ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

Hip Hop လူမှုရေး သူရဲကောင်းများ.....

Photobucket


သား - မောင်ကျော်သူ သို့ အမေ့လက်ဆောင် (၉ - ၉ - ၂၀၀၄) ဟူသော အမေ လူထုဒေါ်အမာ ရေးသားထားသည့် “မြန်မာ့မဟာဂီတ” စာအုပ်ကို ကျွန်တော်ပြန်လည် ဖတ်ရှုမိသောအခါ ကျွန်တော်၏ စိတ်အာရုံထဲတွင် အတွေးတစ်ချက်ရသွားသည်။ အမေကတော့ မြန်မာလူမျိုးတို့၏ ဂီတ .. မဟာဂီတ .. ရှေးသီချင်းကြီး သီချင်းခံတို့၏ ပေါ်ပေါက်လာမှု၊ ရပ်တည်မှု၊ ဖြစ်တည်မှု ဂုဏ်ယူဖွယ်ရာတို့ကို စေတနာ အရင်းခံ၍ ဂီတအကြောင်း ထဲထဲဝင်ဝင် ရေးသားထားသည်။

ကျွန်တော်သည် ဂီတနှင့် ကျွမ်းကျင်မှု၊ ရင်းနှီးမှု၊ နားလည်မှုတို့ မရှိခဲ့ရိုးအမှန်။ ဂီတကို နားဆင်ရန်၊ ခံစားရန်သာ ၀င်ဆံ့ခဲ့သည်။ သို့သော် အမေ့ရဲ့စာကို ဖတ်ပြီးသည့်နောက် ကျွန်တော်၏ အတွေးတစ်ချက်သည် နောက်ကြောင်းရာဇ၀င် တို့ကို ပြန်လည်ရောက်ရှိသွားသည်။ ဤတွင် ယခု စာစုတို့ ပေါ်ပေါက်လာခဲ့တော့သည်။ နာရေးကူညီမှုကို (၁၀) နှစ်တာ ကာလအချိန်အထိ ရင်းနှီးထိတွေ့မှုတို့ကြောင့် နာရေးနှင့် ပတ်သက်သော အတွေးဟု ဆိုလျှင် မမှားပေ။

အမေ့၏ စာထဲတွင် .. လူမျိုးတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ရှိတဲ့ထဲမှ ကိုယ်ပိုင်ဂီတဆိုင်ရာ ယဉ်ကျေးမှုများလည်း အသီးသီးရှိကြသည်။ ဒါကိုပဲ ကိုယ့်အစဉ်အလာ၊ ကိုယ့်အမွေအနှစ်၊ ကိုယ်ပိုင်ပစ္စည်းပေမို့ ဒါကို အခြေခံပြီး ခေတ်ကာလနှင့်အညီ တိုးတက်ပြောင်းလဲ၍ ကောင်းနိုးရာရာများကို ထပ်လောင်း ဖန်တီးကြရသည်။ ဒါဟာ လူ့အစဉ်အလာ လူ့ဓမ္မတာပါ။ ဂီတဆိုတာ လူတို့ရဲ့ နားသောတ အကြားအာရုံနဲ့ ပတ်သက်ပြီး လူတို့ခံစားနိုင်အောင် လူက တီထွင်ကြံဆ ဖန်တီးထားတဲ့ လူ့ယဉ်ကျေးမှုတစ်ရပ်ပင်။ ဒီ လူ့ယဉ်ကျေးမှုကို လူက လူပေါ်စကတည်းက လုပ်ဆောင်ခဲ့ခြင်းပင် … ဟု ရေးသားဖော်ပြထားသည်။ ထို့ပြင် ရှေးဦး ရှေးခေတ်လူသားများသည် သစ်တုံးအချင်းချင်း တီးခေါက်တဲ့အသံ၊ သစ်ရွက်နှစ်ခုကို ညှပ်ပြီး မှုတ်တဲ့အသံမှ အစပြု၍ ခရုသင်းကို မှုတ်ကြည့်ရာမှ ထွက်လာသောအသံ။ ပျော်၍ဖြစ်စေ၊ ကျောက်ဂူဝမှာ လသာနေလို့ဖြစ်စေ စိတ်ကူးပေါက်ရာ အသံထည့်ပြီး ရေရွတ်သီဆိုခဲ့ရာမှ တစ်ဆင့်ပြီး တစ်ဆင့် ဂီတသံစဉ်တို့ တိုးတက်လာခြင်း ဖြစ်သည်ဟု ပါရှိသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အတိတ်ကာလမှ ယနေ့တိုင် ပြောင်းလဲလာသော ဂီတများကို လေ့လာကြည့်ပါက ရှေးသီချင်းကြီး သီချင်းခံ (ခေါ်) မဟာဂီတမှ အစပြု၍ ခေတ်ဟောင်းကာလပေါ်၊ ခေတ်ပေါ်စတီဒီယို စသဖြင့် ဂီတသံစဉ်တို့ ပြောင်းလဲလာသကဲ့သို့ အဆိုပိုင်းတွင်လည်း နတ်သျှင်နောင်၊ ဘုန်းကြီးပေ၊ ဦးပေါ်ဦး၊ ဦးဖူးခေါင်၊ ဦးမှန်း၊ ဒေါ်အောင်ကြည်မှ စ၍ ဦးမြကြီး၊ ပြည်လှဖေ၊ ဦးမင်းနောင်၊ ဦးတင်လှိုင်၊ တွံတေးသိန်းတန်၊ တိုင်းကျိုးပြည်ကျိုးပြု သီချင်းများ ဘာသာရေး သီချင်းများ ဗုဒ္ဓ၀င် သီချင်းများကို သီဆိုပူဇော်ခဲ့သော ဒေါ်မာမာအေး၊ ဒေါ်ချိုပြုံး၊ ဒေါ်ရီရီသန့်၊ ဒေါ်တင်တင်မြတို့ အပြင် မင်းမင်းလတ်၊ ဘိုဘိုဟန်၊ မြန်မာပြည်သိန်းတန်၊ သန်းနိုင်၊ စိုးပိုင်၊ ထူးအိမ်သင်၊ မန္တလေးသိန်းဇော်၊ ဂျေမောင်မောင်၊ ဂျေညီညီ၊ မေခလာ၊ ကော်နီ၊ နီနီဝင်းရွှေ၊ မီမီဝင်းဖေ၊ စိုင်းထီးဆိုင်၊ ဇော်ဝင်းထွဋ်၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချမ်း၊ ဂျေမီတို့အဆုံး ဂီတသမိုင်းကြောင်း ဂီတရာဇ၀င် မှတ်တိုင်အသစ်များ စိုက်ထူပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ခေတ်စနစ်အရ ပြောင်းလဲမှုပင် ဖြစ်တော့သည်။

