ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ခွေးသူခိုး နာဂစ်...

Photobucket

ခွေးသူခိုး နာဂစ်

နည်းနည်းတော့ ရိုင်းသွားမည်။

နည်းနည်းတော့ ရင့်သည်းသွားမည်။

ကျွန်တော် ရှင်းပါမည်။

ဘ၀ ဘ၀တွေ ပျက်စီးသွား၊ ကလေးငယ်တွေ မိဘမဲ့ဖြစ်သွားကြ၊ အိုးမဲ့၊ အိမ်မဲ့၊ ဘ၀တွေ တစ်စစီ လွင့်မျောခဲ့ကြရတဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း။

ဒုက္ခသည်တွေကို ကယ်တင်ကြ၊ ဖေးမကြ၊ ကူညီကြ၊ ပံ့ပိုးကြ၊ လှူဒါန်းကြတာ လူပီသသူ တို့ရဲ့ ပင်ကိုယ်ဗီဇ၊ လူပီသသူတို့ရဲ့ ပင်ကိုယ်စိတ်ဓါတ်ပင် ဖြစ်သည်။

ဒါကြောင့် … ပြည်တွင်းမှ အလှူရှင်များ၊ ပြည်ပမှ အလှူရှင်များတင်မက တိုင်းတစ်ပါး အလှူရှင်များပါ မြောက်များစွာ ပေါ်ထွက်လာတော့သည်။

ဝေးရပ်မြေမှ အလှူရှင်များက ငွေ၊ ပစ္စည်း၊ အသုံးအဆောင်၊ အ၀တ်အစား၊ အစားအသောက် စသဖြင့် လူမှုရေး အသင်းအဖွဲ့များသို့ လှူကြ တန်းကြနှင့် လူမှုရေး အသင်းအဖွဲ့များကလည်း စည်ကားသိုက်မြိုက်စွာဖြင့် စည်းကမ်းရှိစွာ၊ တက်ကြွစွာ၊ အနစ်နာခံကာ ပေးဆပ်ကြနှင့်။ ရရှိလာသော အလှူပစ္စည်း၊ အလှူငွေများကို လူမှုရေး အသင်းအဖွဲ့ (ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အပါအ၀င် စည်းကမ်း စနစ်ကြစွာနှင့် ဒုက္ခသည်များရှိရာ နေရာဒေသ အသီးသီးသို့ ခဲရာခဲဆစ် ပင်ပန်းကြီးစွာ သွားရောက်၍ ဒုက္ခသည်များ၏ လက်ထဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည်။

သို့သော် … ဒုက္ခသည် နေရာဒေသများက များပြားလွန်း၍ အချို့သော နေရာဒေသများသို့ ကျွန်တော်တို့ လူမှုရေးအဖွဲ့ ဦးဆောင်သူတို့ ကိုယ်တိုင် ကိုယ်ကျ မရောက်နိုင်ခဲ့ပေ။ ဤတွင် ပြဿနာ စလေပြီ ဖြစ်တော့သည်။

လူ . . . အမှောင်ထဲမှ အလင်းသို့သွားသောလူ

အမှောင်ထဲမှ အမှောင်ထဲသို့သွားသောလူ

အလင်းထဲမှ အမှောင်သို့သွားသောလူ

အလင်းထဲမှ အလင်းသို့သွားသောလူ

ဟူ၍ ကွဲပြားလာတော့သည်။

မမြင်ဘူုးသော ပိုက်ဆံ

မမြင်ဘူးသော အ၀တ်အစား

မမြင်ဘူးသော အသုံးအဆောင်

မမြင်ဘူးသော စားသောက်ဖွယ်ရာများကို မြင်တွေ့သောအခါ .. သီလများ ချိုးဖေါက်မှုများ ဖြစ်လာတော့သည်။ ကျွန်တော်တို့ လူမှုရေးအဖွဲ့ ခေါင်းဆောင်များ မည်မျှပင် စည်းကမ်းရှိ၊ တာဝန်သိ၊ သစ္စာရှိ၊ သီလလုံပါစေ။ အချို့သော လူမှုရေးသမား အမည်ခံတို့သည် ကွယ်ရာတွင် ဖေါက်လွဲ ဖေါက်ပြန် သီလများ ချိုးဖေါက် လာကြတော့သည်။

