ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဦးခင်မောင်ဆွေရဲ့ လက်ရှိပြည်တွင်းမှ လှုပ်ရှားမှုအခြေအနေ နဲ့ ရန်ကုန်မြို့ အခြေအနေ...

စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ မှပေးပို့လာတဲ့ ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးခင်မောင်ဆွေရဲ့ လက်ရှိပြည်တွင်းမှ လှုပ်ရှားမှုအခြေအနေ နဲ့ ရန်ကုန်မြို့ အခြေအနေတွေ ပေးပို့လာတာကို ဖော်ပြလိုက်ပါတယ်။ လက်ရှိ ဦးခင်မောင်ဆွေတို့ အဖွဲ့ဟာ ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှလွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့ချုပ် အဖွဲ့ဝင်များကို လိုက်လံစည်းရုံးနေတယ်လို့ ဆိုပါတယ်။ အခုလက်ရှိ စစ်အစိုးရဟာ ၂၀၁၀ရွေးကောက်ပွဲမှာ နိုင်ငံတကာရဲ့ အမြင်မှာ သက်ဆိုင်ရာ အဖွဲ့အစည်း တွေပါဝင်တယ်ဆိုတာ ကိုပြသချင်နေပါတယ်။ ပြည်တွင်းမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေကို ရွေးကောက်ပွဲဝင်မယ်၊ သူတို့ပြောတဲ့ အတိုင်းလုပ်မယ်ဆိုရင် ငွေသိန်းသောင်းထောင်ချီ ပေးမယ်၊ လိုသလောက်ပေးမယ်ဆိုပြီး ပြည်တွင်းမှာ လေသံပစ်ပြီး စည်းရုံးနေတယ်လို့ ကြားသိရပါတယ်။

ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင် ဦးခင်မောင်ဆွေတို့က စင်ပြိုင်ပါတီဖွဲ့တယ်။ နောက်ပါတီရုံးခန်းတွေဖွင့်ဖို့ စည်းရုံးရေးတွေ လုပ်ဖို့ ရံပုံငွေ မရှိဘူးဆိုပြီး မီဒီယာကလေသံပစ်တယ်။ ဒီလိုလုပ်လိုက်တာဟာ စစ်အစိုးရကို တဖက်လှည့်နဲ ငွေတောင်းခံလိုက်တာပါပဲဆိုပြီး ပြည်တွင်းမှာ ပြောဆိုနေကြတယ်လို့ ဆိုပါတယ်....။ စစ်အစိုးရကလည်း NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ရင်ပြီးရော၊ နောက်နိုင်ငံတကာမှာ NLD ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုပြီး အပြကောင်းအောင် သူတို့ဒီနေ့တောင်း နောက်နေ့ပေးမှာပါပဲ။ နောက်တစ်ခုက ပြည်တွင်းမှာ ဦးခင်မောင်ဆွေတို့ရဲ့ ပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်ပွားပါတီ ဆိုပြီးပြည်သူတွေ ယောင်ဝါးကုန်အောင် သတင်းတွေလွှင့်နေပါတယ်။ ပြည်သူတွင်းမှာ ရှိနေတဲ့ NLD ပါတီဝင်တွေကို ပြောဆိုချင် တာကတော့ ဒီအချိန်မှာ တခြားသူတွေ ဖြားယောင်း ပြောဆိုကြတာ လက်မခံဖို့နဲ့ မိမိတို့ခံယူချက်တွေကို ခိုင်ခိုင်မာမာ ရပ်တည်ကြဖို့ တိုက်တွန်းချင်ပါတယ်ဟု ရေးသားပေးပို့လာပါတယ်။

နောက် ဆက်လက်ပြီး ရန်ကုန်မှာ မီးပြတ်တာ အခြေအနေဆိုးကြောင်း ဖုန်းဘက်ထရီ အားသွင်းဖို့တောင် အခက်အခဲဖြစ်နေကြောင်း.. မီးမလာ၊ ရေမရ ရာသီဥတု ပူတဲ့ အတွက်ကြောင့် ပြည်သူတွေ ရေမရှိတဲ့ အိုင်ထဲက ငါးတွေလို ဖျတ်ဖျတ်လူးနေသလို ဒုက္ခရောက်နေကြကြောင်း... ရယက ရုံးတိုင်းမှာ ရဲကင်းတွေချထားပြီး ရဲ ၂ယောက် ၃ယောက်အမြဲ ချထားကြောင်း.။ ကြံ့ဖွတ်ရုံးတွေမှာတော့ စစ်တပ်ချထားကြောင်း.. လုံထိန်းကားတွေ ယခင်ကလို မပတ်တော့ပေမယ့်... အရေးကြီးတဲ့ လမ်းဆုံလမ်းခွတွေမှာ ၂၄နာရီ လုံထိန်းတွေ ကင်းချထားကြောင်း.. တွံတေးနဲ့ ဒလမှာ ရာသီဥတု ပူပြင်းတဲ့ အတွက်ကြောင့် သောက်သုံးရေကန်တွေ ခန်းခြောက်တဲ့ အတွက် စေတနာရှင် လူမှုရေးအဖွဲ့အစည်းများမှ ရေပေးလှုနေရကြောင်း.. ရေပေးလှူတာတွေ ကန်တွေ ခန်းခြောက်တာတွေကို ဓာတ်ပုံရိုက်ဖို့ လာတဲ့ သတင်းထောက်တွေကို တင်းကြပ်စွာ တားမြစ်နေကြောင်း စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ တာဝန်ခံ ကိုမင်းဇိနက ပြောဆိုသွားပါတယ်...

စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ ကိုပြည်တွင်းမှ မျိုးချစ် တက်ကြွလူငယ်များဖြင့် ဖွဲ့စည်းထားပြီး စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့် ဖော်ထုတ်သွားဖို့နဲ့ ၂၀၁၀စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။ ယခုပေးပို့လာတဲ့ နောက်ဆုံးစာမှာ အမေရိကားမှာ လက်ရှိနေထိုင်နေတဲ့ ယခင်ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ် (ဒု)တိုင်းမှုးသား တစ်ဦးရဲ့ အချက်အလက်များ ပေးပို့ထားပါတယ်။