မည်ကဲ့သို့ မြန်မာ သံစဉ်ပဲဖြစ်ဖြစ်၊ ခေတ်ဟောင်း သီချင်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင် သံစဉ်ပဲဖြစ်ဖြစ်၊ Rock ဂီတပဲဖြစ်ဖြစ်၊ Hip Hop ပဲဖြစ်ဖြစ် … အားလုံးတို့သည် ဂီတပင်ဖြစ်တော့သည်။ ဂီတဟု သတ်မှတ်နိုင်သည်။

ဤတွင် ကျွန်တော်၏အတွေး … နာရေးအတွေးကို တင်ပြပါတော့မည်။ ဆင်းရဲ၊ ချမ်းသာ၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ မိတ်ဆွေရန်သူမရွေး အားလုံးတို့သည် သေခြင်းတရားကို မလွန်ဆန်နိုင်ပေ။
ထိုကြောင့် စာပေသမားလည်း … သေမှာပဲ။
ရုပ်ရှင်သမားလည်း … သေမှာပဲ။
သဘင်သမားလည်း … သေမှာပဲ။
ပန်းချီသမားလည်း … သေမှာပဲ။
ဂီတသမားလည်း … သေမှာပဲ ဖြစ်တော့သည်။
ဒါ့ကြောင့် … မသေခင် ဘာလုပ်ကြမှာလဲ။
သေသွားရင်တော့ နောက်ဆုံးတော့ … မီးခိုးနဲ့ပြာ။
ပါသွားမှာက … သရဏဂုံနဲ့ သီလ၊ ကုသိုလ် အကုသိုလ်တို့ပင် ဖြစ်တော့သည်။



သီလဟုဆိုရာတွင် ဒါနနှင့် ဘာဝနာတို့သည် အကျုံးဝင်သည်ဖြစ်၏။ ဒါနသည် လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်းမည်၏။ မိမိ၏ ငွေကြေးနှင့် လှူဒါန်းခြင်း၊ မိမိ၏ အသံနှင့် ပူဇော်ဒါနပြုခြင်း၊ မိမိ၏ ရုပ်နှင့် ဒါနပြု ကုသိုလ်ယူခြင်း၊ မိမိ၏ ရေးသားမှုဖြင့် ပူဇော်ကန်တော့ခြင်း၊ မိမိ၏ ရေးချက်ဖြင့် လှူဒါန်းပူဇော်ခြင်း၊ မိမိ၏ ခန္ဓာအား လှူဒါန်းခြင်း စသဖြင့် ဂီတ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ပန်းချီ ပန်းပု ပညာရှင်တို့များစွာ ရှိခဲ့ပေသည်။ မိမိတို့၏ ဂီတပညာဖြင့် ရှာဖွေထားသော သမာအာဇီဝဖြင့် ရရှိသော ငွေကြေးတို့ကို လှူဒါန်းကြကုန်သော ဒေါ်တင်တင်မြ၊ ကွယ်လွန်သွားပြီဖြစ်သော အဆိုတော် စိုင်းထီးဆိုင်အား ရည်စူး၍ ကျန်ရစ်သော မိသားစုအလှူ၊ ကွယ်လွန်သူ ဖခင်ကြီး ဦးခင်မောင်ညွှန့်အား ရည်စူး၍ လှူဒါန်းကြသော ဒေါ်မြင့်မြင့်ခင်နှင့် မေဆွိတို့ မိသားစု၊ အဆိုတော် Lလွန်းဝါတို့ ဇနီးမောင်နှံ၊ အဆိုတော် အီတိုးတို့ ဇနီးမောင်နှံ၊ အဆိုတော် ဖြိုးမောင်မောင်(Example)၊ ကီးဘုတ် ဗညားနိုင်(Icon Cross)၊ အဆိုတော် ဂျေညီညီနှင့် ဇနီး၊ အဆိုတော် ဂျေညီမလေး၊ သရုပ်ဆောင်အဆိုတော် ထွန်းအိန္ဒြာဗိုလ်တို့ မိသားစု အဆိုတော် မေခလာ … စသဖြင့် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)အား လှူဒါန်းမှုများ ရှိခဲ့ပါသည်။


အဆိုတော် L လွန်းဝါနှင့် ဇနီးတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းပုံ





