ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒို့လူမျိုး တွေ နေ၀င်ချိန်ကို စောင့်နေကြတာလား....

ဒို့လူမျိုး တွေ နေ၀င်ချိန်ကို စောင့်နေကြတာလား။

ဒီပုံတိုင်းသာ ဆက်သွားရင် မကြာပါဘူး နေ၀င်ချိန်ကို ရောက်တော့မှာပါ။ ကမ္ဘာမှာ ဗမာလူမျိုး ဆိုတာ ပျောက်ဘို့ အချိန်သိပ်မလိုတော့ဘူး။ လူမျိုးပျောက်ပြီ ဆိုမှတော့ ဒို့တွေကကော။ စဉ်းစားစရာကို မလိုတော့ဘူး။ တိုင်းပြည်ကို အမျိုးမျိုး နှိပ်စက် ၊ ယုတ်မာမှုမှာ နှိုင်းယှဉ်စရာ မရှိ ၊ ဒါ တွေကို သိရဲ့နဲ့ ငုံ့ခံနေကြတော့မှာလား။ ဒို့တွေမှာ စိတ်ဓါတ်ခွန်အားတွေ နည်းပါးလာအောင် လုပ်နေကြလို့ ဒို့လူမျိုးတွေ ရင်ထဲမှာ အကြောက်တရား တွေ ကိန်းအောင်းနေကြပြီ။ တစ်ချိန်က ကမ္ဘာမှာ ဗမာလူမျိုးဆိုပြီး ကြွေးကြော်နိုင်ခဲ့ကြတာ သူရဲကောင်းတွေ ရှိခဲ့ကြလို့ဘဲ။ ဒို့တွေလည်း လုပ်ရင်ဖြစ်ပါတယ် ။ ဘာတွေကို စဉ်းစားပြီး တွေးကြောက်နေကြမှလဲ။ ဒို့တွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသဖို့ အချိန်ရောက်နေကြပြီ။ အားလုံး ညီညီညွတ်ညွတ်နဲ့ ကိုယ်တတ်နိုင်တဲ့ တာဝန်ကို ယူကြဖို့ဘဲလိုပါတယ်။ ဒီလိုချိန်မှာ မဟုတ်တာတွေ စဉ်းစားပြီး ရင် ထဲမှာ အကြောက်တရားတွေ ကိန်းအောင်းလာအောင် ပြောတဲ့သူဟာ ဒို့ရဲ့ရန်သူဘဲ။

လူတိုင်းက တစ်နေ့တော့သေကြမှာဘဲ။ ရှင်လျက်နဲ့ သေနေရတဲ့ ဘ၀က ပိုဆိုးပါတယ်။ သေချာ စဉ်းစားကြည့်ကြပါ။ ဒို့တိုင်းပြည် ဘာတွေလိုအပ်နေလဲ ။ ဒါတွေကို ငါ တို့တွေ တောင်းဆိုကြရမယ်။ ဒို့တွေမဟုတ်တာ လုပ်တာ မဟုတ်ဘူး။ လိုချင်တာကို ရဲရဲဝင့်ဝင့် ထုတ်ဖော်ပြောဆိုတာပါ။ ကိုယ်အိမ်ထဲမှာကိုနေ၊ ဖြစ်သမျှကို ငြီးညူ ၊ ကံတရားကို ပုံချနေလို့ မရဘူး။ တိုင်းပြည်အကျိုးကို ဆောင်ရွက်ချင်တဲ့သူတွေ အများကြီးရှိပါသေးတယ်။ ငါတို့တိုင်းပြည်ကောင်းစားရေး အတွက် အရာရာကို လက်လွတ်အဆုံးရှုံးခံ ထောင်ထဲမှာ ရောက်နေတဲ့ သူရဲကောင်းတွေကို ငါတို့တတ်နိုင်တဲ့ဘက်က ပြန်ပြီးဂုဏ်ပြုကြရမယ်။ ဒို့တွေအားလုံးသိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဒို့တိုင်းပြည်လိုအပ်နေတဲ့ လွတ်လပ်ရေးကို တိုင်းပြည်ကောင်းစားရေးအတွက် ရယူပေးခဲ့တာ။ လက်တစ်ဆုပ်စာ ကိုယ်ကျိုးရှာ လူတစ်စု ကောင်းစားဖို့မဟုတ်ဘူး။ ဒို့တွေမတရားမှုကို ဆန့်ကျင်ရမယ်။ ဒို့တွေရဲ့ ဆန္ဒအမှန်ကို ထုတ်ဖော်ကြမယ်။ ဒို့တွေကို ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတွေ လိုအပ်တယ်။ ဘယ်သူဘဲခေါင်းဆောင်လုပ်လုပ် ဦးတည်ချက်က တိုင်းပြည်ကောင်းစား ရေးဘဲဖြစ်ရမယ်။ အားလုံး မကြောက်မရွံ့ နောက်မတွန့်ဘဲ ဒို့တိုင်းပြည်မှာ လိုအပ်နေတဲ့ အရောတွေကို တောင်းဆိုကြမယ်။

