ရွေးကောက်ပွဲမလို ရေသာလိုတယ်....

ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က ဆင်ဖြူတွေ ဖမ်းမိတော့ မင်းကျင့်တရားနဲ့ ညီလို့ တိုင်းပြည်သာယာဝပြောလို့ ဆင်ဖြူတော် ပေါ်လာတာလို့ ဆိုပါတယ်။ ရာဇဝင်တွေမှာ ဖတ်ဘူးတာတော့ သူ့ဘာသာသူ မင်းကျင့်တရားနဲ့ အုပ်ချုပ်သူထံ ဆင်ဖြူက ဆိုက်ရောက်လာတာလို့ ဖတ်ဘူးပါတယ်။ ကွယ်လွန်သူ သမိုင်းပါမောက္ခ ဆရာကြီးဒေါက်တာသန်းထွန်းကတော့ ဆင်ဆိုတာ ဖြူတာပဲဖြစ်ဖြစ်၊ မဲတာပဲဖြစ်ဖြစ် တိရိစ္ဆာန်ဟာ တိရိစ္ဆာန်ပဲ.. လူထက်မမြင့်မြတ်ဘူးလို့ ပြောတာကြားဘူးပါတယ်။ လက်ရှိ တိရိစ္ဆာန်တွေကို ငွေစက္ကူတွေမှာ မြင့်မြတ်တယ်ဆိုပြီး ပုံနှိပ်ဖော်ပြပေးနေတဲ့ စစ်ခေါင်းဆောင်တွေ စဉ်းစားစရာပါပဲ... အခုမိုးခေါင်ရေရှားတာ ကိုရော နယ်စပ်က အတိုက်အခံတွေကြောင့်၊ ABSDFကြောင်၊့ စွမ်းအားမြှင့်ကြောင့် လို့ ဆင်ခြေတက်ဦး မလားတော့မသိပါ။
ကျွန်တော်တို့ လက်ထက်နဲ့ လူကြီးတွေတောင် တခါမှမကြုံဘူးတဲ့ မိုးခေါင်ရေရှားမှုဒဏ်ကို ပြည်သူတွေ လှိမ့်နေအောင် ခံနေရတာပါ။ ဒီကြားထဲ မီးမလာတာနဲ့ ရေမရတာ နှစ်ခုလုံးကြုံနေရတာပါ။ အာဏာပိုင်တွေဖက်က ဘာမှ ပြင်ဆင်ထားမှု မရှိတဲ့ အပြင် ရေပြသနာဖြစ်ပွားပြီး ရက်သတ္တပတ်ကျော်ကြာမှ ကူညီမှုလုပ်ငန်းတွေ လုပ်နေပါတယ်လို့ မဇ္ဈိမသတင်းမှာ ဖော်ပြလာပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရေပြတ်လတ်မှုဒဏ်ခံနေရတဲ့ ပဲခူးတိုင်းဝေါမြို့နယ်မှာ ရေလှုဒါန်းတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေပြီး... ယနေ့ (၁၃)ရက်နေ့မှာ ဝမ်းရောဂါတွေ ဖြစ်ပွားနေတဲ့ ဝေါမြို့နယ်မှာ ရေသန့်ဆေးပြားတွေ သွားရောက် ဖြန့်ဖြူးနေတယ်လို့ အဖွဲ့ချုပ်သတင်းရပ်ကွက်မှ သိရှိရပါတယ်။

ဂျပန်နိုင်ငံမှာလည်း ပြည်တွင်းမှာ ရေဘေးအခက်အခဲကြုံနေသူတွေကို ရေလှူဒါန်းဖို့ အတွက် အလှူငွေများ ကောက်ခံနေပြီဖြစ်တဲ့ အတွက် တတ်အားသမျှ ပါဝင်လှူဒါန်းကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

ဓါတ်ပုံ ဘားမားပါပါရာဇီ
သတင်း... ဒီမိုဝေယံ