ထို့ပြင် မိမိ၏ အသံ၊ အရုပ်တို့ဖြင့် ပူဇော်လှူဒါန်းမှု ပြုလုပ်ခဲ့သည်သာမက မိမိ၏ ခန္ဓာအား လှူဒါန်းခြင်းဖြစ်သော မျက်ကြည်လွှာ လှူဒါန်းထားသော အဆိုတော် ဒေါ်ချိုပြုံး (အန်တီချို)နှင့် ဂီတသံစဉ်သီချင်းဖြင့် ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ကျူးရင့်ခဲ့သော အဆိုတော်များစွာ ရှိခဲ့ပါသည်။ အထက်ပါ လှူဒါန်းမှုအစုစုတို့သည် ကျွန်တော် လက်လှမ်းမီသလောက်၊ ကြုံတွေ့ခဲ့ရသလောက် ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ ထို့ပြင် လွန်ခဲ့သော ၃ နှစ်ခန့်က အဆိုတော် မေရွက်ဝါနှင့် အဆိုတော် စိုးပိုင်တို့သည်လည်း One Men Show ဂီတပွဲတော်ကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပ၍ ရရှိသော ၀င်ငွေများကို ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းမှုများ ကျင်းပပေးခဲ့ဖူးပါသည်။

လေးစားဦးညွှတ်လျှက်ပါ … ကိုစိုးပိုင်နှင့် မမေရွက်ဝါ


ယခု ကျွန်တော်တင်ပြချင်သော အကြောင်းအရာမှာကား ဂီတသံစဉ်တို့သည် ခေတ်စနစ်နှင့်အညီ ပြောင်းလဲမှုများ ရှိခဲ့သလို ခေတ်ဟောင်း ခေတ်သစ် ဂီတပညာရှင်တို့သည်ကား မိမိတို့၏ တတ်စွမ်းသော ဂီတပညာဖြင့် လူမှုရေး (မြတ်ဗုဒ္ဓအလိုကျ လူမှုခရီးသွားတို့၏ လုပ်ဆောင်ချက်)တို့ကို ထောက်ပံ့လှူဒါန်းမှု ဒါနအကြောင်းပင် ဖြစ်တော့သည်။

ဂီတစွမ်းအားသည် . . . လူထုအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသည်။
လူထုအပေါ် ပြောင်းလဲမှုများ ဖြစ်ပေါ်စေသည်။
လူထုအပေါ် အမြင်မှန်များ ရရှိစေသည်။
အဆုံးစွန်ပြောရသော် … လူထု၏ အယူသည်းမှုများကို ပြောင်းလဲပစ်နိုင်စွမ်း ရှိတော့သည်။


ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၀၁ ခုနှစ်မှစ၍ ကူညီပံ့ပိုးမှုများ လုပ်ကိုင်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ ပံ့ပိုးပေးနိုင်ခဲ့သည်။ သို့ရာတွင် အယူသည်းမှုများ၊ ဒိဌိအယူစွဲများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ ကျွန်တော်ကိုယ်တိုင် မိမိ၏ ရုပ်ရှင်အနုပညာလောကမှ အချို့သော သူတို့၏ အယူသည်းမှုတို့ကြောင့် ရုပ်ရှင်မရိုက်ချင် မတွဲချင်သော ထုတ်လုပ်သူ မင်းသား မင်းသမီးများနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုစဉ်က ကျွန်တော် ဘဘဦးသုခအား ဤသို့သော အကြောင်းအရာကို သွားရောက်ရင်ဖွင့်ဖူးခဲ့ပါသည်။ ဘဘသည် အပြုံးကလေးနှင့်သာ တုံ့ပြန်ခဲ့သည်။ ထိုစဉ်က ကျွန်တော် သဘောမပေါက်မိခဲ့ပါ။ ယခုအချိန်တွင် ဘဘ၏ အပြုံးကို ကျွန်တော် ကောင်းကောင်းကြီး သိခဲ့သည် ဖြစ်တော့သည်။ ကျွန်တော်တို့ ရုပ်ရှင်လောကမှ ဤသို့သော အယူစွဲများရှိသော်လည်း ဂီတလောကမှ ရဲရဲတောက် ပံ့ပိုးမှု၊ ဒါနပြုမှု၊ ပေးဆပ်မှုတို့ကို ကြုံတွေ့ခဲ့ရပြန်သည်။ အချို့သော မိမိတို့၏ ရုပ်ရှင်လောကသားများအစား အရှက်ရခဲ့ ရသည်။

ဂီတဖြင့် ပေးဆပ်ခဲ့ရပုံကို ပြောပြခဲ့ရသော် … ၂၀၀၆ ခုနှစ်ခန့်က ကျွန်တော်တို့၏ အသင်းဆောင်ပုဒ် ဖြစ်သော “မြတ်ဗုဒ္ဓအလိုကျ လူမှုခရီးသွားကြသူများ” ဟူသော ဆောင်ပုဒ်ကို တေးရေး/တေးဆို စိုးသိင်္ခသည် ကျွန်တော်တို့၏ အသင်းသားတစ်ဦးဖြစ်သော ညီဂျော်ထံမှ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လက်ကမ်းစာစောင်ကို တွေ့ရှိရာမှ စတင်ခဲ့ပါသည်။

