ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာပြည်ကလာတဲ့စာ..

မေးလ်ထဲကို ရောက်ရှိလာတဲ့ မြန်မာပြည်က စာတစ်စောင်ကို ဖော်ပြလိုက်ပါတယ်။

ကိုဒီမို ဗုံးပေါက်ခြင်းနဲ့ပက်သက်လို့ တရားခံ အပြန်အလှန် စွပ်စွဲနေကြတယ်။ တကယ်တော့ ကျတော် နားလည်သလို ပြောရရင် စစ်ဆေးချက်တွေကို ထုတ်ပြန်ကြေငြာရမယ်။ ဗုံးစလေး တစ်ခုတွေ့ရင်ကို သိရပီ ဒီလိုဗုံး ဘယ်ကလုပ်တယ်... ဘယ်သူကိုင်တတ်တယ်။ ဒါဆိုရင် အဖြေ ကတစ်ဝက်လောက် ထွက်လောက်ပီပေါ့ ဒါကို အားလုံးက ရမ်းတုတ်နေရင်... ရမ်းတဲ့သူမှာ တာဝန်ရှိသွားနိုင်တယ်။ သူတို့က ဘာမှထုတ်ပြန် ကြေငြာတာမရှိဘူး.... လွတ်ပေးထားတာ။ နောက်တစ်ခုက ရန်ကုန်မှာ တော်တော်ပူတယ်။ ရန်ကုန်သားတွေ အကျင့်တွေ မကောင်းကျလို့ ရာသီဥတုဖောက်ပြန်တယ် ပြောမယ်ဆို ပြောလို့ရတယ်။ ရန်ကုန်မှာ တော်တော်များများက မဟုတ်တာ မမှန်တာတွေကို လက်ခံလိုက်လုပ် နေကျတာပေါ့ဗျာ။ အဲဒီတော့ ကိုယ်ပြုသည့် ကံကိုယ်သာခံဆိုသလို...။ ရန်ကုန်သားတို့ ပြုသည့်ကံကို ရန်ကုန်သားတို့ ခံနေရတယ်လို့မြင်တာပဲ မကောင်းတာကို... မကောင်းဘူးလို့ ငြင်းပယ်ရမဲ့အစား ရောလိုက်ကျတယ်။

မကောင်းတာကို မကောင်းဘူးလို့ မပြောဝံ့ ကောင်းတာကို ကောင်းတယ်လို့ မပြောဝံ့ပဲ ...မသိချင် ယောင်ဆောင် နေကျတယ်။ ရှေ့ကိုလဲ ဒီလိုပဲ လာအုံးမယ် ထင်ပါတယ်။ မတရားတဲ မင်းဆိုးမင်းညစ်တွေ အုပ်ချုပ်နေတော့ မတရားမှုတို့ လွမ်းခြုံနေသော ရန်ကုန်မြို့မှာ ရာသီလဲဖောက်ပြန်ရပြီပေါ့... ကိုယ်ပြုသည့်ကံ ကိုယ်သာခံရမည်။ ဒီလိုပဲ မတရားတဲ့ ရွေးကောက်ပွဲတွေ မုန်တိုင်းတွေ ဗုံးကွဲမှုတွေဟာ အကုသိုလ် တရားတွေ များလာတာနဲ့အမျှ အပျက်အစီး အဖျက်အစီးတွေ ကြုံလာရတယ်လို့ မြင်တယ်။