တိုင်းပြည်ကိုချစ်သော တပ်မတော်သားတွေကိုလည်း ပြောပြချင်ပါတယ်။ သင်တို့ကို လစာ ရိက္ခာထောက်ပံ့နေသည်မှာ ပြည်သူတွေဖြစ်သည်။ သင်တို့ကို ထမင်းကျွေးနေသောသူ ပြည်သူလူထုကို ညင်းပန်းနှိပ်စက် ဒုက္ခပေးခြင်းသည် ကိုယ့်ထမင်းရှင်ကို ပြန်လည်ပြစ်မှားခြင်း ဖြစ်ပေသည်။ ကျွန်တော်တို့တွေ သိသော တပ်မတော်သည် ပြည်သူမှပေါက်ဖွားလာခြင်းဖြစ်သည်။ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရန်ဖြစ်သည်။

ကိုယ်ကျိုးရှာလူတစ်စု၏ မှားယွင်းစွာ ပေးသော ကိုယ်ကျိုးရှာအမိန့်ကို လိုက်နာခဲ့မိ၍ တစ်ကမ္ဘာလုံးက လေးစားရသော သာသနာဝန်ထမ်း ရှင်ရဟန်းများကိုပင် သွေးစိမ်းရှင်ရှင်ထွက်အောင် ရိုက်ပုတ်ခဲ့ကြလေပြီ။အမိန့်ဆိုသောစကားကို အသုံးချလျက် သင်တို့ကို ထိုသို့ကြမ်းတမ်းယုတ်မာရိုင်းစိုင်းသော စိတ်ဓါတ်များကို သင်တို့ရင်တွင်း သွတ်သွင်း ပေးနေသည်မှာ ထိုကိုယ်ကျိုးရှာ အာဏာရှင်လူတစ်စု ပင်ဖြစ်သည်။ သင်တို့ရင်တွင်းမှ ထိုသို့သောစိတ်ဓါတ်များကို မောင်းထုတ်၍ ပြည်သူချစ်သော တပ်မတော်သားများ အဖြစ် ပြန်လည်ပြုပြင်သင့်သည်။