စိုးသိင်္ခသည် အသင်းမှ ထုတ်ဝေသော ပေးဆပ်ကြသူများနှင့်၊ ဗြဟ္မစိုရ်နှလုံးသားနှင့် ခရီးသွားကြသူများ စာအုပ်ကို ဖတ်ရှုကြည့်ရာမှ သီချင်းရေးလိုစိတ် ဖြစ်ပေါ်လာ၍ ကျွန်တော်နှင့် ဆက်သွယ်မိတော့သည်။ သူ သီချင်းရေးမည်။ အဆိုရှင်ကို မေတ္တာရပ်ခံ၍ ဆိုခိုင်းမည်။ ကျွန်တော်တို့ အသင်းလုပ်ဆောင်ချက် CD ချပ်များတွင် နောက်ခံသီချင်းအဖြစ် ထည့်မည်စသဖြင့် အတွေးစများ ကျွန်တော် ပေါ်ပေါက် လာတော့သည်။ ကျွန်တော်၏ အတွေးစများကို လက်တွေ့အကောင်အထည် ဖော်ကြရာတွင် အဆိုတော် မငယ် (မေခလာ) မှ အားတက်သရော တက်ကြွစွာ ပါဝင်ခဲ့သည်။ ဒုတိယ သီချင်းကို ကွယ်လွန်သွားပြီဖြစ်သော အဆိုတော် နှင်းဧကရီမှ စိုးသိင်္ခနှင့် တွဲဖက်သီဆိုပေးခဲ့သည်။ ဒါတွေဟာ Pop, Rock သမားတို့၏ ဒါန ကုသိုလ်အပိုင်းပင် ဖြစ်တော့သည်။

လေးစားဦးညွှတ်လျှက်ပါ … မငယ် (မေခလာ)၊ နှင်းဧကရီနှင့် စိုးသိင်္ခ။



ထို စိုးသိင်္ခနှင့် မေခလာသီချင်း၊ စိုးသိင်္ခနှင့် နှင်းဧကရီသီချင်းတို့ ပါဝင်သော (အလှူရှင်များကို အခမဲ့ ပေးဝေငှသည့်) CD ချပ်မှာ အလွန်အောင်မြင်မှု ရရှိကာ ခိုးကူးခွေအဖြစ် ရောင်းချမှုများပါ ကြုံတွေ့ခဲ့ရသည်။ ဤ အောင်မြင်မှုကား ကျွန်တော်တို့၏ အယူသည်းမှု တိုက်ဖျက်ရေး အောင်မြင်မှုပင် ဖြစ်တော့သည်။

ထိုစဉ်က ဤ VCD ချပ်ကို ကျွန်တော်၏ ရုပ်ရှင်လောကထဲမှ သွေးသောက်လက်တွဲဖော် “အဓိပတိဘွား” မှ (Edit) ကားဆက်ပေးခဲ့ပါသည်။ ကျေးဇူးတင်ပါသည် … သူငယ်ချင်း သွေးသောက် “အဓိပတိဘွား”။

နာရေးကူညီမှု၊ လူမှုရေးလုပ်ငန်းဟု ဆိုရာတွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အသက်ကြီးငယ်မရွေး၊ ထမ်းဆောင်ပေးဆပ်မှုတို့ကို လိုအပ်သည်။ လူမှုရေးလုပ်ငန်းကို မျိုးဆက်သစ်များ ပါဝင်လှုပ်ရှားလုပ်ကိုင်ခြင်းသည် တိုင်းပြည်အတွက် မင်္ဂလာရှိသော၊ အလားအလာကောင်းသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။

ထို့ကြောင့် ဒုတိယအကြိမ်မြောက် ကျွန်တော်ထပ်မံ၍ စဉ်းစားမိသည်။ ယနေ့ ခေတ်လူငယ်များကို စိုးမိုးလှုပ်ကိုင်နေကြသော Rapper များ၊ Hip Hop ဂီတသံစဉ်များနှင့် လွှမ်းခြုံကာ အယူသည်းမှုတိုက်ပွဲ ထပ်မံဆင်နွှဲရန် ဖြစ်တော့သည်။

ပထမဦးစွာ … ကျွန်တော်တို့၏ အသင်းသား ကိုကိုဦးမှ တစ်ဆင့် ကိုကိုဦး၏ ညီတော်စပ်သူ ချစ်စိုးနှင့် အဆက်သွယ်ရကာ Hip Hop ဂီတဖန်တီးမှုကို အကောင်အထည် ဖော်မိတော့သည်။ သူတို့၏ သံစဉ်၊ သူတို့၏ စာသားများသည် ကျွန်တော်တို့၏ နှလုံးသားထဲသို့ တည့်မတ်စွာ ပစ်သွင်းလိုက်သည့် ထက်မြက်စူးရှသော မြှားတစ်စင်းပင် ဖြစ်တော့သည်။ ပထမ သီချင်းတွင် Hip Hop၊ Rapper သမား (၁၀) ဦး သီဆိုပေးခဲ့သည်။ ကိုယ်ဆိုမည့် သီချင်းအပိုဒ်ကို ကိုယ်တိုင် ရေးသား၍ ဆိုခဲ့ကြသည်။ ထို Hip Hop ဂီတဖြင့် ပေးဆပ်ခဲ့ကြသော လူမှုရေးစိတ်ဓါတ်ရှိသော လူဆန်သော လူပီသသော မျိုးဆက်သစ် သူရဲကောင်း များမှာ - အနဂ္ဃ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ အာ- တီ၊ ဘိုလေးနှင့် ပြည်သာ၊ ဂျီတုန်း၊ သုတ (Cyclone) တို့ဖြစ်ပါသည်။

