ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရေအလှူ သတင်းဓာတ်ပုံ...



ဆယ့်တစ်မီး ငြိမ်းအေးစေမည့် ရေအလှူ

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၄ - ၅ - ၂၀၁၀ ရက်နေ့တွင် ပဲခူးမြို့သို့ သွားရောက်ပြီး ဦးစွာ ပဲခူးမြို့ နယ်ခံစေတနာရှင်တို့၏ အစီအစဉ်ဖြင့် ပဲခူးမြို့ပေါ်ရှိ ရေလှူဒါန်းသော နေအိမ်များရှိ သောက်ရေကန်များနှင့် စက်ရေတွင်းများမှ သုံးရေ သောက်ရေများကို အသင်းမှ ၀ယ်ယူထားသော ပလပ်စတစ် ရေတိုင်ကီများဖြင့် ရေဂါလံပေါင်း ၂၅၀၀ ကို ဖြည့်ဆည်းပြီး မိမိတို့ သွားရောက်လှူဒါန်းရမည့် နေရာ ဒေသများသို့ သွားရောက်ရန် ၂၂ ပေ အရှည်ရှိ ဟီးနိုးကားကြီးဖြင့် က၀မြို့နယ် ကျေးရွာများရှိ ရေဘေးဒုက္ခသည်များဆီသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုသို့ သွားရောက်ရာတွင် မော်တော်ယာဉ် အလှူရှင်များ၊ လုပ်အားပေး မြို့ခံလူကြီး လူငယ်များ၏ ပံ့ပိုးကူညီမှုဖြင့် ရေဘေးဒုက္ခသည် ရွာများ ထံသို့ သွားရောက်လှူဒါန်းနိုင်ခြင်း ဖြစ်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ရေဘေး ဒုက္ခသည်များနှင့် မြန်မာပြည်သူ ပြည်သားအပေါင်း ၁၁ မီး ငြိမ်းအေးစေရန် ရည်ရွယ်ပြီး ၁၁၀၀,၀၀၀/- (တစ်ဆယ့်တစ်သိန်းကျပ် တိတိ)ကို မတည် လှူဒါန်းငွေအဖြစ် စတင်ပြီး အလှူရှင်များမှလည်း ပါဝင်လှူဒါန်းခဲ့ပါသည်။ ၄င်းခရီးစဉ်တွင် ဥက္ကဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် အသင်းသားဖြစ်သူ ဦးသန်းစိန်၊ ကိုစိုင်းတို့ ဦးဆောင်ပြီး အသင်းသူ အသင်းသားများနှင့် နယ်ခံ လုပ်အားပေး လူငယ်များမှလည်း တက်တက်ကြွကြွ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြပါသည်။
၁၁ - ၅ - ၂၀၁၀ ရက်နေ့တွင် ပဲခူးမြို့နယ်တစ်ဝိုက်သို့ သွားရောက်ပြီး ရေဘေးဒုက္ခသည် ရွာများ၏ အခြေအနေကို သွားရောက်စုံစမ်းခဲ့ကြသည်။
၁၂ - ၅ - ၂၀၁၀ ရက်နေ့တွင် ထပ်မံ၍ ပဲခူးမြို့သို့ သွားရောက်ပြီး မိမိတို့ ၀ယ်ယူထားသော ပလပ်စတစ် ရေတိုင်ကီများကို ပို့ဆောင်၍ ရေလှူဒါန်းမည့်ကိစ္စကို အသေးစိတ် ညှိနှိုင်းခဲ့ကြသည်။
၁၃ - ၅ - ၂၀၁၀ ရက်နေ့မှ စတင်လှူဒါန်းခဲ့ရာတွင် ပဲခူးမြို့၊ ဝေါမြို့နယ်အတွင်းရှိ ပုဂံရွာသို့ ရေဂါလံ ၂၀၀၀ လှူဒါန်းခဲ့ပါသည်။
၁၄ - ၅ - ၂၀၁၀ ရက်နေ့တွင်လည်း ပဲခူးတိုင်း က၀မြို့နယ်၊ သက္ကလကျေးရွာအုပ်စု၊ ပျော်ဘွယ်ရွာ အိမ်ခြေ (၁၅၆)၊ လူဦးရေ (၆၀၀) ကျော်အတွက် သောက်ရေ ဂါလံ ၂၅၀၀ လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

ယင်းသို့ လှူဒါန်းရာတွင် နေ့စဉ် တစ်နေ့လျှင် နှစ်ခေါက် နှုန်းဖြင့် ပဲခူးမြို့မှ သောက်သုံးရေ လိုအပ်သော ရွာအသီးသီးသို့ မြို့ခံစေတနာရှင် လုပ်အားပေး လူငယ်များမှ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် ပူးပေါင်းကာ သွားရောက်လှူဒါန်း နေကြပါသည်။ ထိုသို့ လှူဒါန်းရာတွင် ရေဒုက္ခသည်များ၏ သောက်ရေ မလုံလောက်၍ ဒုက္ခရောက် နေရကြောင်း မိမိတို့ က၀မြို့နယ်အပိုင် ပျော်ဘွယ်ကျေးရွာတွင် လူဦးရေ (၁၅၀) ခန့်ရှိကြောင်း ကရင်၊ ကုလား၊ ဗမာ လူမျိုးစုံ နေထိုင်ကြကြောင်း ယင်းကဲ့သို့ လာရောက်လှူဒါန်းကြသည့်အတွက် ရေအကျိုး (၁၀) ပါး ပြည့်စုံကြပါရန်နှင့် နောက်နောင်လည်း ယခုကဲ့သို့ ဒုက္ခရောက်နေသော ပြည်သူလူထုတို့ အပေါ် လူသားချင်းစာနာစိတ်ဖြင့် ကူညီဖေးမမှုများ ပြုလုပ်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့ပေးခဲ့ကြပါသည်။