ဗုံးက ဘာအမျိုးအစားဆိုတာ သူတို့မထုတ်ပြန်ဘူး.... ဆိုလိုတာက ဗုံးစ တွေမှန်တယ်။ ဒါဆို ဒီဗုံးစကို ကြည့်ရင် ဒီဗုံးက ဘယ်သူတွေသုံးလ။ဲ ဥပမာပြောတာနော်... ကရင်သုံးမယ်.. ကချင်သုံးမယ်။ ၀သုံးမယ်... တပ်မတော်လဲ သုံးမယ်ဆိုရင် အချက်အလက်တွေပေး ... သူတို့ (၄) ဖွဲ့လုံး မသကာင်္စာရင်းပဲ ဆိုရင် ရှေ့တုန်းကလဲ မထုတ်ပြန်ခဲ့ဘူး... အခုလဲမထုတ်ပြန်ဘူး .... ပြီးတော့ စီအိုင်ဒီ ရှိတယ်။ စစ်ထောက်လှမ်းရေးရှိတယ် ... သူတို့ တွေက တစ်ခုခုတော့ ပြောဖို့တာဝန်ရှိတယ်။ ရဲဘက်က ပြည်ထဲရေးပေါ့။ အသက်တွေ ဆုံးရှုံးရတာတွေ လုံခြုံရေးပေါ့စမှုကြောင့် သူတို့ကပိုတာဝန်ရှိတယ်... ။ ဘယ်သူ့လက်ချက် မသိသေးရင်လဲ .... ဘယ်သူဖြစ်နိုင်တယ် ဆိုတဲ့ကောက်ချက်တော့ ထွက်ရမယ်။ တစ်ဖွဲ့ပဲဖြစ်ဖြစ် ၂ဖွဲ့ပဲဖြစ်ဖြစ်ပေါ့..။ သူတို့ပြောရမယ်..။ အခုဟာ ဟိုလိုလိုဒီလိုလိုနဲ့ ဘာမှထွက်မလာဘူး... ဘယ်တော့မလည်း မပေါ်ဘူး။ ပေါ်ခါနီးမှ အာဏာနဲ့ လှမ်းပိတ်လိုက်တာ မျိုးလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။

နောက်တစ်ခုက ရန်ကုန်မှာနေတဲ့ သူတော်တော်များများပေါ့...။ ကျတော်ကိုယ်တိုင်ကောပေါ့ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား စည်းဆိုတာမထားတော့ဘူး။ အားကြီးတဲ့သူက အားနည်းတဲ့ သူကို နိုင်လို့ရတယ်.. နိုင်ရမယ် ဆိုတဲ့ပုံစံဖြစ်နေတယ်။
သဘောကတော့ ကားစပယ်ယာက ခရီးသည်ကိုဟောက်တယ်။ ခရီးသည်ထဲက ပြန်ပြောရဲတဲ့သူမရှိဘူး မပြောချင်တာ ဖက်မပြောချင်တာလဲ ဖြစ်နိုင်တယ်။ မော်တော်ပီကယ်က စပယ်ယာကိုဟောက်တယ်။ စပယ်ယာက ပြန်မပြောရဲဘူး။ မော်တော်ပီကယ်တွေကို စစ်တပ်ကကောင်တွေက ဟောက်တယ်။ မော်တော်ပီကယ်ပြန်မပြောရဲဘူး။ ဆိုပါတော့ ပွဲတစ်ခုခုလုပ်တယ်...။ တပ်ကလုံခြုံရေးယူတယ် ဆိုတော့တပ်က ပိုအာဏာရှိတယ်။ အဲမှာ လမ်းရှင်းတဲ့ ပရုပ်လုံးလေးတွေ လှိမ့်နေတာပေါ့။ ဟ ဟ ဟ ဟ အဆဲခံရတာနော် အမေနှမတိုင်းပြီး အဲဒီတပ်ကကောင်ကလဲ သူ့ထက်ကြီးတဲ့ကောင်လာရင် ဆဲခံရပြန်ရော။ အဲဒီမှာ ဘာဖြစ်လာလဲဆိုတော့ အားကြီးတဲ့သူက အားနဲတဲ့သူကို နဲနဲလေးတော့ နိုင်လိုက်ရမှဆိုတဲ့ စိတ်ဝင်သွားတယ်။ အဆင့်ဆင့်ပဲ နိုင်စားနေကျတယ်... အဲဒါရန်ကုန်ပဲ။

