ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အိုင်စီ၏ဒုတိယမြောက် တိုကျိုလိုက်ဖ်ရှိုးပွဲ ပရိတ်သတ်(၃၀၀)ကျော်သာရှိ...


တိုကျို၊ မေ(၉)

သတင်း-သန့်မျိုးထွေး

အိုင်စီအဖွဲ့၏ ဒုတိယမြောက် တိုကျိုလိုက်ဖ်ရှိုးပွဲကို ပရိတ်သတ်(၃၀၀)ကျော်သာ လာရောက် ကြည့်ရှု့ခဲ့သော်လည်း အိုင်စီအဖွဲ့၏ ပရော်ဖက်ရှင်နယ်ဆန်စွာ အားကြိုးမာန်တက် တီးခတ်မှုနှင့် အဆိုတော်များ၏ အားပါးတရ ဖျော်ဖြေမှုကြောင့် ပရိတ်သတ်၏ အားပေးမှုကို အပြည့်အ၀ ရရှိခဲ့ကြောင်း သိရသည်။

လိုက်ဒ်ရှိုးပွဲကို Caltec ကုမ္မဏီ၏ စီစဉ်မှုဖြင့် တိုကျိုမြို့ အာရက၀ါမြို့နယ်ရှိ ဆန်းပုလဲ(Sun Pearl)ခန့်မတွင် ယနေ့ညနေ(၄)နာရီခွဲမှ စတင်၍ ည(၈)နာရီခွဲအထိ ကျင်းပခဲ့ပြီး သွားရေးလာရေး အခက်အခဲကြောင့် ပရိတ်သတ်များရုံ အတွင်းဝင်ရောက်မှု နောက်ကျခဲ့အတွက် ယမန်နှစ်ကနှင့်မတူဘဲ ပထမပိုင်းကို ရိုးရှင်းစွာ ဖြင့်စတင်ခဲ့သည်။

ယခုပွဲအတွက် လိုက်ပါလာသည့် တဦးတည်းသော မိန်းကလေး အဆိုတော်ခင်ဘုဏ်းမှ စတင် ဖျော်ဖြေ ပေးခဲ့ပြီးနောက် ပရိတ်သတ်အသဲစွဲ Rဇာနည်မှ "အချစ်ရှိလား"သီချင်းဖြင့် တိုကျိုပရိတ်သတ်ကိုမိတ်ဆက်သီဆိုပေးပြီး ၄င်း၏ ပထမပိုင်း အပိတ်သီချင်းကို အဝေးရောက် မြန်မာလူငယ်များအတွက် "ကိုယ်အနားရှိစေချင်" သီချင်းကို သီဆိုပေးခဲ့သည်။ အဆိုတော်တဦးနှင့် တဦးအကြားအတွင် ပရိတ်သတ်က သူတို့စောင့်မျှော်နေသည့် လေးဖြူနှင့်မျိုးကြီးတို့၏ နာမည်များကို အော်ဟစ် တောင်းဆိုကြသည်။ ဒီနောက်တွင်

အိုင်စီအဖွဲ့၏ အလွမ်းမင်းသားဟု ခေါ်သည့် ၀ိုင်းဝိုင်းအလှည့်ဖြစ်ပြီး ၀ိုင်ဝိုင်းမှ "စည်း"၊ "လွမ်းနေဦးမယ်"၊ "တမ်းတ"သီချင်းများကို သီဆိုပြီးနောက်တွင် မျိုးကြီးမှ စင်ပေါ်တက်ရောက် သီဆိုပေးခဲ့သည်။