မျိုးဆက်သစ် Hip Hop သူရဲကောင်းတို့၏ အတွေးအမြင်များ
Hip Hop အဆိုတော် အနဂ္ဃရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)အပေါ် အမြင်
ကျွန်တော်တို့ရဲ့ နာရေးကူညီမှုအသင်းမှာ လုပ်နေကြတဲ့ ညီငယ် ညီမငယ်တွေ လူကြီးတွေ ဒီထက် ဒီထက် အသက်ကြီးတဲ့ လူတွေ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ထမ်းဆောင်တဲ့ လူတွေအများကြီးရှိတာ တွေ့ရတယ်။ ကျွန်တော်လည်း သူများတွေရဲ့ ဈာပနတွေမှာ တွေ့မိတယ်။ သြော် .. ကိုယ်ကျတော့ ဘာမှ မကူညီဘူးလား ဆိုတဲ့အတွေးမျိုး ကိုယ်ကိုယ်တိုင်လည်း ပြန်မေးမိတဲ့ မေးခွန်းရှိတယ်။ ဒီလို သီချင်းမျိုလေး ဆိုလိုက်ရတော့ ကျွန်တော် သီချင်းစာသားကလည်း အရမ်းဆိုးသွမ်းတဲ့ လူတစ်ယောက်တောင် နောက်ဆုံး သေသွားခဲ့မယ် ဆိုရင်တောင်မှ ဒီ အသင်းကြီးက ကူညီပေးတယ်ဆိုတဲ့ အဲလို ပုံစံမျိုးလေး ကျွန်တော် ဆိုထားတာပါ။ ကျွန်တော်က အသင်းဝင်တစ်ယောက် မဟုတ်ပေမယ့် အသင်းရဲ့တာဝန်တွေကို ကိုယ်တိုင် မထမ်းဆောင်နိုင်ပေမယ့် လက်ဆင့်ကမ်းအနေနဲ့ ဒီလောက်လေး ထမ်းဆောင်ပေးရတဲ့အတွက် ကျွန်တော် ၀မ်းသာပါတယ်။ ဒီလိုမျိုးအသင်းတွေ ရန်ကုန်မှာ ရှိလာတယ်ဆိုတော့ ဒါဟာ ၀မ်းသာစရာပါ။ လူတစ်ယောက်ရဲ့ စိတ်သောက ရောက်နေချိန်မှာ ကူညီပေးတယ်။ လုပ်ပေးတယ်။ လိုလေးသေးမရှိ လှည့်ကြည့်စရာ မလိုအောင် အဲလိုလုပ်ပေးကြတယ် ဆိုတော့ ကိုယ့်အတွက် သွားရမယ့် လမ်းကြောင်းလည်း စိတ်အေးရတယ်လို့ ပြောလို့ရတယ်။ နောက်တစ်ခုက ဒါမျိုးလုပ်တဲ့အတွက်လည်း တရားရစရာ တစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ ကျွန်တော်က သီချင်းကို အဓိကထားပြီးတော့ ပထမဦးစားပေး စဉ်းစားတာပေါ့။ သူများတွေကတော့ သွားမယ် လာမယ် ငိုမယ် ရယ်မယ် ဒါပဲ။ ကျွန်တော်ကတော့ ဒီလိုမဟုတ်ဘူး။ ကျွန်တော်တို့ ဒီ ကူညီမှုတွေ တွေ့တဲ့အခါ လူဆန်မှု ရှိကြတယ်ဆိုတာကို ကျွန်တော် မြင်ရတယ်။ လူဆန်မှု ရှိတယ်ဆိုတာကလည်း ကျွန်တော် တစ်ယောက်တည်း ရှိနေလို့ မရပါဘူး။ အားလုံး ရှိမှရမှာပါ။ အပြင်လောကကို ဒီ Message လေးပေးတော့ ပိုပြီး ၀မ်းသာစရာပါ။ ပြီးတော့ ဒီသီချင်းဆိုမယ် ဆိုကတည်းက ဒီ Message လေးအပြင်ကို ရောက်သွားခဲ့မယ်ဆိုရင် “သြော် … အေး … ဒီကောင်လည်း ပါတာပဲ။ ဒီကောင်ကို ကြည့်ရတာ ဒီပုံစံတော့ မဟုတ်ဘူး။ ဒါမျိုးလေးလည်း လုပ်ပေးတာပဲ။ မဆိုးလောက်ပါဘူး။” အဲလောက်လေး ကိုယ့်အပေါ်ကို ဘာမှ မရဘူးဆိုရင်တောင်မှ ကဲ့ရဲ့ ချီးမွမ်းခြင်း တစ်ခုလောက် အဖတ်တင်သွားရင်ဘဲ ကိုယ်က ၀မ်းသာပီတိ ဖြစ်ရတာပေါ့။ အကျိုးရှိတဲ့အဖွဲ့အစည်း၊ လူ့အကျိုးကို သယ်ပိုးမယ့်အဖွဲ့အစည်း၊ လူကို မနှိပ်စက်မယ့် အဖွဲ့အစည်းဆိုရင်တော့ ဒီအဖွဲ့ တစ်ဖွဲ့တည်းတင် မဟုတ်ပါဘူး။ နောက်ထပ်အဖွဲ့တွေ သန်းနဲ့ချီ လိုအပ်ပါတယ်။ လူကို နှိပ်စက်နေမယ့် အဖွဲ့အစည်းကိုလည်း ကျွန်တော်တို့အဖွဲ့အစည်းတွေက တိုက်ဖျက်နိုင်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘာလို့လဲ ဆိုတော့ လူကို နှိပ်စက်မယ့် အဖွဲ့အစည်း ကမ္ဘာမှာ ပထမ၊ ဒုတိယ ကမ္ဘာစစ်ဖြစ်ပြီး ကတည်းက ဒီလို အကြမ်းဖက်မှုမျိုးတွေ မလိုချင်တော့တာ လူတွေရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်နေပြီ။ လူ့အကျိုးကို သယ်ပိုးတဲ့ အဖွဲ့အစည်း အကုန်လုံးကို ကျွန်တော်တို့က Welcome ပါ။ ကြိုဆိုပါတယ်။ ကိုယ်ကူညီခွင့် ရတယ်ဆိုရင်လည်း ကူညီသွားဦးမှာပါ။