ပြီးတော့... စီးပွားရေးသမားတွေ ခုတော်တော် မျက်စိလည်နေတယ်.... ဘာလုပ်ရမှန်းမသိဘူး။ လုပ်ရကိုင်ရ တော်တော်ခက်နေတယ်။ သတ်မှတ်ချက်တွေ စည်းကမ်းချက်တွေက လုပ်လို့မရ ကိုင်လို့မရဖြစ်နေတယ်။ အရင်က သတ်မှတ်ချက် ၁၀ခုရှိမယ်။ အခု ကအသစ် ထပ်တိုးရင်တိုး အဟောင်းကို ဖြုတ်ဆိုတော့ လည်ပတ်နေတာတွေကို.. ကားတစ်စီး break ဆောင့်အုပ်သလိုပဲ ... တိုင်းပြည် မတိုးတက်တော့ဘူး။ လုပ်နေတာတွေက တလွဲတွေလဲ နေရာမှန်လူမှန် မဟုတ်တော့ ။ သွားတဲ့ ခရီးလမ်းတစ်ခုလုံးမှာ ခဏခဏ break ဆောင့်ဆောင့်အုပ်တယ်။ အဲလိုဖြစ်ကုန်တယ်.....။
ဓာတ်ပုံများ google search မှရယူပါသည်။
နောက်တစ်ခု မီးမလာတဲ့ကိစ္စလေး မီးစက် တစ်လုံးကို အကြီးစားတစ်လုံးကို တစ်ရက် ကို အနဲဆုံး ၁ ဂါလံကနေ... ၆ ဂါလံလောက် ကုန်အောင်မောင်းရတယ်။ ရန်ကုန်မြို့ရဲ့မီးစက် အလုံးရေ မနည်းဘူး။ မီးစက်တစ်လုံးကို ဒီဇယ် ၂ ဂါလံကုန်တယ်ဆိုပါဆို့ ကျပ် ၆၀၀၀ ပေါ့ အဲဒီပိုက်ဆံက အခြေခံလူတန်းစားမိသားစု တစ်စု တစ်ရက်ကနေ ၂ရက်လောက်ကို ကောင်းကောင်းစား ကောင်းကောင်း နေနိုင်တဲ့ပိုက်ဆံ။ ဒီတော့ကာ မီးစက်တစ်လုံးကို စက်နှိုးလိုက်တာနဲ့ အခြေခံ လူတန်းစား မိသားစုတစ်ခု အတွက် စားလောက်တဲ့ငွေဟာ။ အလဟသဖြစ်သွားတယ်။ တကယ်ဆို ဒီငွေကို ဒီနေရာမှာမသုံးဖြစ်ရင် အခြေခံလူတန်းစား တွေဆီရောက်သွားမယ်။ မလိုလားအပ်တဲ့ အလဟသာ နေရာတွေကို ငွေကြေးတွေ အရည်ပျော် စီးဆင်းသွားတဲ့အခါမှာ လိုအပ်တဲ့အခြေခံလူတန်းစားမှာ လိုအပ်တဲ့ငွေ စီးဆင်းမှုမရှိတော့ပဲ... ငွေစီးဝင်မှု ပြတ်တောက်လာတယ်လို့ မြင်တယ်။

နောက်တစ်ခုက အခြေခံ ငွေစက္ကူ အသေးတွေ ရှားပါးပြတ်တောက်လာတာ အလျင်မှီအောင် အသစ်ပြန်မထုတ်ပေးနိုင်တာ.. ဒီလို အာဏာရှင်က လွတ်လပ်သော တရားမျှတသော ရွေးကောက်ပွဲကို ငါးထောင်တန် အသစ်တွေ စါးရိတ် အဖြစ် သုံးပြီးကျင်းပပေးမှာလား ...၁၀၀ တန် ၂၀၀ တန် အစုတ်လေးတွေ သုံးပီးလုပ်ပေးမှာလား လည်ပတ်စရာ ငွေ စက္ကူပြတ်တောက်အောင် လုပ်တဲ့ ဒီလူတွေက ကြီးကျယ်ခမ်းနားတဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးနိုင်တဲ့ အရည်အချင်းရှိမလား။ အဲလိုလူမျိုးတွေ ၀င်ရောက်ယှဉ်ပြိုင်တာကို အခြေခံ လူမှုအဆောက်အအုံကို တည်ဆောက်လာခဲ့တဲ့ စစ်အစိုးရက နှစ်၂၀ ကျော်တိုင် မဖြည့်ဆည်း ပေးနိုင်သေးဘူး။ အဲဒီတော့ စစ်တပ်ပါဝင်တဲ့ အစိုးရတစ်ရပ်ကကော ဖြည့်ဆည်းပေးနိုင်မယ်လို့ ပြည်သူလူထုက ယုံကြည်ပါသလား။ ခေတ်နောက်ပြန်ဆွဲနေတဲ့ နေပြည်တော်ဆိုတဲ့ မင်းခမ်းမင်းနား နဲ့ ရာဇဌာနီလမ်းဆိုတဲ့ဟာတွေနဲ့ တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မှာလဲ... နေပြည်တော်ဆိုတာကို တည်ဆောက်ယူလို့ရတယ်။ ခေတ်မှီ နိုင်ငံတော်သစ်ကိုတော့ ဒီလို တည်ဆောက်ယူလို့မရဘူး။ ပြည်သူက ကြည်ဖြူစွာ ပူးပေါင်းပါဝင်မှ အဲဒီခေတ်မှီ နိုင်ငံတော်ကိုသွားလို့ရမယ်။ နေပြည်တော်ကတော့ ဟိုင်းဝေးလမ်းအတိုင်း ကီလို ၁၂၀မောင်းရင် ၄နာရီလောက်ဆိုရောက်တယ်။ အဲဒါ ခေတ်မှီ နိုင်ငံတော်သစ်ကို ရောက်တာမဟုတ်ဘူး...။ ပြည်သူတွေ မြင်တတ်ဖို့ လိုပြီလို့ထင်တယ် ။ စာလည်းရှည်သွားပြီ ကိုဒီမို အဖြီးအဖြန်းတွေ အလိမ်အညာတွေနဲ့ အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကို ရှေ့ဆက် ကြည့်ကြသေးတာပေါ့ဗျာ....။
မြန်မာပြည်တွင်းက ပေးပို့လာတဲ့စာပါ။ ပေးပို့လာသူရဲ့ခံစားချက်တွေပါ။ ကျွန်တော်မြင်တာကတော့ ရန်ကုန်သားတွေ ဆိုတာထက် တိုင်းပြည်က လူတွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးခဲ့တဲ့ စံနစ်ဆိုးကြောင့်လို့ ပြောချင်ပါတယ်။ ပြန်ပြောရရင်တော့ မုန့်လုံးစက္ကူကပ်လို ဖြစ်နေမှာပါ...။ အဓိကကတော့ တိုင်းပြည်မှာ လူမှန်နေရာမှန် မရှိတဲ့ အာဏာရှင်စံနစ်က ကလူတွေရဲ့ စိတ်ဓာတ်နဲ့ အသိတရားတွေကို ရိုက်ချိုး ပစ်ခဲ့ပါပြီ။ ဘုရားကအောက် မျောက်ကအထက်လို ဖြစ်နေတာပါ..။ တကယ့်အသိပညာရှင် အတတ်ပညာရှင်တွေဟာ သက်ဦးဆံပိုင် ဘုရင်စံနစ်ကလို ဓါးမိုးထားတဲ့ အောက်မှာ အကြောက်တရားတွေနဲ့ အလုပ်လုပ်နေကြရတယ်။ မတရားတဲ့ ရွေးကောက်ပွဲကိုလုပ်ပြီး ပြည်သူတွေကို တရွတ်တိုက်ဆွဲခေါ်သွားဖို့ လုပ်နေတာပါ။

ဒီစံနစ်ဆိုးကြီးနဲ့ အာဏာရှင်တစ်စုကို မတွန်းလှန်နိုင်ရင်တော့ အနာဂတ်မျိုးဆက်သစ်တွေနဲ့ တိုင်းပြည်အတွက် အင်မတန် ရင်လေးစရာပါ။ လောကနိယာမ တရားအရ အမြင့်ဆုံးရောက်ပြီးရင် အောက်ပြန်ကျရမှာ ဓမ္မတာပါပဲ။ ငြိမ်းခါနီးမီး ပိုတောက် လာတာလည်း ဖြစ်နိုင်ပါတယ်။ အဆိုးဆုံးတွေ ကျော်ဖြတ်လာပြီး ဖြစ်တဲ့မြန်မာပြည်သူတွေ ဒီထက်ဆိုးစရာ မကျန်တော့ပါဘူး. .. အဆိုးပြီးရင် အကောင်းတွေ ပြန်ရောက်လာတော့မယ့် အပြောင်းအလဲ အချိန်အခါကောင်း တစ်ခုမှာ ကျွန်တော်တို့ ပြည်သူပြည်သားတွေ ပြိုင်တူတွန်းလိုက်ကြပါစို့........။