မျိုးကြီးသီဆိုနေချိန်တွင် ပရိတ်သတ်အချို့မှ စင်ရှေ့သွားရောက် ကခုန်ခဲ့ရာ လုံခြုံရေးတာဝန်ယူထားသူ ဂျပန်လူမျိုးများမှ ၀ိုင်းဝန်းထိန်းသိမ်းခဲ့ရပြီး ဆက်လက်ပြီး အငဲမှသီဆိုပေးခဲ့သည်။ ပထမပိုင်း၏အဆုံး၌ ပရိတ်သတ် စောင့်မျှော်နေသည့် လေးဖြူ ထွက်ပေါ်လာခဲ့ပြီး ချက်ခြင်းဆိုသလိုပင် ပရိတ်သတ် အားလုံးစင်ရှေ့သို့ ထွက်လာပြီး သူတို့ချစ်သည့် လေးဖြူကို အားပါးတရ အားပေးရာ လေးဖြူမှလည်း နောက်နှစ်များတွင် ယခုထက်ပိုသက်သာသောဈေးနှုန်းဖြင့် ပရိတ်သတ်အရေအတွက်ပိုမိုများပြားစွာ လာရောက် အားပေးသည်ကို မြင်လိုကြောင်း နှုတ်ခွန်းဆက် စကားဆိုသည်။ လေးဖြူက ယမန်နှစ်က ထက်စာလျှင် ပိုမိုပျော်ရွင်စရာ ကောင်းကြောင်း၊ ပရိတ်သတ်များ အတွက် သွားလာရေး အခက်အခဲဖြစ်သည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်းနှင့် အဆင်ပြေ ချောမွေ့သော ပို့ဆောင်ရေးရှိဖို့မျှော်လင့်ကြောင်း ဖွင်ဟ ပြောဆိုသွားပြီး အိုင်စီအဖွဲ့၏ အနှစ်(၂၀)မြောက် လိုက်ဖ်ရှိုးပွဲကျင်းပမည့် သတင်းမှာ မမှန်ကန်ကြောင်း ငြင်းဆိုသွားသည်။

"ဘ၀မှာ အရမ်းအရေးကြီးတဲ့ အချက်က အများကြီးမရှိပါဘူး၊ နံပါတ်တစ်က ကိုယ်ရဲ့ဝိဥာဉ်၊ ကိုယ့်ရဲ့လိပ်ပြာ ကိုယ့်စိတ်ချမ်းသာဖို့ကို အဓိကထား ကြိုးစားကြပါလို့။ အဲ့ဒါမှ ကိုယ်က ဘယ်နေရာရောက်ရောက် လွတ်မြောက်နိုင်မယ်၊ စိတ်ချမ်းသာနိုင်မယ်လို့ ပြောချင်ပါတယ်။ "ဟု အဝေးရောက် မြန်မာလူမျိုးများအတွက် အားပေးစကားကို မိုးသောက်ကြယ်သို့ ပြောပြသွားသည်။

အိုင်စီ၏ အသက်အရွယ် အကြီးဆုံးဖြစ်သည့် ဒရမ်တီးခတ်သူ ကိုခရမ်းက "အရင်နှစ်က ထက်စာရင်တော့ ဒီနှစ်သုံးတဲ့စက်တွေက ပိုကောင်းတယ်ဗျ၊ ပိုအားရတယ်ပေါ့ဗျာ။ တီးရတာ နည်းနည်းဖီးလ် ရှိတယ်ဗျ၊ နောက်နှစ် တွေမှာလည်း လာရောက်ဖျော်ဖြေဖို့ကို မျှော်လင့်ထားတဲ့အတွက် စီစဉ်သူတွေနဲ့ ညှိနှိုင်းနေပါတယ်"ဟု ယခုနှစ်ကျင်းပသော ပွဲအတွက် ၄င်း၏ခံစားချက်ကို ပြောပြသည်။

