ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နာဂစ်မုန်တိုင်းနှစ်နှစ်ပြည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ တိုကျို၌ပြုလုပ်

တိုကျို၊ မေ(၂)
သတင်း-သန့်မျိုးထွေး
၂၀၀၈ခုနှစ် မေလ(၃)ရက်နေ့တွင် ဧရာဝတီနှင့်ရန်ကုန်တိုင်းတို့တွင် တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုက်ကလုန်း မုန်တိုင်းကြောင့် သေဆုံးခဲ့သူများအတွက် အောင့်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ-ဂျေအေစီ၏ ဦးဆောင်မှုဖြင့် တိုကျိုမြို့၊ တိုရှိးမားမြို့နယ်ရှိ Komagome Bunka Centreတွင် ယနေ့မနက်(၉)နာရီ၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆုတောင်းပွဲကို ဂျပန်ရောက် မြန်မာလူမျိုး(၅၀)ကျော် တက်ရောက်ခဲ့ပြီး ဗုဒ္ဓဘာသာမှ ဆုတောင်းမေတ္တာ ပို့သခြင်းကို တိုကျိုမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းမှ တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိမှ ပရိတ် တရားနာ ရွတ်ဖတ်ပူဇော်၍ မုန်တိုင်းကြောင့် ကွယ်လွန်သွားခဲ့သူများကို ဆုတောင်းမေတ္တာပို့သ အမျှပေးဝေ၍ တက်ရောက်သူများအား တရားနာချီးမြှင့်ခဲ့ပြီး.... ခရစ်ယာန်ဘာသာမှ ဆုတောင်းခြင်း အစီအစဉ်ကို (OKOJ)မှ ဆရာစောလှကြည်က ဆောင်ရွက်ပေးခဲ့သည်။

လူသားအားလုံး၏ ငြိမ်းချမ်းရေးရရှိဖို့နှင့် လူသားအချင်းချင်း ချစ်ခြင်းမေတ္တာဖြင့် တဦးပေါ် တဦး သဘောထားနိုင်စေရန် မည်သည့်ဘာသာနှင့်ဖြစ်ပါစေ အတူလက်တွဲ၍ လုပ်ဆောင်လိုခြင်းကြောင့် ယခုလို နာဂစ်အထိမ်းအမှတ် ဆုတောင်းပွဲကို တက်ရောက်ရခြင်း ဖြစ်ကြောင်း ဆရာစောလှကြည်မှ ပြောပြသွားသည်။

"စစ်အစိုးရက သူတရဲ့ သြဇာအာဏာ တည်တံ့ခိုင်မြဲဖို့နဲ့ အချုပ်အခြာအာဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ ဘာမဆိုလုပ်ရဲတယ်၊ ဒါ့ကြောင့် နာဂစ်မုန်တိုင်းရဲ့ ဘေးဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေ ခက်ခဲမှုဒုက္ခများစွာကို ကြုံတွေ့နေရပေမဲ့ ဒီအရေးကို အဓိကမထားဘဲ အာဏာတည်မြဲရေးကိုသာ လုပ်ဆောင်နေတာမို့လို့ ပြည်သူတွေကိစ္စကို အရေးမထားခဲ့တာ" ဟု၎င်းက ဆက်လက်ပြောပြသည်။

နာဂစ် တိုက်ခတ်သွားပြီးနောက် (၂)နှစ်ပြည့်မြောက်သွားပြီ ဖြစ်သော်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ပြန်လည်အခြေချနေထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေးအပြင် ရေသန့်ရရှိရေးနဲ့ ကျန်းမာရေးအခြေခံ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ကြောင်းသိရပြီး ဂျေအေစီမှ ယန်းတစ်သန်းကျော်ကို မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပေးပို့လှူဒါန်းခဲ့သလို ဆက်လက်၍လှူဒါန်းရန် ယန်းတစ်သန်းကျော် ကျန်ရှိနေသေးကြောင်း ဂျေအေစီမှ တာဝန်ခံတဦးဖြစ်သည့် ကိုစောမျိုးခိုင်ရှင်းက ပြောပြသွားသည်။

အစ္စလမ်ဘာသာမှ ဆုတောင်းပေးသူ ဦးလှမောင်ကလည်း "ဒီနေ့ နာဂစ်အထိမ်းအမှတ်အဖြစ် ဆုတောင်း ပေးရတဲ့အခါမှာ ကျနော်အင်မတန်မှ ကြေကွဲဝမ်းနည်ရပါတယ်။ ဒီလိုကျနော်တို့ တိုင်းပြည်မှာ လူတသိန်းခွဲလောက် သေသွားရတယ် ဆိုတာက မင်းကျင့်တရားနဲ့မညီတဲ့ မင်းဆိုးမင်းညစ်တွေ ပြည်သူကို မတရား ညှင်းပန်းနှိပ်စက်ရင် သီးနှံတွေမဖြစ်ထွန်းဘူး၊ သားငါးတွေရှားပါးမယ်။ သဘာဝ ဘေးအန္တရယ်တွေဖြစ်မယ်။ ကျနော်တို့ ဘာသာမှာရှိပါတယ်။ ဒီလိုလူတွေများစွာ သေခဲ့တာဟာ မင်းဆိုးမင်းညစ်တွေ အုပ်ချုပ်နေလို့ဆိုတာ ကျနော်ယုံကြည်ပါတယ်"ဟု နာဂစ် တိုက်ခတ်သွားခြင်းကို ၄င်း၏ ဘာသာရေးအမြင်ဖြင့် သုံးသပ်ပြောဆိုသွားသည်။