ယနေ့တပ်မတော်တွင်း ဖြစ်ရပ်မှန်များကို သင်တို့ကိုယ်တိုင် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်တိုင်းပြည်ကိုကာကွယ် စောင့်ရှောက်ရန် ပေးအပ်ထားသော လက်နက်များဖြင့်တိုင်းသူပြည်သားတို့အား ခြိမ်းခြောက်နေမယ့်အစား ကိုယ်ကျိုးရှာ အာဏာရှင် လူတစ်စုကို မောင်းထုတ်ရန် ကြိုးပမ်းနေသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများနှင့် လက်တွဲရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ တိုင်းရင်းသားပြည်သူများခင်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရွက်၍ သင်တို့၏ တိုင်းရင်သားခေါင်းဆောင်များ အတူတကွ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပင်လုံစာချုပ်ကို ပြန်လည် အမှတ်ရစေလိုပါတယ်။ ပြည်နယ် ပြည်မ မခွဲခြားရေးနှင့် တိုင်းပြည်အတူတွ စည်းလုံးညီညွတ်ရေးကို ရရှိရန် သဘောတူညီ လက်မှတ်ထိုးခဲ့ကြသည်မှာ သင်တို့အင်မတန်မှ လေးစားကြသော တို့၏ ခေါင်းဆောင်များပင်ဖြစ်သည်။ ယနေ့ဒီအချိန်သည် ပင်လုံစာချုပ်ပါ အချက်အလက်များ အကောင်အထည်ဖော်ရန် တိုင်းပြည်ကို တိုးတက် ကောင်းမွန်ရန်အတွက် အတူတကွ လုပ်ကိုင် ဆောင်ရွက်ကြရန် သင်တို့ကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ဒို့တိုင်းပြည်မှာ သူရဲကောင်းတွေ အများကြီးပါ။ မိန်းမသားဖြစ်ပေမယ့် တစ်ကမ္ဘာလုံးက လေးစားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးမျိုးဆက် ဒေါ်အောင်ဆန်းဆုကြည် အသက်ကြီးပေမယ့်စိတ်ဓါတ်မကြဘဲ တိုင်းပြည်ကောင်းစားရေးအတွက် လုပ်နေတဲ့ ဟံသာဝတီ ဘဘ ဦးဝင်းတင်။ တိုင်းပြည်ကောင်းစားရေးအတွက် ဘ၀နှင့်ရင်းနှီးမြှပ်နှံခဲ့တဲ့ အငြိမ်းစား စစ်ဦးစီးချုပ် ဘဘ ဦးတင်ဦးဗမာလူမျိုးတွေရဲ့အမှားကိုထောက်ပြကာ တစ်နိုင်ငံလုံး မကြောက်တရား လှည့်လည် ဟောကြားနေတဲ့ ဆရာတော် ဦးသုမင်္ဂလာနိုင်ငံကျော် လူသားတွေ ဖြစ်ပေမယ့် ပြည်သူတွေကို ကူညီဖို့ ဘ၀ကိုရင်းနှီးမြှပ်နှံထားတဲ့ ကိုကျော်သူ.. ကိုဇာဂနာ ဒို့ကျောင်းသားတွေလဲ သတ္တရှိရှိရဲဝံ့ပါတယ်၊ တိုင်းပြည်အတွက်ဆို အသက်ပါပေးထားတဲ့ ကိုမင်းကိုနိုင် နှင့်တစ်ကွ ကျောင်းသားခေါင်းဆောင်များ အခြားတိုင်းကျိုးပြည်ပြု နိုင်ငံရေးပါတီများ မြန်မာစစ်အစိုးရက မရားသဖြင့် ဒုက္ခပေးသည်ကို သည်းမခံနိုင်၍ တိုင်းတစ်ပါးတွင် ခေတ္တတိမ်းရှောင် နေရသောသူများ သူတို့တွေအခုချိန်ထိ သက်ရှိထင်ရှား ရှိနေကြသေးတယ်။ သူတို့တွေဟာ ရင်ထဲကကြောက်ရွံ့ခြင်းကို မောင်းထုတ်ကာ တိုင်းပြည်အကျိုးကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နေကြတယ်။

အားလုံးသောရဟန်းရှင်လူပြည်သားများ၊ ကျောင်းသားများနှင့်တိုင်းပြည်ကို တကယ်ချစ်သော တပ်မတော်များခင်ဗျာ မိမိနိုင်ရာတာဝန်ကို ထမ်းဆောင်ပြီး ဒို့တိုင်းပြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော တရားမျှတ၍ လွတ်လပ်စွာ တိုင်းပြည်ကို တိုးတက်စေနိုင်သာ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်ရေးကို ၀ိုင်းဝန်းကြိုးစားကြပါလို့ တောင်းဆိုလိုက်ပါတယ်။

ဒီမိုကရေစီရရှိရေး ........ ဒို့အရေး
စစ်အာဏာရှင် စနစ်ပျက် သုဉ်းရေး .................ဒို့အရေး
မတရားမှုကို အလို မရှိ အလိုရှိ တာ ဒီမိုကရေစီိ .....................................
ဒို့တွေအားလုံး တရားမျှတ၍ လွတ်လပ်စွာ တိုင်းပြည်ကို တိုးတက်စေနိုင်သာ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ ချီတက်ကြပါစို့ တိုင်းပြည်ကို တိုးတက်ကောင်းမွန်စေချင်တဲ့......
ဗမာ့သွေး