စေတနာရှင်များက မည်မျှပင် စေတနာအရင်းခံ၍ မိမိတို့၏ ချွေးနည်းစာ စုဆောင်းငွေ၊ စားသောက်ဖွယ်ရာ ပစ္စည်းများကို လှူဒါန်းပါစေ … ဒုက္ခသည်တို့၏ လက်တွင်းသို့ ဖေါက်ပြန်ရေး သမားများကြောင့် အပြည့်အ၀ မရောက်ရှိခဲ့ချေ။

ဖေါက်ပြန်ရေးသမားဟု ဆိုရာ၌ မင်းသားခေါင်းဆောင်းထားသော အဖွဲ့အစည်းများ။ လူမှုရေးသမား အမည်ခံ အတ္တကိုယ်ကျိုးသမားများ။ စာနာစိတ်မရှိသော သီလဖေါက်ပြန်သူများ။ ဒေါင်းယောင်ဆောင်သော ကျီးများပင် ဖြစ်သည်။

ဒုက္ခသည်တို့ လက်ထဲ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းများ၊ အလှူငွေများ အပြည့်အ၀ မရောက်ရှိသည့်အတွက် ဒုက္ခသည်တို့ အချင်းချင်း စိတ်ဝမ်းကွဲကြ၊ လုကြ၊ ယက်ကြ၊ သီလဖေါက်ပြန်ကြနှင့် စည်းလုံးမှုများ ပျက်ပြားစေတော့သည်။ ကုသိုလ်ယူရာမှ အကုသိုလ်များ ဖြစ်ခဲ့ရတော့သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း စည်းကမ်းတိကျ ပြတ်သားစွာ စွမ်းဆောင်ပေးခဲ့သော်လည်း … ဤကဲ့သို့ ဖေါက်ပြန်ရေးသမားများနှင့် ကြုံခဲ့၊ ဆုံခဲ့ရသေးသည်။ အပြစ်ရှိသူကို တိကျစွာ အရေးယူ၊ အပြစ်ပေး၊ အသင်းမှ ထုတ်ပယ် စသဖြင့် လူမှုကယ်ဆယ်ရေးသမားတို့၏ ဒုက္ခသည်လည်း မသေးလှပေ။

နောက်ကျောမှ ဓါးနှင့်ထိုးသည့်လူ

နံဘေးမှ ဓါးနှင့်ထိုးသည့်လူ

ရှေ့တည့်တည့်မှ ဓါးပြပြီးထိုးမည့်လူ . . .

စသဖြင့် မြောက်များစွာ ကြုံတွေ့ခဲ့ရသည်။ ဒါကြောင့် … ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဦးခိုက်ဝန်ချ ကန်တော့ပန်းဆင်သည့် သြကာသ ဘုရားရှိခိုးတွင် ရန်သူမျိုး ငါးပါးမှ အခါခပ်သိမ်း လွတ်ကင်းရပါစေသား ဟူ၍ ပါခဲ့လေသလား မသိ။

အလှူရှင်၊ ဒါနရှင်တို့ကတော့ … “ နိဗ္ဗာန ပစ္စယော ဟောတု ” ဆိုပြီး လှူဒါန်းလိုက်ကြသော်လည်း ကျွန်တော်တို့ လူမှုရေးသမားများ လူမှုရေး အသင်းအဖွဲ့များတွင် လွန်စွာမှ တာဝန်ရှိသည်။ တာဝန်ကြီးသည်။ ပျော်ပျော်ကြီး ပေးဆပ်နေ၍ မရ။ ခပ်ပေါ့ပေါ့ လုပ်၍ မရ။ ထိရောက်မှု ရှိရမည်။ ပေးဆပ်မှုတို့ မျှတရမည်။ စည်းကမ်းရှိရမည်။ လိပ်ပြာသန့်စွာ ပေးဆပ်ရမည်။ စာရင်းအင်း မှန်ကန်တိကျရမည် ဖြစ်သည်။ ပရဟိတ စိတ်ဓါတ် ညီညွှတ်ရေးတရားတို့သည် အရေးကြီးပါသည်။

