၊ တယောက်နဲ့ တယောက်လေးစားမှုမရှိပဲ အကျိုးခံစားမှုတွေနဲ့ ၊ အမိန့်အာဏာ တွေကပေါ်နေ ပါတ်သက်နေ ကြတဲ့ အသိုင်းဝိုင်းဖြစ်တာကြောင့် ၊ သတင်းလုံခြုံမှုမရှိပဲ ပေါက်ထွက်လာပြီး ပြည်ပသတင်းဌာနတွေကနေ ပြောမှသိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ် နေသလား ၊ တယောက်ကိုတယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြ တာမှာ ၊ သင်္ကြန် ဗုံးပေါက်မှုဟာ ပြဿနာပိုကြီးစေခဲ့ပါတယ် ။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အပါအ၀င် ဗိုလ်ချုပ်ကြီး တွေ ကြားမှာမလုံမခြုံဖြစ်လာပြီး ဗုံးပေါက်ကွဲပြီးမကြာမှီ အဆင့်မြင့် အရာရှိတွေ နေပြည်တော် သွားလာခွင့် ကန့်သတ်လိုက်တာ ၊ လူအင်အား လက်နက်အင်အား စာရင်း ကြိုသတင်းပို့ရမှာ တွေဖြစ်လာပါတယ်။
သို့လောသို့လောနဲ့ အချင်းချင်းမယုံမကြည်ဖြစ်လာတဲ့ တပ်တွင်းပဋိပက္ခကိုထိမ်းဘို့ ၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီးသန်းရွှေကိုနှစ်သိမ့်နိုင်ဘို့ ၊ စောက်သုံးမကျသလိုဖြစ်နေတဲ့ ရဲနဲ့ထောက် လှမ်းရေးတွေရဲ့ သိက္ခာကိုကာကွယ်ဘို့ ၊ ပြည်သူတွေကြားမှာပြောနေတဲ့ စစ်အစိုးရကိုယ်
တိုင်ခွဲ တာပါကွာဆိုတာကို ရှင်းပြီးသားဖြစ်အောင်လို့ ၊ အတိုက်အခံတွေကို နိုင်ငံရေးအရ ထိုးနှက်ရအောင်လို့ စသဖြင့်အကြောင်း ရာတွေကြောင့် လုပ်ကြံဇတ်ထွင်ရခြင်းဖြစ်ပါတယ် ။
ရဲချုပ်ခင်ရီရဲ့အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ရွှေဥာဏ်တော်စူးရောက်မှုမှာ သားကောင် ဖြစ်ခဲ့ရ တာက ကိုဖြိုးဝေအောင်ပါ ၊ ဘာကြောင့်ကိုဖြိုးဝေအောင်က တရားခံအဖြစ်ပြခံရလဲ ဆိုတာက ဇတ်လမ်း ဖန်တီးလွယ်မဲ့ဆက်စပ်မှုမှာရှိနေလို့ပါ ၊ ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ ဇန္န၀ါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော်တိုင်းမှုးအိမ်ရှိရာ ချယ်ရီဥယျာဉ်အိမ်ယာမှာ လျှပ်စစ် တာဝန်ခံအင်ဂျင်နီယာအဖြစ် လုပ်ခဲ့ ဘူးသူတယောက်ဖြစ်ပြီး သံသယဖြစ်ဘို့ကောင်းသူတွေနဲ့ တချိန်ကတရင်းတနှီးနေထိုင်ခဲ့တာကြောင့် အဲဒီဗုံးကိစ္စမှာ စစ်မေးခံဘူးသူ ၊ ထောက်လှမ်းရေး တွင်ခံဝန်လုပ်ထားရသူဖြစ်ပါတယ် ၊ သင်္ကြန်အပြီး ပြစ်ချက်ဟောင်းရှိသူ သံသယဖြစ်စရာ အားလုံးကိုဖမ်းတာမှာ ပြန်အဖမ်းခံခဲ့ရတာဖြစ်ပါတယ် ။ပထမအကြိမ် ချယ်ရီဥယျာဉ် အိမ်ယာ ၀န်းထဲမှာ အလုပ်သမားတွေရှေ့မှာစစ်ဆေးတာမျိုးမဟုတ်ပဲ စစ်ကြောရေးစခန်းမှာ ညှင်းပန်း နှိပ်စက်မှုမျိုးစုံနဲ့စစ်ဆေးမှာဖြစ်တဲ့အတွက် အရင်ကနိုင်ငံရေးလုပ်ခဲ့တာ တွေ ၊ နိုင်ငံရေး နယ်ပါယ်ကသူတွေနဲ့ပါတ်သက်ခဲ့တာတွေကိုပြောပြဖြစ်ခဲ့မှာဖြစ်ပါတယ် ၊ ( ဥပမာ) ၁၉၉၉ ခုက တောင်ကြီးမြို့ ၊ အေးသာယာဂျီတီအိုင်မှာ ကိုးလေးလုံးအရေးအခင်းတွက်စာဖြန့်တယ် ဆိုပြီး ဌာနမှုးနဲ့ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေးကင်းရှင်းပြီးကောင်းမွန်စွာနေ ထိုင်ကျောင်းတက် ပါမည် ဟု ၀န်ခံလက်မှတ်ထိုးဘူးကြောင်း ၊ ၂၀၀၇ သြဂုတ်လကုန်က ရှစ်လေးလုံးအရေး
တော်ပုံ၁၉နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီဈေးနှုန်းတက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူးကိုယ်တိုင်ဖြန့်ဝေ ခဲ့ကြောင်း ၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်းစာကို အစ္စလာမ်ဘာသာဝင်များကြား ကိုယ်တိုင်ရေးသားဖြန့်ဝေခဲ့ကြောင်း ၊ တောင်ဥက္ကလာ ငွေကြာယံဘုန်ကြီးကျောင်းကို ထရန်စ ဖေါ်မာဆင်ပေးနေချိန်ဖြစ်၍ ၄င်းသံဃာတော် များနှင့်အတူ လမ်းလျှောက်စဉ်လိုက်ပါခဲ့ကြောင်း ၊ အတူလုပ်ခဲ့သူများမှာ ၂၀၀၇ ပြီးနောက်တွင် ထိုင်း နိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာဖြစ်ပါတယ် ။
မူလထဲက လက်တွေ့ကျူးလွန်သူတွေကိုမဖမ်းနိုင်မဖေါ်ထုတ်နိုင်လို့ တရားခံအစား ထိုးဘို့ကြံစီနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေးအုပ်စုဟာ ဖြိုးဝေအောင်နဲ့တခြားစွပ်ဆွဲသူတွေကို ဇွတ်ဆက်စပ်ရပါ တော့တယ် ၊ တခြားစွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာပါဝင်ပါတ်သက်တာ ဟုတ်မဟုတ် ဘယ်သူမှမပြော နိုင်ပေမဲ့ ကိုဖြိုးဝေအောင်ရဲ့ဇနီးကတော့ ဆာကူရာမှာတုံးကထဲ ကအတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil) ကရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ ဆေးသုတ်လုပ်ငန်းကို သင်္ကြန် တွင်းအပြီးလုပ်ပေးမယ်လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီး နေ့/ည လုပ်နေကြောင်း ၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့) က တနေ့လုံး ရန်ကင်းစင်တာ မှာပဲရှိနေတယ်ဆိုတာ ကိုမျိုးကြီး ၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျဝန်ထမ်းများ ၊ လုံခြုံရေးများလဲသိကြောင်း ၊ လာဖမ်းသွားပြီးနောက် နေ့တွင် ကိုမျိုးကြီးကမေးသဖြင့် သင်္ကြန်ဗုံးကိစ္စစစ်မေးရန် ခေါ်သွားကြောင်းပြောရာ ငါနဲ့အတူ ရှိနေတာပဲ ၊ သူနဲ့မှမဆိုင်တာ ၊ ဒါဆိုပြန်လွတ်လာမှာပါ ပူမနေနဲ့ပြောကြောင်း ၊ ကျွန်မအမျိုးသားက မတရား စွပ်ဆွဲခံရတာပါလို့ RFA ကိုပြောသွားတာတွေ့ရပါတယ် ။
ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ချုပ်နှောင်ထားပြီး ၊ ၁၁.၅.၂၀၁၀ အင်္ဂါနေ့ က မိခင်ဒေါ်မာမာဆွေနဲ့ ညီဖြစ်သူ ဒေါက်တာထက်ဝေအောင်တို့ ၁၅မိနစ်တွေ့ခွင့် ရခဲ့ပါတယ် ၊ ဒေါက်တာထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုမျိုး လုပ်ခံထားရပုံပေါ် နေပြီး တွေ့ခွင့်ရခဲ့တဲ့ ၁၅မိနစ်မှာ အကြောင်းရာ လေးမျိုးကိုပဲ ထပ်ကာထပ် ကာပြောနေခဲ့တယ် လို့ပြောပါတယ် ၊ အဓိကကတော့ သူ မတရားခံရတာဖြစ်ကြောင်း ၊ လုံးဝမပါတ်သက်ကြောင်း ပြောတာ ဖြစ်တယ်လို့သိရပါတယ် ၊
ဇနီးဖြစ်သူ မဌေးဌေးက ရှေ့နေဦးကျော်ဟိုး ကိုငှားရမ်းထားပြီး ကိုယ်စား လှယ်လွှဲ ရှေ့နေပါဝါယူဘို့ အင်းစိန်ထောင် ကိုသွားခဲ့တာမှာ ကိုဖြိုးဝေအောင်နဲ့ တွေ့ခွင့်မရခဲ့ပဲ ထောင်အာဏာပိုင်တွေက သူတို့ဘက်က လက်မှတ်ထိုး လုပ်ပေးရမဲ့ဟာ လုပ်ပေးထားပြီးပြီ ၊ SB က ခွင့်မပြုသေးလို့ဟု ပြောကြောင်း ၊ သူ့အမှုလိုက်သက်တမ်းမှာ နိုင်ငံရေးမှုပဲဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး တခါမှမရှိဘူးကြောင်း VOA ကိုပြောသွားတာလဲ ကြားရပါတယ် ။
အဖြေကရှင်းပါတယ် ၊ ရှေ့နေပါဝါလွှဲခွင့်ပေးလိုက်ရင် ပုဒ်မတခုခု တပ်ထားတာ ပြောရတော့မယ် ၊ ထောင်ပို့ပြီဆိုကထဲက ပုဒ်မတခုခု တပ်ပို့ရတာပါ ၊ ခုကမိသားစုတောင် ဘာပုဒ်မနဲ့တရားစွဲ မယ်မှန်း မသိခဲ့ရဘူးပြောပါတယ် ၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ)နဲ့ပါတ်သက်ပုံကို မေးလို့ ကိုဖြိုးဝေအောင်ဆီက အဖြစ်မှန်သိရတဲ့အခါ ရှေ့နေက သက်သေပြလို့ရတဲ့သူတွေကိုလိုက် ဆွေးနွေး မယ် ၊ ကိုမျိုးကြီးခေါ်ကိုမျိုးမြင့်အောင်(BE.Civil)နဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ ၊ ရန်ကင်းစင်တာ က ၀န်ထမ်းတွေနဲ့ လုံခြုံရေးတွေ သက်သေဖြစ်လာရင် လုပ်ကြံဇတ်လမ်း သတင်းစာရှင်းပွဲဆိုတာ ထင်ရှားသွားမယ် ၊ ဒါကြောင့် ရှေ့နေလိုက်ခွင့်မပေး ၊ သက်သေပြခွင့်မပေး ၊ အများပြည်သူရှေ့မှာ စစ်ဆေးမှုမပြုပဲ ဥပဒေမဲ့တဘက်သတ် မတရား ထောင်ချမယ် ဆိုတာ သေချာပါတယ် ။
အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ဖြေရှင်းချက်ပေးဘို့နဲ့ ထုံးစံအတိုင်း ပြည်သူတွေကို လိမ်ညာလှည့်ဖြားဘို့ ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင်လက်အောက်မှာ လူတိုင်း အချိန်မရွေး သားကောင်ဖြစ် သွားနိုင်တာမို့ အခြေခံအကြောင်း ရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ၀ိုင်းဝန်း တိုက်ဖျက် ကြပါစို့ ။ ။