ဒုတိယပိုင်း အရောက်တွင် ခင်ဘုဏ်းကပင် စတင်ဖျော်ဖြေရာ သူမ၏ဖက်ရှင် ဒီဇိုင်းဆန်းဆန်း ၀တ်ဆင်ထားမှုကြောင့် ပရိတ်သတ်၏ လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့ပြီး ပထမပိုင်းနည်းတူ Rဇာနည်၊ ၀ိုင်ဝိုင်းတို့မှ အလှည့်ကျ ဖျော်ဖြေပြီးနောက် အိုင်စီအဖွဲ့၏ နာမည်ကျော်သုံးဦးအတွဲဖြစ်သည့် လေးဖြူ၊ အငဲနှင့်မျိုးကြီးတို့မှ တယောက်တလှည့်စီ အိုင်စီ၏ စတိုင်လ်အတိုင်း အပြိုင်သီဆို ဖျော်ဖြေကြသည်။

တယောက်နှင့် တယောက် ဖျော်ဖြေမှုကြားတွင် ပလေယာများ၏ တကိုယ်တော် လက်စွမ်းပြ တီးခတ်မှုလည်း ပါဝင်ခဲ့ပြီး "အိုး ဒီဇင်ဘာ"သီချင်းကို သီဆိုမှုတွင် အ၀င်အထွက် အနည်းငယ်မှားယွင်း မှုရှိခဲ့ခြင်းမှတပါး စီရီးခွေများတွင် နားဆင်ရသည့် အသံအတိုင်း မျိုးကြီး၏သီဆိုနိုင်မှုကို ပရိတ်သတ် အကြိုက်ဆုံးဖြစ်ခဲ့သည်။

လိဒ်ဂီတာသမားလည်းဖြစ် အသံဖမ်းအင်ဂျင်နီယာ တဦးလည်းဖြစ်သည့် ချစ်စမ်းမောင်မှ မြန်မာရိုးရာဂီတနှင့် အနောက်တိုင်းဂီတ သံစဉ်နှစ်ခုကိုတွဲဖက်၍ သံစဉ်အသစ်များ ဖန်တီးလာမှုအပေါ် "သူတို့လွတ်လွတ်လပ်လပ် Createလုပ်တာပေါ့နော်၊ တချို့ လိုက်ဖက်တာတွေ ရှိသလို၊ တချို့ကလည်း မလိုက်ဖက်ဘူးပေါ့နော်၊ ဒါပေမဲ့ ခေတ်ရေစီးကြောင်း အရတော့ ကျနော်တို့ အဲ့လိုလုပ်တာကို အားပေးပါတယ်၊ ကျနော်တို့ဆိုလည်း တခါတလေ ရိုးရာ(Traditional)နဲ့ ရော့ခ်ကို ပေါင်းတီး တာတွေရှိပါတယ်၊ ဒါတွေက ပရိတ်သတ်ကို အအီပြေအောင်ဆိုတဲ့သဘောပေါ့၊ ဒါပေမဲ့ တဖက်စွန်းရောက်အောင် လုပ်တာတွေကတော့ သိပ်နားထောင်လို့မကောင်းဘူး" ဟုဝေဖန်သုံးသပ် ပြောဆိုသွားသည်။

အဆုံးပိတ်အဖြစ် လေးဖြူနှင့်မျိုးကြီး၏ "အိမ်ကိုပြန်ခဲ့တော့"သီချင်းကို နှုတ်ဆက်သီဆိုပေးပြီး ယနေ့ပွဲမှာ ပရိတ်သတ် အရေအတွက်အားဖြင့် အခြားပွဲများထက်စာလျှင် နည်းပါးသည်ဟု ဆိုနိုင်သော်လည်း မြန်မာပြည်၏ နံပါတ်တစ်ဟု သတ်မှတ်၍ ရနိုင်သည့် အိုင်စီအဖွဲ့၏ ပရော်ဖက်ရှင်နယ်ဆန်စွာ ဖျော်ဖြေ တီးခတ်သီဆိုမှုများကြောင့် ပရိတ်သတ်၏ အားပေးမှုကို အပြည့်အ၀ ရရှိခဲ့ကြောင်းသိရသည်။