Hip Hop အဆိုတော် ဂျေမီရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)အပေါ် အမြင်

ဒီသီချင်းထဲမှာ အများကြီးတော့ မဟုတ်ဘူးပေါ့လေ တစ်ယောက်ကို တစ်ကြောင်းနှစ်ကြောင်းနဲ့ (၄)ဘား (၅)ဘား စာလောက်ပဲရှိတာပါ ဒီထဲမှာ ဘယ်လိုခံစားမှုမျိုး ရှိလည်းဆိုတော့ အမှန်ဆုံးဟာပေါ့ ဘယ်သူမှမလုပ်လည်း ငါလုပ်မယ်ဆိုတာပေါ့ အဲဒီလိုမျိုး ရည်ရွယ်ပြီး Point Of View ကနေရေးထားတာပါ ဒီအလုပ်က ဂုဏ်ယူစရာပါ မတတ်နိုင်တဲ့လူတွေ မြေပဲမြှုပ်မြှုပ်၊ မီးပဲရှို့ရှို့ အဲ့လိုမတတ်နိုင်တဲ့လူတွေအတွက် ကူညီပေးနေတယ်ဆိုတော့ ဒီလို အသင်းမျိုး များများရှိသင့်ပါတယ် ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ရင် ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ တတ်နိုင်သလောက် လူတွေအတွက် တစ်ခုခုလုပ်ပေးရမဲ့တာဝန် အကုန်လုံးမှာ ရှိတယ်လို့တော့ ကျွန်တော်ထင်ပါတယ် ဒီလိုအသင်းအဖွဲ့မျိုး များများရှိဖို့လည်း ကျွန်တော်ဆုတောင်းပေးနေပါတယ်။ အခုဒီနာရေးကူညီမှုအသင်း(ရန်ကုန်)က အခမဲ့ဖြန့်ဝေတဲ့ DVD အခွေလေးမှာ ကိုယ်ပိုင်အနုပညာနဲ့ ပါဝင်ကူညီခွင့်ရခဲ့တဲ့အတွက်လည်း ကျွန်တော်အများကြီး ၀မ်းသာပါတယ်၊ ကျွန်တော့်အနေနဲ့ အချိန်လည်းရှိခဲ့မယ် သီချင်းကောင်းတစ်ပုဒ်ဖြစ်လာအောင် မကြိုက်မချင်းပြုလုပ်နိုင်မဲ့ အခွင့်အရေးရှိခဲ့မယ်ဆိုရင် နောက်ထပ်ကူညီဖို့ ကျွန်တော်ဝန်မလေးပါဘူး။ လူငယ်တစ်ယောက်အနေနဲ့ ဒီနာရေးကူညီမှု လုပ်ငန်းပေါ်မှာ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ကူညီခွင့်ရခဲ့လို့ရှိရင် အစွမ်းကုန် ကူညီပေးမှာပါ။ ကျွန်တော်ကိုယ်တိုင် ဘယ်လိုသေမလည်း ဆိုတာမသိဘူး၊ လူငယ်တွေကို ကျွန်တော် ပြောချင်တာကတော့ ပရဟိတလုပ်ငန်း တွေမှာပေါ့နော် များများဝင်ရောက် ကူညီ လုပ်ကိုင် ပေးသင့်တယ်ပေါ့၊ အတင်းကြီးတော့ မလုပ်ခိုင်းပါဘူး။ လုပ်ပေးနိုင်ရင် ပိုကောင်းတယ် လို့ ပြောချင်ပါတယ်။

နာရေး Hip Hop သီချင်းဖြစ်ပေါ်လာအောင် Rapper (၁၀)ဦးအား စုစည်းအကောင်အထည်ဖော်ပေးသူ
Hip Hop အဆိုတော် ချစ်စိုးရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)အပေါ် အမြင်


