ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မင်္ဂလာဈေး မီးလောင်မှုအား မေလ ၂၅ ရက်နေ့ မွန်းလွဲ ၃နာရီ ကျော်သည်အထိ မီးငြှိမ်းသတ်နေရဆဲ၊ မီးခိုးငွေ့ အများအပြားရှူမိ၍ သတိမေ့သွားသူ၊ ဓာတုရေထိ၍ ဒဏ်ရာရသူများ

မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်မှ စတင်လောင်ကျွမ်းခဲ့သော မင်္ဂလာဈေးမီးလောင်မှုအား မေလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ကျော်သည်အထိ မီးငြှိမ်းသတ်နေရဆဲ ဖြစ်ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုသည် စတင်လောင်ကျွမ်းသည့် စတုတ္ထထပ်ရှိ ပစ္စည်းများအား လောင်ကျွမ်းနေခြင်းဖြစ်ပြီး ယမန်နေ့ ညနေပိုင်းက အပေါ်ထပ် (Skyhall)သို့ ကူးစက် လောင်ကျွမ်းသည်မှအပ အခြားမည် သည့်အထပ်ကိုမှ ကူးစက်ခဲ့ခြင်းမရှိကြောင်း သိရသည်။


ယခုအခါတွင် မီးသတ်တပ်ဖွဲ့ဝင်များသည် စတုတ္ထထပ်အတွင်းသို့ အဆောက်အဦ ပတ်ပတ်လည်မှဝင်ရောက် မီးငြှိမ်းသတ် နေနိုင်ပြီဖြစ်ပြီး အတွင်းပိုင်း အကာရံများဖြစ်သော အလူမီနီယံတံခါးများကို ဖြိုဖျက်၍ မီးငြှိမ်းသတ်နေရကြောင်း သိရသည်။ မီးငြှိမ်းသတ်နေကြသည့် မီးသတ်တပ်ဖွဲ့များအနက်မှ လေးဦး ဆေးရုံတင်ခဲ့ရပြီး ဦးရေ ၅၀ နီးပါး အသေးစားဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''စဖြစ်တဲ့အချိန်ကနေ မေလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်ထိ ဒဏ်ရာရလေးဦးကို ဆေးရုံပို့ ဆောင်ပေးခဲ့ရတယ်။ ထိခိုက်ရှနာ၊ အသက်ရှူကြပ်စတဲ့ရောဂါခံစားရတဲ့ မီးသတ်သမားတွေကိုတော့ ဦး ရေ ၅၀ နီးပါးလောက်ကုသပေးပြီး ဖြစ်ပါတယ်။ ဆေးရုံပို့လိုက်တဲ့ လူနာတွေဟာလည်း အကြီးမားကြီး စိုးရိမ်စရာမရှိဘူး။ မီးခိုးငွေ့တွေ အများကြီးရှူမိလိုက်လို့ သတိမေ့သွားတဲ့သူတွေ၊ ဓာတုရေတွေ ထိခိုက်လို့ ဒဏ်ရာရရှိတဲ့သူတွေ ဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်း ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။


ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကလည်း ''ကျွန်တော်တို့ ရေဖြန်းတဲ့ နော်ဆယ်ခေါင်းကို တစ်ယောက်ဆိုရင် ခုနစ်မိနစ်လောက်ပဲ ကိုင်ပြီးပက်နိုင်တယ်။ ကြာရင်မခံနိုင်ဘူး။ တစ်ခါတစ်လေ အဲဒီအချိန်တွင်းမှာတောင် မီးပက်ဖြန်းနေတဲ့အချိန်မှာ မီးရော မီးခိုးငွေ့တွေရော မျက်နှာကို ရိုက်မိလို့ မေ့သွားတဲ့လူတွေ ရှိပါတယ်''ဟု ပြော ကြားခဲ့သည်။

ရင်းမြစ်....http://www.news-eleven.com/မှ...