ကျွန်တော့်ကို လူ့ဘ၀ ကမ္ဘာမြေပြင်သို့ ပို့ဆောင်ခဲ့ခြင်းမှာ လူပီသစွာ လူလူချင်း ကူညီဖေးမ ပေးဖို့များလားဟု ထင်မိတော့သည်။ ကျွန်တော်သည် စိတ်သန့်စွာ သီလလုံစွာ ကူညီပေးဆပ်မှုများကို ကုသိုလ်စိတ်နှင့်သာ လုပ်လိုသူဖြစ်သည်။

သို့သော် … တစ်ခါတစ်ရံ တိုက်ရ၊ ခိုက်ရ၊ ရှေ့တိုးလိုက်၊ နောက်တွန့်လိုက် ရပ်တန့်လိုက်နှင့် စိတ်ပန်းလူပန်း အကုသိုလ်များသာ ရရှိနေသလို ထင်မိသည်။ ထို့ကြောင့် ကျွန်တော်သည် အကြောင်းအမျိုးမျိုး တို့ကြောင့် ကျွန်တော်၏ ပေးဆပ်မှုများ၊ ပံ့ပိုးမှုများ၊ ဖေးမကူညီမှုများတို့သည် နှောင့်နှေးမှု ရပ်တန့်မှုများ ဖြစ်ပေါ်ခဲ့ပါက ဆက်လက်လှုပ်ရှား ချီတက်နေကြသော လူမှုရေးသမား စစ်စစ်များ၊ လူမှုရေးကို စိတ်ဝင်စားကြသူများကို ကျွန်တော် သတိပေးခဲ့ချင်ပါသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ပြီးခါစအချိန် … ။

ဘ၀ ဘ၀တွေ တစ်စစီ ပျက်စီးနေကြတဲ့ အချိန်ကာလ … ။

ကျွန်တော်၏ နေအိမ်ခြံဝန်းသည်လည်း သစ်ပင်များကျိုး၊ ခေါင်မိုးများလှန်၊ ရှုပ်ယှက်ခတ်နေစဉ် အချိန်ကာလ … ။

နာရေးကူညီမှုအသင်း(ရန်ကုန်) သင်္ဃန်းကျွန်းမြို့နယ်သည်လည်း အဆောက်အဦးများ တစ်စစီ ပျက်စီး သစ်ပင်များ ထက်ပိုင်းကျိုးကျစဉ် အချိန်ကာလ၌ စည်ပင်သာယာရေး ဥပဒေအရ နာရေးအသင်းအား ဘုန်းကြီးကျောင်းဝင်းထဲ မထားရ၊ လူနေရပ်ကွက်ထဲ မနေရဟု အမိန့်ထုတ်ပြန်ခဲ့သည့်အတွက် ကျွန်တော်တို့ ရရှိထားသော ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ အသင်းပြောင်းရွှေ့ရန် အဆောက်အဦး ဆောက်လုပ်ရန် စတင်လှုပ်ရှားရတော့သည်။

ဦးစွာ အမှိုက်ပုံ (ကြွတ်ကြွတ်အိတ်အမှိုက်ပုံ) ရှိ ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းရတော့သည်။ ဤတွင် မြွေဟောက်ကြီးများ၊ လင်းမြွေကြီးများ လူတစ်ရပ်ကျော်သည်အထိ ပါးပြင်းများထောင်၍ အလိုက်ခံရခြင်းများ ရှင်းလင်းရေးအဖွဲ့တို့ ကြုံတွေ့ရသည်။