ကျွန်တော့်ကို နာရေးကူညီမှုအသင်းသား ကိုကိုဦးက ဦးမောင်နဲ့မိတ်ဆက်ပေးတာပါ၊ သုခကုသိုလ်ဖြစ်ဆေးခန်းတို့ နာရေးကူညီမှုအသင်း တို့ကို လေ့လာဖို့ခေါ်သွားပါတယ် ကျွန်တော့်ကိုဦးမောင်က အေးအေးဆေးဆေးရှင်းပြတယ် သေတယ်ရှင်တယ်ဆိုတာ ကြီးတာငယ်တာနဲ့ မဆိုင်ဘူး၊ ဆင်းရဲ၊ချမ်းသာတာနဲ့လည်း မဆိုင်ဘူး နာမည်ကြီးတာ နာမည်မကြီးတာနဲ့လည်း မဆိုင်ဘူး အချိန်မရွေးလူတိုင်း သေနိုင်တယ် သေတဲ့ကိစ္စမှာ အခက်အခဲတွေ အများကြီးရှိတယ် ဒီလိုအခက်အခဲတွေကို ကူညီပေးနေတဲ့ ဒီအသင်းကြီးကို ကျွန်တော်တို့လူငယ်တွေ အနေနဲ့ ဘယ်လိုကူညီနိုင်မလည်းပေါ့ ဒီလိုကူညီဖို့အတွက်ကျွန်တော်တို
့မှာ အခက်အခဲတွေရော၊ အတွေးအခေါ်တွေရော အများကြီးရှိတယ်၊ ဒီနာရေး Hip Hop သီချင်းဖြစ်ဖို့အတွက် ကျွန်တော်တစ်ယောက်တည်း လုပ်ဖို့ စဉ်းစားတယ်၊ ဒါပေမဲ့တစ်ယောက်တည်း ဆိုရင် Personal အရမ်းဆန်သွားလိမ့်မယ် အများနဲ့လုပ်မှ လူငယ်ဆိုတဲ့ပုံ ပိုပေါက်သွားမယ် ကျွန်တော်တို့ လူငယ်တွေကလည်း နာရေးကူညီမှုအသင်းကို စိတ်ဝင်စားကြပါတယ်၊ လူငယ်ဆိုတဲ့သဘောက ပျော်မယ်ပါးမယ် ဆိုတာထက် လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတာ ပြချင်လို့ သူငယ်ချင်းတွေကို လိုက်မေးကြည့်တယ် တချို့ပြောပြီး မပါဖြစ်တဲ့ လူတွေလည်းရှိတယ်။ အသံသွင်းတဲ့နေ့ကျမှ ရောက်လာပြီး ဆိုဖြစ်သွားတဲ့ လူတွေလည်းရှိတယ် အဓိကကတော့ အဲ့ဒီ ရည်ရွယ်ချက်နဲ့ စလုပ်ဖြစ်တယ်၊ လူငယ်တွေ အကုန်လုံးပါဝင်ပြီး ကောင်းတဲ့အလုပ်ကို ကူညီတာ ဒါကျွန်တော်တို့ အားလုံးရဲ့ အဓိကရည်ရွယ်ချက်ပါ။ ဒီ Hip Hop သီချင်းကို မရေးခင် တီးတဲ့အပိုင်းအရင်ဆုံး စဉ်းစားလိုက်တာက ကျွန်တော်နဲ့ Professional လုပ်ဖူးတဲ့ ကိုကြီးကျော်ဆီကိုသွားတယ် သူကလည်း အားတက်သရောနဲ့ ရတယ် ကူညီမယ် ဆိုပြီးတော့ လိုက်ဖက်တဲ့ Beat ကို သူရှာပေးတယ် သူ့မှာလည်းသီချင်းနှစ်ပုဒ်ရှိတယ်ပေါ့ တစ်ပုဒ်က ပုံမှန်၊ တစ်ပုဒ်က Tambling ဖြတ်ထားတယ် Psycho ဆန်တဲ့ Tune တစ်ခုကိုပြန်တီထားတာ သီချင်းလေးနဲ့လိုက်တယ်ပေါ့ Rap စာသားလည်း ကောင်းကောင်းရေးလို့ရတဲ့ ပုံစံမျိုးလည်း သူကရွေးပေးလိုက်တယ် Cho: အပိုဒ်ကျတော့ ဘိုလေးနဲ့ ကျွန်တော် နှစ်ယောက် ရေးတယ် ဒီသီချင်းမှာပါတဲ့ လူတွေ နာမည်ကျွန်တော်ပြောပြမယ်၊ ကျွန်တော်(ချစ်စိုး)ပါတယ်၊ J Me ၊ ချမ်းအေးဝင်း၊ ဘိုလေး၊ ချိုချို၊ - အနဂ္ဃ၊ အားတီ၊ Cyclone က သုတ၊ G Tone၊ ပြည်သာ၊ အားလုံး (၁၀)ယောက် ပါတယ်။ ကိုယ်ဆိုမဲ့ အပိုဒ်ကို ကိုယ့်ဟာကို ရေးကြတယ်။ အားလုံးတစ်ရက်တည်း စတူဒီယိုမှာ စုလိုက်တယ်။ ချက်ချင်းရေးပြီးတော့ ချက်ချင်းသွင်းကြတယ်၊ အိမ်တစ်အိမ်မှာ နာရေး ကြုံလာပြီဆိုရင် ဆုံးသွားတဲ့ လူအတွက် ပထမ ၀မ်းနည်းတယ်။ ဝေယျာဝစ္စတွေလုပ်ရတယ်။ အမျိုးတွေကို သတင်းပေးရတယ်၊ အခက်အခဲတွေ အများကြီးရှိတယ်။ နာရေးကူညီမှုအသင်းရှိတဲ့အတွက်၊ အခက်အခဲတွေ အများကြီးအဆင်ပြေသွားတယ်၊ ကျွန်တော့်သူငယ်ချင်းတွေရဲ့ အဖိုးတို့၊ ဘာတို့ဆုံးတုန်းကလည်း ဒီ နာရေးကူညီမှု အသင်းကြီးကပဲ အကူအညီ ပေးခဲ့တာပါ။ သူတို့ကိုယ်တိုင်လည်း ပြောပြတယ်။ ဒီအသင်းကြီးရှိလို့ တော်တော် အဆင်ပြေသွားတယ်ပေါ့ ဒီလိုမျိုး စကားသံတွေ ကြားနေရတယ်။ မြင်ရတယ်။ ဒီအသင်းက လူတွေ လိုအပ်နေတဲ့ ကွက်လပ်လေးကို ဖြည့်ပေးတာပါ။ ကျွန်တော်က ဆရာဝန်လောင်း တစ်ယောက်ပါ။ ကျွန်တော် နက်နက်နဲနဲ တွေးဖူးတာ တစ်ခုရှိပါတယ်။ ဒီအတိုင်း ကြည့်ရင်တော့ မျက်စိရှေ့မှာ မြင်နေရတာဘဲ သေသေချာချာသိတော့မှ ပိုပြီး မြင်တတ် လာတာပါ၊ အသင်းရဲ့ လုပ်ဆောင်ချက် DVDကို ဦးမောင်က ကျွန်တော့်ကို အရင်ပြတယ်။ အဲ့ဒီ အခွေထဲမှာလည်း တကယ်ကူညီ ထားတဲ့ ဟာတွေကို Documentary ရိုက်ထားတာကို ကျွန်တော်ကြည့်ရတယ် အခွေကို ကြည့်ပြီးတဲ့အခါ ကျွန်တော် ပိုပြီးတော့ တွေးခေါ်တတ်လာတယ်။