တစ်နေ့ … ကျွန်တော်တို့ အဆောက်အဦး ပနက်ချရန် ကိစ္စအတွက် မြောက်ဒဂုံခြံထဲသို့ သွားစဉ် … လုပ်အားပေးအဖွဲ့ လူငယ်များကလည်း ဓါးစက်များဖြင့် ချုံများကို ရှင်းလင်းနေခိုက် … ချုံထဲမှ အသံတစ်သံ ထွက်လာတော့သည်။ ( ဂြီး … ဂြီး … ဂြီး )ဟူသော အသံတစ်သံ ထွက်လာသည်။ လုပ်အားပေး လူငယ်တို့သည် ဓါးစက်ကို ရပ်၍ မ၀ံ့မရဲနှင့် တုတ်ရှည်များ၊ ဓါးများ၊ တူရွှင်းများ ကိုင်၍ ချုံကို ရိုက်တော့သည်။ အသံ ပိုကျယ်လာသည်။ ချုံတစ်ခုလုံး လှုပ်ရှားသွားသည်။ လုပ်အားပေး လူငယ်တို့ နောက်သို့ ခြေတစ်လှမ်း ဆုတ်၍ ဓါး၊ တုတ်၊ တူရွှင်းတို့နှင့် အသင့်အနေအထားဖြင့် စောင့်ကြည့်နေသည်။ ချုံထဲမှ မဲမဲ သဏ္ဍန် လှုပ်ရှားလာသည်။ ၀ါ ကြင်ကြင် မျက်လုံးပြူးကြီး ထွက်ပေါ်လာသည်။ တစ်ယောက်သော လူငယ်မှ ချုံထဲသို့ အတင်းဝင်၍ ထိုသတ္တ၀ါအား ၀င်ရောက်လုံးတော့သည်။ ထိုလူငယ်လည်း ခေတ္တ ငြိမ်သွားသည်။ နောက်မှ တဖြည်းဖြည်းနှင့် ချုံထဲမှ ထွက်လာသော် … သူ၏ လက်ထဲတွင် ခွေးငယ်လေး တစ်ကောင် ပါလာတော့သည်။ နာဂစ်မုန်တိုင်းသင့် ခွေးငယ်လေးပင် ဖြစ်သည်။ မည်သည့်အရပ် မည်သည့်ဒေသ မည်သည့်ခြံမှ မသိ။ လသားအရွယ် ခွေးပေါက်ကလေးပင် ဖြစ်တော့သည်။ ထိုစဉ် မြောက်ဒဂုံခြံစောင့် စံအောင်မှ “ ဟာ .. ဒီခွေးစုတ် အမြီးလည်း မပါ .. ဟိုချုံထဲဝင် သည်ချုံထဲဝင် လုပ်လုပ်နေလို့ ကျွန်တော် ဂွနဲ့ ပစ်ပစ်ပြီး မောင်းထုတ်နေတဲ့ အကောင်၊ နာဂစ်မုန်တိုင်းနဲ့ အတူ ဒီကို ရောက်လာတာ ” ဟု ပြောတော့သည်။ ခွေးစုတ်ဟု ပြောလိုက်သောကြောင့် အားလုံး တွန့်သွားကြသည်။ အမှန်မှာ ယင်းခွေးငယ်လေးသည် ကာလတန်ဖိုးအားဖြင့် ငါးသောင်းမှ တစ်သိန်း ပေါက်ဈေး ရှိသည်။ ( ဒိုဘာမင် ) ခွေးမျိုးပင် ဖြစ်တော့သည်။ မည်သူမှ မကိုင်ချင် မယူချင်၍ အကြောက်လွန်၍ တုန်နေသော ခွေးငယ်လေးကို ကျွန်တော်ကိုယ်တိုင် ချီပိုး၍ ကားပေါ်တင်ကာ အိမ်သို့ ခေါ်လာခဲ့တော့သည်။ ပိန်လှီနေသော ခွေးလေးမှာ ကာကွယ်ဆေးထိုးပေးခြင်း၊ အားတိုးဆေးများ ထိုးပေး၍ ၀၀ လင်လင် ကျွေးမွေးမှုကြောင့် ယခုဆိုလျှင် သန်မာထွားကျိုင်း၍ သူစိမ်းများပင် ကြောက်လန့်၍ အိမ်နားသို့ မကပ်ရဲကြပေ။