လေးစားဦးညွှတ်လျှက်ပါ … Hip Hop သူရဲကောင်းများ။
ဤတစ်ကြိမ်တွင် DVD အချပ်ကို ကျွန်တော်၏ ရဲဘော်တစ်ဦးဖြစ်သော ကိုဖြိုးမှ (Edit) ကားဆက်ပေးခဲ့ပါသည်။ ကျေးဇူးကမ္ဘာပါ ကိုဖြိုး … ။


ဒါတွေဟာ … သူတို့ရဲ့ နှလုံးသား … ခံယူချက်
သူတို့ရဲ့ နှလုံးသား … ပေးဆပ်မှု
သူတို့ရဲ့ နှလုံးသား … ဒါနတရားတို့ပင် ဖြစ်တော့သည်။

ဤကဲ့သို့ မျိုးဆက်သစ်များ၏ ရဲရဲတောက် ပေးဆပ်မှု၊ နားလည်မှု၊ စည်းရုံးမှုတို့သည် အနာဂတ်ပန်းတိုင်အတွက် အဖိုးမဖြတ်နိုင်သော အတိတ် နိမိတ်ပင် ဖြစ်သည်။

ဤတွင် ကျွန်တော်တို့၏ လူ့သက်တမ်းကို ပျမ်းမျှ (၇၅) နှစ် ခန့်မှန်းခြေထားရှိသော် -



ထို့ကြောင့် ကျွန်တော်သည် လူ့ဘ၀တွင် နေထိုင်ရန် ရက်ပေါင်း (၈၀၀၀) ကျော်ကျော်သာ လိုတော့သည်။
ဤသည်မှာ ပျမ်းမျှချိန်ဆ တွက်ချက်မှုပင် ဖြစ်သည်။ ဤရက် ဤအချိန် မတိုင်မီ ရောဂါဝေဒနာကြောင့်၎င်း၊ ထိခိုက်မှုကြောင့်၎င်း၊ မိမိတို့၏ လူ့သက်တမ်းကုန်ခဲ့သော် သင့်တို့အတွက် ဘာများကုသိုလ် လုပ်ရပ်များ လုပ်ဆောင်ပေးခဲ့ ပြီးပြီနည်း … ? ဟု မေးစရာ ပေါ်လာတော့သည်။

နောက်ဆုံးတော့ … မီးခိုးနဲ့ ပြာ
ပါသွားမှာက … သရဏဂုံသီလ၊ ကုသိုလ်၊ အကုသိုလ်တို့ပင် ဖြစ်သည်။

ထို့ကြောင့် အဆုံးသတ်ရသော် …

Classic သမားလည်း . . . သေမှာပဲ။
Pop သမားလည်း . . . သေမှာပဲ။
Rocker ကြီးလည်း . . . သေမှာပဲ။
R & B ကြီးလည်း . . . သေမှာပဲ။
Hip Hop တွေလည်း . . . သေမှာပဲ။
ကျော်သူ ကြီးလည်း . . . သေမှာပဲ။


ဒါကြောင့် ကမ္ဘာမြေပြင်ပေါ် ရောက်တုန်းရောက်ခိုက် မိမိတို့ တတ်စွမ်းသော အနုပညာဖြင့် ပေးဆပ်လိုကြသော ပရဟိတ သူရဲကောင်း အနုပညာသမားများကို ကြိုဆိုလျှက် . . . .

(ကျွန်တော့်အား မျိုးချစ်စိတ်ဓါတ်၊ ဘာသာရေးနှင့် လူမှုရေး အသိစိတ်ဓါတ်များကို လမ်းပြပို့ဆောင်မှုများ ပေးခဲ့သော ကွယ်လွန်သွားပြီ ဖြစ်ကြသော အမေ လူထုဒေါ်အမာ နှင့် ဘဘ ဦးသုခတို့အား ဦးထိပ်ပန်ဆင်လျှက် )


တစ်ချိန်က .. သရုပ်ဆောင် ဒါရိုက်တာ
ကျော်သူ
( 1959 - 20?? )
ပေးပို့ပေးတဲ့ ပြည်သူ့ဂုဏ်ရည် ဆုရှင်ဦးကျော်သူအား အထူးကျေးဇူးတင်ပါသည်။