“ လူသားစား ခွေးရှိသည်။ ” ဟူ၍ပင် ခြံဂိတ်တွင် ဆိုင်းဘုတ်တင်ခဲ့ရသည်။

ယင်းခွေးငယ်လေးသည် နာဂစ်မုန်တိုင်းနှင့်အတူ ရောက်ရှိလာ၍ အမည်ကို “ နာဂစ် ” ဟု ငယ်စဉ်ကတည်းက ခေါ်ခဲ့သည်မှာ ယခုဆိုလျှင် ၂ နှစ်ပင် ရှိပြီဖြစ်သည်။ သို့သော် … ဗီဇ ပါလာသည်။ ခိုးစားသည်၊ ခိုးကိုက်သည်၊ ခိုးကြောင်ခိုးဝှက် အလွန်လုပ်သည်။ မီးဖိုခန်းမှ အိုးသံ ခွက်သံ ဇလုံသံ ကြားရလျှင် ဒီကောင် နာဂစ် လက်ချက်ပင် ဖြစ်တော့သည်။ နံနက်လင်း၍ ကျွန်တော်တို့ ရုံးသွားမည် အလုပ် ကျွန်တော်တို့၏ ဖိနပ်များ ပျောက်နေလျှင် သေချာပြီ … ဒီကောင် နာဂစ် ကိုက်၍ တစ်စစီ ပြတ်သွားပြီ ဖြစ်တော့သည်။ အစားအစာ မည်မျှပင် ၀၀ လင်လင် ကျွေးကာမူ သူ၏ ဗီဇကို မဖျောက်နိုင်။

ထို့ကြောင့် … ကျွန်တော် အဆုံးသတ်ပါတော့မည်။

ဆုတ်ကပ်ကြီးတွင် မြန်မာပြည်တွင်မက ကမ္ဘာနိုင်ငံ အသီးသီးတို့၌ သဘာဝဘေးဒဏ်များ၊ ရန်သူမျိုး ငါးပါးဒဏ်များ … များစွာ ကြုံတွေ့ရဦးမည်။ ဆုံတွေ့ရဦးမည်။ ခံစားရဦးမည်။ သေကြ ကျေကြ ပျက်ကြ ဖျက်ကြဦးမည်သာ ဖြစ်တော့သည်။

ထိုသို့သော အချိန်အခါတွင် ရှေ့သို့ ဆက်လက်ချီတက် ပေးဆပ်၊ ဖေးမကြမည့် လူမှုရေးသမား စစ်စစ်တို့သည် . . . လူမှုရေး လုပ်စားကြသူ၊ သီလမလုံသူ၊ လိပ်ပြာမသန့်သူ၊ ဗီဇ မကောင်းသူ၊ နောက်ကျောမှ ဓါးနှင့် ထိုးမည့်သူ၊ နံဘေးမှ ဓါးနှင့် ထိုးမည့်သူ၊ ရှေ့တည့်တည့်မှ ဓါးပြပြီး ထိုးမည့်သူ … နာဂစ်လို ခွေးသူခိုးများကို အထူးသတိ ပြုကြပါရန် စေတနာ ရှေ့ထား၍ သတိပေးလိုက်ရပါတော့သည်။

လိပ်ပြာသန့်စွာနှင့် သီလ လုံနိုင်ကြပါစေ။

ကျော်သူ